မြန်မာအမည် - ရုံးပတီပင်
ရုက္ခဗေဒအမည် - Hibiscus esculentus
အင်္ဂလိပ်အမည် - Lady's finger
မျိုးရင်း - Malvacear
ရုံးပတီသီးကို ဟင်းချက်စားရာတွင် လည်းကောင်း၊ မီးကင်၍ အတို့အမြုပ်အဖြစ်လည်းကောင်း၊ ပြုတ်၍လည်း ကောင်း စားသုံးကြသည်။ ရုံးပတီသီးကို အစိမ်းအတိုင်းလည်း စားသုံးကြသလို ကြော်ချက်ပြီးလည်း စားကြသည်။ သီးစုံဟင်း ချက်ရာတွင် သူမပါလျှင် မဖြစ်ပေ။ တချို့က ရုံးပတီသီးကို မီးဖုတ်၍ ငရုတ်ဆီဖြင့်လည်း တို့စားကြသည်။ ရုံးပတီသီးကို ပုစွန်ခြောက်နိုင်နိုင်ဖြင့် နှပ်၍လည်း စားသုံးလေ့ရှိကြသည်။ ရုံးပတီသီးသည် ချွဲပျစ်သောသဘောရှိသည်။
မူရင်းဒေသ
ရုံးပတီပင်၏ မူရင်းဒေသမှာ အရှေ့တောင်အာရှနှင့် အာဖရိကဒေသဟု ယူဆကြသည်။ ၁၂ ရာစုနှင့် ၁၃ ရာစု လောက်က အီဂျစ်လူမျိုးများ စတင်စားသုံးခဲ့ကြောင်း သိရ သည်။
အပင်နှင့် အသီးအမျိုးအစား
ရုံးပတီပင်ကို အပင်အနိမ့်အမြင့်ပေါ် မူတည်၍ အပင် မြင့်မျိုး၊ ပင်လတ်မျိုးနှင့် ပင်ပုမျိုးဟူ၍ ခွဲထားသည်။ အသီးကိုမူ ဆူးပါမျိုး-အမြောင်းပါမျိုး၊ အသီးချောမျိုး၊ အသီးစိမ်းမျိုးနှင့် အသီးနီမျိုးဟူ၍ရှိသည်။ စာရေးသူတို့ ဒေသတွင်မူ အမြောင်း ပါသော အသီးစိမ်းမျိုးများကိုသာ တစ်ပိုင်တစ်နိုင် စိုက်ပျိုးလေ့ ရှိကြသည်။
စိုက်ပျိုးမည့်လနှင့် ဒေသ
ရုံးပတီပင်သည် ဝါ၊ ချဉ်ပေါင်ပင်တို့နှင့် မျိုးရင်းတူဟု သိရသည်။ စီးပွားဖြစ် စိုက်ပျိုးသူများအနေဖြင့် စတင်စိုက်ပျိုး သင့်သော လမှာ ကဆုန်လမှ နယုန်လ၊ သီတင်းကျွတ်လမှ တန်ဆောင်မုန်းလတို့ဖြစ်သည်။ ထို့ကြောင့် ယခုရာသီသည် ရုံးပတီစိုက်ရာသီလည်းဖြစ်သည်။ ဖြစ်ထွန်းဒေသမှာ အပူ လျော့ပိုင်းဒေသနှင့် အပူပိုင်းဒေသများတွင်ဖြစ်သည်။
စိုက်ပျိုးမြေနှင့် ရာသီဥတု
ရုံးပတီပင်သည် ရေမဝပ်သော မြေမျိုးတွင် ဖြစ်ထွန်း သည်။ ဖွယ်သောမြေမျိုးကို ပိုမိုနှစ်သက်သည်။ မြေအချဉ်ငန် ဓာတ်မှာ ၆ မှ ၆ ဒသမ ၈ အတွင်းဖြစ်သည်။ အေးသောရာသီ ဥတုကို မနှစ်သက်ပေ။ အပူချိန် ၂၀ ဒီဂရီအောက်ရှိပါက အစေ့မှ အပင်မပေါက်တော့ပါ။ စီးပွားဖြစ် စိုက်ပျိုးသူများ အနေဖြင့် အထက်ပါအချက်များကို အထူးသတိပြုရပေမည်။ အဘယ်ကြောင့်ဆိုသော် စိုက်ပျိုးပင်များ ဖြစ်ထွန်းရန်မှာ ရာသီဥတုနှင့် ဒေသအပူချိန်သည်လည်း အရေးပါသော ကြောင့်ဖြစ်သည်။
မြေပြင်ခြင်းနှင့် မျိုးစေ့နှုန်း
ရုံးပတီပင်သည် အသင့်အတင့်ကောင်းမွန်သော မြေ တွင် ဖြစ်ထွန်းသည်။ မြေပြင်ချိန်တွင် နွားချေး ချပေးရမည်။ ထွန်ရေးညက်ညက်ထွန်ပြီး ကြမ်းတုံးရိုက်ကာ ထွန်ဖြင့် စိုက် ဘောင်ဖော်ပေးရသည်။ မျိုးစေ့နှုန်းထားမှာ တစ်ဧကလျှင် ငါး ကီလိုဂရမ်မှ ၁၀ ကီလိုဂရမ်စသည့်ဖြင့် သင့်သလို အသုံးပြုနိုင် သည်။ မျိုးစေ့နှုန်း ကွာခြားမှုသည် အပင်မျိုး ကွာခြားမူကြောင့် ဟု စာရေးသူအနေဖြင့် ယူဆသည်။
ရုံးပတီပင်စိုက်ပျိုးခြင်း
ဘူးစေ့ ဖရုံစေ့စသည်တို့ကို ပျိုးမထောင်မီ ရေစိမ့်လေ့ ရှိကြသည်။ ထိုသို့ပြုလုပ်ခြင်းသည် အပင်ပေါက်မြန်သည်ဟု ဆိုကြသည်။ ရုံးပတီစေ့ကိုလည်း ပျိုးမထောင်မီ ၁၂ နာရီခန့် ရေစိမ်ထားရသည်။ ရုံးပတီကို စိုက်ပျိုးရာတွင် ပျိုးထောင်စိုက် ပျိုးခြင်းနှင့် တိုက်ရိုက်အစေ့ချ စိုက်ပျိုးခြင်းဟူ၍ နှစ်မျိုးရှိ သည်။ ပျိုးထောင်စိုက်မည်ဆိုပါက ပျိုးအိတ်အတွင်း မျိုးစေ့ နှစ်စေ့၊ သုံးစေ့ထည့်ပျိုးရသည်။ တိုက်ရိုက်စိုက်ပျိုးမည်ဆိုပါက စိုက်ဘောင်ပေါ်တွင် သင့်လျော်သော အကွာအဝေးအတိုင်း အစေ့ချစိုက်ပျိုးရပါမည်။ ပျိုးထောင်စိုက်သည်ဖြစ်စေ၊ တိုက် ရိုက်အစေ့ချ စိုက်သည်ဖြစ်စေ မျိုးစေ့ပေါ်မူတည်၍ စိုက် ကြောင်းပေါ်တွင် သင့်လျော်သော အပင်အကွာအဝေးကို ပြုလုပ်ရသည်။ အပင်ငယ်မျိုးစိုက်ပါကပင်တန်းကို သုံးပေကွာ ထားပြီး တစ်ပင်နှင့် တစ်ပင် တစ်ပေခွာရပါမည်။ ပင်ကြီးမျိုး ဖြစ်ပါက ပင်တန်းကို နှစ်ပေကွာထားပြီး တစ်ပင်နှင့်တစ်ပင် နှစ်ပေခွာ စိုက်ပျိုးရပါမည်။ သုံးပေ တစ်ပေနည်းဖြင့် စိုက်ပျိုး ပါက တစ်ဧကကို အပင်ပေါင်း ၁၀ဝ၀ဝ မှ ၁၄၀ဝ၀ အထိ ဝင်ဆံ့နိုင်သည်။
အပ်ပြုစုခြင်းနှင့် မြေသြဇာကျွေးခြင်း
အပင်စိုက်ပျိုးပါက အပင်ပြုစုခြင်းသည် မဖြစ်မနေ လုပ်ဆောင်ရသော လုပ်ငန်းစဉ်တစ်ခုဖြစ်သည်။ ပေါင်းမြက် ရှင်းခြင်း၊ အပင်၌ ကျရောက်တတ်သော ရောဂါနှိမ်နင်းခြင်းတို့ ဖြစ်သည်။ ရုံးပတီပင်သည် ရေဝပ်ခြင်းကို မနှစ်သက်သဖြင့် ရေမဝပ်စေဘဲ မြေအစိုဓာတ် လုံလောက်ဖို့လိုသည်။ အပင်နှင့် အသီးသီးနှုန်း ကောင်းစေရန် သင့်လျော်သော မြေသြဇာ ကျွေးရန်တော့လိုသည်။
တစ်ဧကလျှင် နွားချေး ၉-၁၀ တန်၊ ယူးရီးယား ၂၂၄ ပေါင်၊ တီစူပါ ၁၁၂ ပေါင်လိုအပ်သည်။ နွားချေးကို မြေပြင်စဉ် ချပေးရသည်။ ယူရီးယားမြေသြဇာ ၁၁၂ ပေါင်ကို မစိုက်မီ ထည့်သွင်းပေးရသည်။ အပင်စိုက်ပျိုးပြီး တစ်လသားအရွယ် တွင် နောက်ထပ်ယူရီးယားမြေသြဇာ ၁၁၂ ပေါင်ကို ထပ်ကျွေး ပေးရမည်။
ဖျက်ပိုးကျရောက်ခြင်း
ရုံးပတီပင်တွင် အများအားဖြင့် ရွက်လိပ်ပိုး ကျရောက် တတ်သည်။ ထိုအခါ အရွက်များလိပ်ပြီး အပင်ကြီးထွားမှုကို နှေးကွေးစေပြီး အပွင့်ပွင့်နှုန်းနှင့် အသီးသီးနှုန်း နည်းသွားစေ နိုင်သည်။ ထို့ပြင် ပိုးတုံးလုံး၊ ပေါက်ဖတ် စသည့် ပိုးများလည်း ကျရောက်တတ်ပြန်သည်။ ထိုအခါ သင့်လျော်သော ရွက်ဖျန်း ပိုးသတ်ဆေးဖြင့် အလွယ်တကူ နှိမ်နင်းနိုင်သည်။
ခူးဆွတ်ခြင်းနှင့် မျိုးစေ့ထုတ်ယူခြင်း
ရုံးပတီသီးသည် အပွင့်ပွင့်ပြီးနောက် ငါးရက်၊ ခြောက် ရက်အတွင်း ခူးဆွတ်ရသည်။ ထိုရက်ထက် ကျော်လွန်သွား ပါက အသီးရင့်သွားသည်။ ထို့နောက်တွင် နှစ်ရက်ခြား တစ် ကြိမ် ခူးဆွတ်နိုင်သည်။ တစ်ဧကကို ပိဿာ ၁၀ဝ၀ မှ ၃၀ဝ၀ အထိထွက်ကြောင်း သိရသည်။ မျိုးစေ့ထုတ်ယူမည့် စိုက်ခင်း သည် အခြားစိုက်ခင်းများနှင့် နီးနီးကပ်ကပ်မရှိရပါ။ အနည်း ဆုံး ပေ ၁၀ဝ၀ ကွာဝေးရမည်ဟု သိရသည်။ မျိုးစေ့ထုတ်ယူ မည့်အပင်သည် သန်စွမ်းသော အပင်-ရောဂါကင်းသော အပင်ဖြစ်ရမည်။ တစ်ပင်လျှင် မျိုးယူမည့် အသီး ၁၀ တောင့် ၁၅ တောင့်သာချန်၍ အပင်ထိပ်ကို ဖြတ်ပေးရသည်။ ထို အပင်မှ အသီးရင့်မှည့်လာပါက နေလှန်း၍ မျိုးစေ့ထုတ်ယူရ ပါသည်။
ရုံပတီသီးသည် လူကြိုက်များသောကြောင့် တချို့က တစ်နိုင် စိုက်ပျိုးကြသည်။ ထို့ပြင်စီးပွားဖြစ် စိုက်ပျိုးပါကလည်း စိုက်ပျိုးနိုင်သည်။ စိုက်လည်း စိုက်ပျိုးကြသည်။ ထို့ကြောင့် စိုက်ပျိုးတောင်သူများအနေဖြင့် တစ်ပိုင်တစ်နိုင်မှသည် စီးပွား ဖြစ် ရုံးပတီစိုက်ပျိုးကြဖို့ တိုက်တွန်းလိုက်သည်။
ကျော်စွာ (ကျိုက်ပိ)