Main menu

Background

ယနေ့ကာလအခြေအနေနှင့်အတိတ်က ဂန္ဒီ၏ စီးပွားရေးအမြင်

Tue, 10/24/2023 - 11:00 -- journal_editor

နိဒါန်း
အိန္ဒိယနိုင်ငံကို ဗြိတိသျှတို့လက်အောက်မှ လွတ်မြောက်စေရန် လည်းကောင်း၊ အိန္ဒိယဆင်းရဲနွမ်းပါးသူများ၏ အခွင့်အရေးအတွက် လည်းကောင်း တိုက်ပွဲဝင်ခဲ့သည့် လိမ္မာပါးနပ်သော  နိုင်ငံရေးသမား၊ အိန္ဒိယနိုင်ငံအတွက်  ကြီးမြတ်သော  ခေါင်းဆောင်တစ်ဦးဖြစ်သည့် မဟတ္တမဂန္ဒီ ကွယ်လွန်ခဲ့သည်မှာ ၇၅ နှစ်ပင်ရှိခဲ့ပြီ။ ဂန္ဒီ၏အယူအဆ၊ အမြော်အမြင်များသည် အိန္ဒိယနိုင်ငံသားများသာမက  ကမ္ဘာ့လူသား များကလည်း  အဖိုးတန်အတွေးအခေါ်များအဖြစ် ယနေ့တိုင် လက်ခံ နေကြဆဲဖြစ်သည်။ ယခုအိန္ဒိယနိုင်ငံ၏   လက်ရှိစီးပွားရေးအခြေ အနေကို  အကဲဖြတ်ရင်း  ဂန္ဒီ၏စီးပွားရေးအတွေးအမြင်များ၊ အယူ အဆများသည်  ယနေ့အချိန်အထိ   အသုံးတည့်နေဆဲဖြစ်သည်ကို သုတေသီတို့က စဉ်းစားမိလာသည်။      
ဂန္ဒီ အသက်ရှင်နေစဉ်ကာလများက လက်ခံကျင့်သုံးခဲ့သည့် သူ၏ အတွေးအခေါ်များနှင့် သဘောတရားများသည်  ယနေ့ခေတ် လူမှုဘဝများ၊  ခေတ်ပြိုင်စီးပွားရေးစိန်ခေါ်မှုများကို  ဖြေရှင်းရာတွင်  အဖိုးတန်သည့် လမ်းညွှန်မှုများသဖွယ်အလုပ်ဖြစ်နိုင်သည်။ တာဝန်ရှိ သူများကို  ထိုးထွင်းသိမြင်မှုများ   ဆက်လက်ပံ့ပိုးပေးလျက်ရှိသည်။ ဂန္ဒီ၏နိုင်ငံ့စီးပွားရေးနှင့်ပတ်သက်သည့်အယူအဆအချို့မှာ အောက် ပါအတိုင်းဖြစ်သည်။  
မိမိကိုယ်ကို အားကိုးခြင်း
ဂန္ဒီ၏မိမိကိုယ်မိမိ  အားကိုးအားထားပြုခြင်း အယူအဆသည် နိုင်ငံ့စီးပွားရေး၊ ဒေသစီးပွားရေးရှုထောင့်မှကြည့်လျှင်    ပြည်တွင်း ထုတ်ကုန်နှင့်ဝန်ဆောင်မှုများ၊ဒေသအလိုက်ကုန်ပစ္စည်းနှင့်ဝန်ဆောင် မှုထုတ်လုပ်မှုများမြှင့်တင်ပေးသည့်အတွေးမျိုးဖြစ်သည်။ မသေချာ မရေရာမှုများသော      ဂလိုဘယ်လိုက်ဇေးရှင်းခေတ်ကြီးထဲတွင်  ပြည်တွင်း၊ မိမိတို့နေထိုင်ရာမြို့ရွာဒေသတွင်း  စီးပွားရေးအခြေအနေ အားကောင်းလာစေရန်  လုပ်ဆောင်ရန်  လိုအပ်သည်။ မိမိတို့နိုင်ငံ တွင်း သို့မဟုတ် ဒေသတွင်းဖူလုံရေးကို  ဦးစားပေးလုပ်ဆောင်မှုများ သည်  နိုင်ငံခြားကုန်ပစ္စည်းများအပေါ် မှီခိုအားထားနေမှုကို လျှော့ချ နိုင်ပြီး  ပြည်တွင်းစက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးကို မြှင့်တင် ရာရောက်သည်။  ထိုအယူအဆကို နှစ်သက်သော အိန္ဒိယအစိုးရသည် လည်း   မိတ်အင်အိန္ဒိယ (Made In India)  ကမ်ပိန်းကို အကောင် အထည်ဖော်လုပ်ဆောင်ခဲ့သည်။   
ရေရှည်တည်တံ့မှု
ဂန္ဒီသည် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှင့်အတူ  သဘာဝပတ် ဝန်းကျင်ထိန်းသိမ်းရေးတို့ကို  ပေါင်းစပ်လုပ်ကိုင်သည့်  ရေရှည် တည် တံ့သောဖွံ့ဖြိုးတိုးတက်မှုအပေါ်  အလေးထားခဲ့သူဖြစ်သည်။   ရာသီ ဥတုဖောက်ပြန် ပြောင်းလဲမှုများနှင့်  အရင်းအမြစ်များ ရှားပါးမှုကဲ့သို့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ပြဿနာများ၏ဖိအားပေးခြင်းကို ခံနေ ရသည့် ယနေ့ကမ္ဘာကြီးတွင် လွန်ခဲ့သောနှစ်များစွာက  ဂန္ဒီ၏အလေး ထား အာရုံစိုက်မှုသည်  မူဝါဒချမှတ်သူများနှင့် စီးပွားရေးလုပ်ငန်းများ အတွက် အဖိုးတန်သော လမ်းညွှန်မှုများကို ပေးသကဲ့သို့ဖြစ်သည်။
သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၊နိုင်ငံသားများတစ်ကိုယ် ရေသန့်ရှင်းမှုနှင့်ပတ်သက်၍ အိန္ဒိယဝန်ကြီးချုပ် မိုဒီက  ၂၀၂၂ ခုနှစ် အောက်တိုဘာလ ၂ရက်နေ့တွင်  Swachh Bharat Mission  အစီအစဉ်ကို  စတင်အကောင်အထည်ဖော်ခဲ့သည်။ ထိုနေ့ရက်သည် ဂန္ဒီ၏မွေးနေ့ဖြစ်ပြီး ကမ္ဘာ့ကုလသမဂ္ဂက  အပြည်ပြည်ဆိုင်ရာအကြမ်း မဖက်ရေးနေ့ (International Day of Non-Violence)အဖြစ် သတ် မှတ်ထားသည့်နေ့လည်းဖြစ်သည်။ အစီအစဉ်၏ ရည်ရွယ်ချက်မှာ ဘေးပတ်ဝန်းကျင်ကို ဂရုမစိုက်ဘဲ လွတ်လွတ်လပ်လပ် မစွန့်စင်ခြင်း အလေ့အကျင့်ကို ဖျောက်ပစ်ရန်၊ စနစ်တကျ  အညစ်အကြေးစွန့် သည့်ကျေးရွာများ ဖန်တီးရန်နှင့်အစိုင်အခဲ စွန့်ပစ်ပစ္စည်းများ စီမံခန့် ခွဲမှုတိုးတက်စေရန်ဖြစ်သည်။ထို့ပြင် အစီအစဉ်၌ အညစ်အကြေးစွန့် ပြီးနောက် လက်ဖြင့် သန့်စင်ခြင်းအလေ့အကျင့်   ပပျောက်ရေးနှင့် တစ်ကိုယ်ရေ သန့်ရှင်းမှု အလေ့အထများကို  သတိပြုမိစေရေးနှင့် အမူအကျင့်  ပြောင်းလဲရေးတို့    မြှင့်တင်လုပ်ဆောင်ရန်လည်း ပါဝင် သည်။      
ဗဟိုချုပ်ကိုင်မှုလျှော့ချခြင်း
ဂန္ဒီသည် ဗဟိုချုပ်ကိုင်မှုအောက်တွင် ဒေသဖွံ့ဖြိုးရေးကိုဖြစ်စေ သည့်  သယံဇာတအရင်းအမြစ်များကို ဗဟိုချုပ်ကိုင်မှု လျှော့ချပေး ခြင်းနှင့်စီးပွားရေးစွမ်းဆောင်မှုအားကို  ယုံကြည်သက်ဝင်သူလည်း ဖြစ်သည်။ ဒေသခံလူထုအား   စိတ်ဓာတ်ခွန်အားဖြစ်စေရန်၊   ဝင်ငွေ မညီမျှမှုကို လျှော့ချနိုင်ရန်နှင့် အားလုံးပါဝင်နိုင်သည့် ဖွံ့ဖြိုးတိုးတက်မှု ဖြစ်စေရန်ဟူသော ပန်းတိုင်ကို ဦးတည်နေသည့်   ဂန္ဒီ၏အတွေး အမြင်များသည်   ယနေ့ခေတ်စီးပွားရေးစနစ်များတွင် အသုံးပြုနိုင်ပေ သည်။   
အကြမ်းမဖက်မှုနှင့် ကျင့်ဝတ်ရှိသော စီးပွားရေး
ဂန္ဒီ၏အကြမ်းမဖက်အတွေးအခေါ်သည်   စီးပွားရေးလုပ် ဆောင်မှုများနှင့်လည်း   ဆက်စပ်လျက်ရှိသည်။  ကျင့်ဝတ်ရှိသော စီးပွားရေးအလေ့အကျင့်များ၊ မျှတသောလုပ်ခလစာများနှင့်ငွေကြေး များ တရားမျှတစွာ ခွဲဝေခြင်းတို့သည်  ဂန္ဒီ၏ယုံကြည်မှုနှင့် ထပ်တူရှိ နေသည်။  
တာဝန်ယူတတ်သော   အရင်းအနှီး   အားပြုစီးပွားရေးစနစ်၊ လူမှုတာဝန်သိစီးပွားရေးလုပ်ငန်းစည်မျဉ်များနှင့်လည်း   လျော်ညီ သော အယူအဆများဖြစ်သည်။  ယနေ့  ခေတ်ပြိုင်စီးပွားရေးအလေ့ အကျင့်များတွင် ထိုအယူအဆများ၏ အရေးပါမှုသည်   ပို၍ထင်ရှား လာနေသည်။       
ခြိုးခြံမှုနှင့်ရိုးရှင်းစွာ နေထိုင်မှု
ဂန္ဒီသည်   လိုအပ်ချက်အနည်းဆုံးနှင့် အရိုးရှင်းဆုံး  နေထိုင်မှု ဘဝကို နှစ်သက်၍ အခြားသူများကိုလည်း ထိုကဲ့သို့ နေထိုင်မှု ဟန်ကို လက်ခံကျင့်သုံးနိုင်စေရန်  အားပေးခဲ့သည်။ ဂန္ဒီ၏အတွေးအခေါ်များ ကို လက်ခံလိုက်နာခြင်းအားဖြင့်  အင်အားကြီးမားလာသော စားသုံး သူဝါဒနှင့် ရုပ်ပိုင်းဆိုင်ရာ အလွန်အမင်း ဖွံ့ဖြိုးနေသည့်  ယနေ့ကမ္ဘာ ကြီးတွင် အလွန်အကျွံစားသုံးမှုကြောင့် ဖြစ်ပေါ်လာသော  သဘာဝ ပတ်ဝန်းကျင်အပေါ် သက်ရောက်သည့်ဆိုးကျိုးများကို လျှော့ချနိုင် ပေသည်။
လူ့အသိုက်အဝန်းနှင့် လူမှုရေးအရင်းအနှီး
ဂန္ဒီသည်   လူမှုအသိုက်အဝန်းနှင့်   လူမှုရေးအရင်းအနှီးသည် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု၏မရှိမဖြစ် လိုအပ်သော အစိတ်အပိုင်း များအဖြစ် လက်ခံထားသူဖြစ်ပြီး မကြာခဏ အလေးပေး ပြောကြားခဲ့ ဖူးသည်။ 
ဆက်သွယ်နည်းပညာထွန်းကားလာသော   ၂၁ရာစုကမ္ဘာ တွင်  ခိုင်မာသော လူမှုဆက်ဆံရေးကွန်ရက်များ၊  လူမှုအသိုက်အဝန်း အတွင်း ကောင်းမွန်သော ထိတွေ့ဆက်ဆံမှုများနှင့်လူမှုရေးရာ သဟ ဇာတဖြစ်မှုတို့သည် စီးပွားရေးပြောင်း လွယ်ပြင်လွယ်ဖြစ်မှုနှင့် လူမှု ဘဝဖူလုံမှုတို့ကို အထောက်အကူဖြစ်စေနိုင်ပေသည်။  
ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်မှု 
ဂန္ဒီသည် ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ကျေးလက်လူထုဘဝ မြှင့်တင်ရေးတို့ကိုလည်း အလေးထား အာရုံစိုက်ခဲ့သည်။ နိုင်ငံများစွာ တွင်  ကျေးလက်ဒေသ အများအပြားသည် စီးပွားရေးဆိုင်ရာ စိန်ခေါ် မှုများပြည့်နှက်လျက်ရှိသည်။ ထို့ကြောင့် ကျေးလက်ဒေသနေပြည်သူ များ ၎င်းတို့ဒေသကိုပင် အမှီပြု  ရပ်တည်နိုင်ရေးနှင့်ဒေသဖွံ့ဖြိုးတိုး တက်မှုရရှိရေး လုပ်‌ဆောင်မှုများ၌   ဂန္ဒီ၏စီးပွားရေးဆိုင်ရာ  အတွေး  အခေါ် အယူအဆများကို အသုံးပြု၍  အကောင်အထည်ဖော်နိုင်ပေ သည်။   
အားလုံးပါဝင်မှု
လူ့အဖွဲ့အစည်း   သို့မဟုတ်   ဒေသစီးပွားရေးဖွံ့ဖြိုးတိုးတက် ရေး    အားထုတ်လုပ်ဆောင်မှုများတွင် အဆိုပါလူ့အဖွဲ့အစည်း သို့မဟုတ် ဒေသတွင်  ပါဝင်နေသူအားလုံးကို     ၎င်းတို့၏လူမှုရေး သို့မဟုတ် စီးပွားရေးအခြေအနေအဆင့်အတန်းများကို ထည့်သွင်း မစဉ်းစားဘဲ    ဝင်လုပ်ဆောင်စေခြင်းကိုလည်း ဂန္ဒီက ထောက်ခံ အားပေးခဲ့သည်။  ဝင်ငွေမညီမျှမှုကို ကိုင်တွယ်ဖြေရှင်းရေးနှင့် နိုင်ငံ သားများအားလုံး စီးပွားရေးတွင်    ပါဝင်နိုင်မှုသေချာစေရေးသည် နိုင်ငံအစိုးရတို့၏ အရေးကြီးသော   မူဝါဒပန်းတိုင်ဖြစ်လာနေသည့် ယနေ့အချိန်အခါတွင် ဂန္ဒီ၏အိုင်ဒီယာသည် အလွန်အသုံးတည့်နေ သည် ဟုဆိုရပေမည်။    
နိဂုံး 
မဟတ္တမဂန္ဒီ၏ အဓိက အိုင်ဒီယာများဖြစ်သည့်   ပြည်တွင်းကို မှီခိုအားကိုးမှု၊ ရေရှည်တည်တံ့မည့် ဖွံ့ဖြိုးတိုးတက်မှု၊ ဗဟိုချုပ်ကိုင်မှု လျှော့ချမှုနှင့် ကျင့်ဝတ်ရှိသော စီးပွားရေးလုပ်ငန်းတို့ကို အားပေးမှု တို့သည်    ယနေ့အချိန်ကာလတွင် ရင်ဆိုင်နေရသော စီးပွားရေး စိန်ခေါ်မှုများကို ဖြေရှင်းနိုင်ရေးနှင့်  ပိုမိုမျှတပြီး ရေရှည်တည်တံ့သော စီးပွားရေးဝန်းကျင်တစ်ရပ်ကို ဖန်တီးနိုင်ရေးတို့တွင် အထောက်အကူ ဖြစ်စေသည့်အသိအမြင်များ၊ လမ်းညွှန်မှုများဖြစ်လာသည်။  
ပိုမို ရှုပ်ထွေးလာနေသော   ခေတ်သစ်ကမ္ဘာ့စီးပွားရေးအခြေ အနေများနှင့် အံဝင်ခွင်ကျဖြစ်စေရန်  အချို့သော  စီးပွားရေးအတွေး အခေါ်အယူအဆများမှာလည်း   ပြုပြင်ကျင့်သုံးရမည့်အနေအထား မျိုးရှိသည်။ မပြုပြင်ဘဲနှင့် အသုံးပြုပါကလည်း  အလုပ်ဖြစ်နိုင်ပေမည်။   စစ်ပွဲများဆီသို့ပိုမိုဦးတည်လာသော ယနေ့ကမ္ဘာကြီး၌ဂန္ဒီ၏ငြိမ်းချမ်း ရေးနှင့်အကြမ်းမဖက်မှု  အတွေးအမြင်တို့သည်   အိန္ဒိယစီးပွားရေး သာမက ကမ္ဘာကြီး၏စီးပွားရေးပြန်လည်ကောင်းမွန်လာရေးအတွက်  လည်း အထောက်အကူဖြစ်စေမည်မှာ သေချာသည်။ 

စောနိုင် (အသုံးချဘောဂဗေဒ)