Main menu

Background

တစ်နှစ်လျှင် နှစ်သီးစိုက်ပျိုးခြင်းမှ သုံးသီး ပြောင်းလဲစိုက်ပျိုးကြပါစို့

Tue, 07/18/2023 - 11:47 -- journal_editor

မြန်မာနိုင်ငံသည် စိုက်ပျိုးရေးကို အဓိကထားလုပ်ကိုင်သည့် နိုင်ငံဖြစ်သည့်အတွက် ဆန်စပါးကို အဓိကထားစိုက်ပျိုးကြသလို ပဲကိုလည်း ဒုတိယဦးစားပေး၍ စိုက်ပျိုးဆောင်ရွက်သည့် နိုင်ငံ တစ်နိုင်ငံဖြစ်သည်။ မြန်မာနိုင်ငံတွင် နေထိုင်ကြသော လူဦးရေ အများအပြားတွင် ၇၀ ရာခိုင်နှုန်းမှာ စိုက်ပျိုးသူ တောင်သူများ ဖြစ်ကြောင်း သိရှိရသည်။ မြန်မာနိုင်ငံရှိ တောင်သူလယ်သမားများ အနေဖြင့် စပါးစိုက်ပျိုးရိတ်သိမ်းပြီးလျှင် ပုံမှန်အားဖြင့် ပဲသီးနှံနှင့် အခြားသီးနှံများ  ဆက်လက်စိုက်ပျိုးကြသည်။  ယခုအချိန်တွင် တစ်နှစ်ကို စပါးပြီးပဲ နှစ်သီးစိုက်ပျိုးခြင်းမှ စပါးပြီး ပဲ၊ ပဲပြီး ပဲဟူ၍ သုံးသီးပြောင်းလဲ စိုက်ပျိုးနေကြောင်း သိရသည်။
ပြည်ခရိုင်  ပြည်မြို့အတွင်းရှိ  ငါးရွာကျေးရွာအုပ်စုတွင် တစ်နှစ်ကို သုံးသီးစိုက်ပျိုးသော စိုက်ကွင်းသို့ ပြည်ခရိုင် ဦးစီးမှူး ဦးမင်းဆွေနှင့်အဖွဲ့သည် ဇွန် ၂၃ ရက် နံနက်ပိုင်းတွင် ကွင်းဆင်း၍ လေ့လာခဲ့ရာ လတ်တလောအနေဖြင့် စပါး၊ မတ်ပဲနှင့် ပဲတီစိမ်း (ရွှေဝါ) သီးနှံများကို စမ်းသပ်စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။ 
တစ်နှစ်ကို သုံးသီးရရှိနိုင်ရန် ပထမသီးနှံအဖြစ် ဇူလိုင်လဆန်း မှ အောက်တိုဘာလကုန်အထိ ရက် ၁၂၀  သက်တမ်းရှိ စပါးမျိုး ကိုလည်းကောင်း၊ ဒုတိယသီးနှံအဖြစ် မတ်ပဲကို နိုဝင်ဘာလဆန်းမှ ဇန်နဝါရီလကုန်အထိ လည်းကောင်း၊ တတိယသီးနှံအဖြစ် မိုးကြို ပဲတီစိမ်းကို မတ်လ ဒုတိယပတ်မှ ဇွန်လ ဒုတိယပတ်အထိ လည်းကောင်း စမ်းသပ်စိုက်ပျိုးလျက်ရှိရာ အောင်မြင်မှုရရှိကြောင်း သိရသည်။ ပထမသီးနှံဖြစ်သောစပါးကို စိုက်ပျိုးရာတွင် ဇွန်လအတွင်း ပျိုးဗန်းဖြင့်ပျိုးထောင်၍ ဇူလိုင်လဆန်းတွင် စတင်စိုက်ပျိုးသည်။ စိုက်ပျိုးသည့်စပါးမျိုးမှာ ချမ်းမြေ့မေစပါးမျိုးဖြစ်ပြီး မျိုး(CS) အဖြစ် စိုက်ပျိုးထုတ်လုပ်ကြောင်း သိရသည်။ ချမ်းမြေ့မေစပါးမှာ တစ်ဧက လျှင် တင်း ၁၀ဝ နီးပါးခန့်ထွက်ရှိ၍ မျိုးပေးထားသည့် ကုမ္ပဏီမှလည်း ထွက်ရှိလာသည့် စပါးများကို တစ်တင်းလျှင် ကျပ် ၁၈၀ဝ၀ နှုန်းဖြင့် ပြန်လည်ဝယ်ယူသည်။ ချမ်းမြေ့မေစပါး  စိုက်ပျိုးသော တောင်သူများအနေဖြင့် တစ်တင်းလျှင် ကျပ် ၁၈၀ဝ၀ ဖြင့် ပြန်လည် ရောင်းချရသဖြင့် တစ်ဧကဝင်ငွေအနေဖြင့် ကျပ် ၁၈ သိန်းခန့်ရရှိ သည်။ တစ်ဧကစိုက်ပျိုးထုတ်လုပ် ကုန်ကျစရိတ်အနေဖြင့် ကျပ် ခုနစ်သိန်းခန့်ကုန်ကျပြီး၊ အသားတင်အကျိုးအမြတ်အနေဖြင့် ကျပ် ၁၁ သိန်းခန့်ရရှိကြောင်း သိရသည်။
ဒုတိယသီးနှံအဖြစ် မတ်ပဲကိုစိုက်ပျိုးရာတွင် စိုက်ပျိုးသော မျိုးမှာ ရေဆင်းမျိုးကိုသာ စိုက်ပျိုးပြီး တစ်ဧက  ပျမ်းမျှအထွက် နှုန်းအနေဖြင့် ၁၆ တင်းခန့်ထွက်ရှိသည်။ ယခုနှစ်တွင် မတ်ပဲဈေးများ ကောင်းမွန်သဖြင့် တစ်တင်းလျှင် ကျပ်   ၄၇၀ဝ၀ ခန့်ရရှိ၍ တစ်ဧက လျှင် ခုနစ်သိန်းခွဲခန့် ဝင်ငွေရရှိသည်။ မတ်ပဲစိုက်ပျိုးရာတွင် တစ် ဧက စိုက်ပျိုးထုတ်လုပ်ကုန်ကျစရိတ်အနေဖြင့် ပျမ်းမျှ ကျပ် နှစ်သိန်း ခန့် ကုန်ကျသည့်အတွက် အသားတင် အကျိုးအမြတ်အနေဖြင့် တစ်ဧကလျှင် ကျပ် ငါးသိန်းခွဲခန့်ရရှိကြောင်း လေ့လာသိရှိရသည်။
တတိယသီးနှံအဖြစ် ပဲတီစိမ်းကို  ဒေသမျိုးသာ စိုက်ပျိုးပြီး တစ်ဧကလျှင် ပျမ်းမျှအထွက်နှုန်းမှာ  ၁၂ တင်းခန့်  ထွက်ရှိသည်။ ပဲတီစိမ်း တစ်တင်းလျှင်  ကျပ် ၄၀ဝ၀ဝ နှုန်းရောင်းချရသဖြင့် တစ် ဧကဝင်ငွေမှာ လေးသိန်းရှစ်သောင်းကျပ်ခန့်ရရှိပြီး တစ်ဧက စိုက်ပျိုးထုတ်လုပ် ကုန်ကျစရိတ်အနေဖြင့် ကျပ်နှစ်သိန်း ကုန်ကျသဖြင့် အကျိုးအမြတ်အနေဖြင့် ကျပ်နှစ်သိန်းကျော်ခန့်ရရှိကြောင်း သိရသည်။ တစ်နှစ်သုံးသီးစိုက်ပျိုးသူ တောင်သူများအနေဖြင့် တစ်နှစ် ပျမ်းမျှဝင်ငွေမှာ ကျပ် ၁၈၅၀ဝ၀ဝ ကျော် ရရှိနိုင်မည်ဟု ခန့်မှန်း သိရှိရသည်။
စိုက်ပျိုးသီးနှံများ၏ လိုအပ်သော သွင်းအားစုများဖြစ်သည့်  ဓာတ်မြေသြဇာ၊ ပိုးသတ်ဆေးတို့ကို အပြည့်အဝသုံးစွဲပြီး အဓိက လိုအပ်ချက်ဖြစ်သည့် ရေကို ဒေသသဘာဝအရ ရေလျှံတွင်းများမှ ရရှိပြီး ရေသွင်းရေထုတ် လိုအပ်သလို စီမံဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။
တစ်နှစ်သုံးသီး စိုက်ပျိုးနေခြင်းအား ကွင်းဆင်းလေ့လာရာတွင် တွေ့ရှိချက်များမှာ ပုံမှန်စပါးနှင့် မတ်ပဲနှစ်သီးသာ စိုက်ပျိုးခြင်းထက် သုံးသီးစိုက်ပျိုးပါက တစ်ဧက  အကျိုးအမြတ်ရရှိကြောင်း၊ မျိုးကောင်းမျိုးသန့်များ အသုံးပြုလျက်ရှိပြီး သွင်းအားစုများ စနစ်တကျထည့်သွင်းအသုံးပြုကြောင်း၊ သွင်းအားစု ထည့်သွင်း အသုံး ပြုရာတွင် ပထမသီးနှံဖြစ်သည့် စပါးတွင် အသုံးပြုထားသော သွင်း အားစုများမှာ လယ်မြေအတွင်း အာဟာရဓာတ်များ ကျန်ရှိနေမှု ကြောင့် ဒုတိယစိုက်ပျိုးမည့် မတ်ပဲသီးနှံများအတွက် အကျိုးရရှိပြီး တတိယစိုက်ပျိုးမည့် ပဲတီစိမ်းသီးနှံအတွက် အနည်းငယ်သာ အသုံးပြုရ၍ သီးနှံတစ်ခုချင်းအလိုက် သွင်းအားစုများ ထည့်သွင်း သုံးစွဲရမှုထက် ပိုမိုသက်သာမှုရှိကြောင်း သိရသည်။
စပါးနှင့် ပဲများစိုက်ပျိုးရာတွင် ရေလိုအပ်ချက်အတွက် ယခု လယ်မြေတွင် သဘာဝရေလျှံတွင်းများရှိ၍ အဆင်ပြေသော်လည်း အချို့တောင်သူများအနေဖြင့် သုံးသီးစိုက်ပျိုးနိုင်ရန်အတွက် စိုက် ပျိုးသည့် လယ်မြေအနီးတွင် သဘာဝမြစ်ချောင်းနှင့် ဆည်မြောင်း လက်တံများလိုအပ်သလို  မြစ်ချောင်းနှင့်  ဆည်မြောင်းလက်တံ များမရှိသော စိုက်ပျိုးမြေအနီးတွင် ကိုယ်ပိုင်အဝီစိတွင်းများရှိရန်လိုအပ်ကြောင်း၊ သီးနှံများအားလုံးသည် သဘာဝရာသီဥတုကိုမှီခို၍ စိုက်ပျိုးရခြင်းဖြစ်သဖြင့် မိုးခေါင်းခြင်း၊ မိုးများ၍ရေကြီးခြင်း၊ ရေလျှံ ခြင်းများနှင့် သဘာဝဘေးအန္တရာယ်များ ကျရောက်ပါက ဆုံးရှုံးမှုရှိနိုင်သဖြင့် သုံးသီးစိုက်ပျိုးရန်အတွက် စိုက်ပျိုးမြေနေရာသည် ရေတော်၊ မိုးတော်ဖြစ်၍ ရေလိုအပ်ခြင်း၊ သဘာဝအရင်းအမြစ်ဖြစ်သော မြစ်ချောင်းများ သို့မဟုတ် ဆည်မြောင်းလက်တံများရှိသည့် နေရာဖြစ်ရန်လိုအပ်ကြောင်း တွေ့ရှိရသည်။
တစ်နှစ် သုံးသီးစိုက်ပျိုးခြင်းနှင့် ပတ်သက်၍ သက်ဆိုင်ရာ စိုက်ပျိုးရေးဌာနမှ နည်းပညာနှင့် စိုက်နည်းစနစ်များအား ပညာ ပေးခြင်းနှင့် သရုပ်ပြလယ်ကွက်များဖြင့် တောင်သူများသို့လက်တွေ့ ပြသ၍ စိုက်ပျိုးလာစေရန် စည်းရုံးဆောင်ရွက်ခြင်း၊ ဆည်မြောင်း လက်တံဘေးလယ်ယာများနှင့် သဘာဝအရင်းအမြစ်ရှိသည့် လယ်ယာများတွင် တစ်နှစ်လျှင် သုံးသီးစိုက်ပျိုးသည့် အလေ့အထကို ဆောင်ရွက်စေခြင်း၊ စိုက်ပျိုးမည့်သီးနှံ မှန်ကန်စွာရွေးခြယ်၍ အရည်အသွေးကောင်း အထွက်နှုန်းကောင်းသီးနှံဖြစ်ပြီး ရာသီဥတုကိုပါ ချိန်ညှိနိုင်ဖို့လိုအပ်သည်။ ကျွမ်းကျင်လုပ်သားများ လုံလောက်စွာရှိ၍ ထွက်ကုန်သီးနှံများအား အချိန်အခါမီ ထွက်ပေါ် နိုင်ရန် ပြုပြင်ထိန်းသိမ်းပြီး ရိတ်သိမ်းခြွေလှေ့ခြင်း လုပ်ငန်းအတွက်ပါ ကြိုတင်ပြင်ဆင်ထားရန် လိုအပ်သည်။ သုံးသီးစိုက်ပျိုးသူ တောင်သူများကို နိုင်ငံတော်ကလည်း လိုအပ်သည်များ ပံ့ပိုးဆောင်ရွက်ပေးခြင်း၊ ထွက်ရှိမည့် သီးနှံများအတွက် ဈေးကွက်ရရှိရေးနှင့် ဈေးကောင်းသည့် သီးနှံများကို ရွေးခြယ်၍ စိုက်ပျိုးသင့်ကြောင်း အကြံပြုလိုသည်။
စိုက်ပျိုးသူတောင်သူများအနေဖြင့်  တစ်နှစ်လျှင် ပုံမှန်နှစ်သီး စိုက်ပျိုးခြင်းမှာ အကျိုးအမြတ်နည်းပြီး  သုံးသီးစိုက်ပျိုးခြင်းမှာ အကျိုးအမြတ်များစွာ  ရရှိသည့်အတွက် တောင်သူများအတွက် တွက်ခြေလည်းကိုက်သလို နိုင်ငံတော်အနေဖြင့်လည်း ပိုလျှံသီးနှံ များကို နိုင်ငံခြားသို့ တင်ပို့နိုင်မှာဖြစ်ပြီး နိုင်ငံခြားဝင်ငွေများ ပိုမို ရရှိလာမည်ဖြစ်သည်။ ပြည်တွင်းလယ်ယာကဏ္ဍ ဖွံ့ဖြိုးရေးလုပ်ငန်း များလည်း ပိုမိုတိုးတက်လာပြီး ကုန်သွယ်မှုလုပ်ငန်းများလည်း တိုးတက်လာ၍ အလုပ်အကိုင် အခွင့်အလမ်းကောင်းများလည်း ရရှိ လာမည်ဖြစ်သဖြင့် တောင်သူများအနေဖြင့် တစ်နှစ်လျှင် နှစ်သီးမှ သုံးသီးသို့ ပြောင်းလဲစိုက်ပျိုးသင့်ပါကြောင်း ရေးသားတင်ပြလိုက်ပါ သည်။ 
ဝေဝေမင်း(ပြည်)