Main menu

Background

ကျောက်ဖြူအထူးစီးပွားရေးဇုန် ရေနက်စီမံကိန်းနှင့်စပ်လျဉ်းသည့် နောက်ဆက်တွဲစာချုပ် (Addendum) အား လက်မှတ်ရေးထိုး

Mon, 01/01/2024 - 11:05 -- journal_editor

ကျောက်ဖြူ   အထူးစီးပွားရေးဇုန် ရေနက်စီမံ ကိန်းနှင့်စပ်လျဉ်းသည့် နောက်ဆက်တွဲစာချုပ် (Addendum) လက်မှတ်ရေးထိုးခြင်း အခမ်းအနားကို နေပြည်တော်ရှိ Horizon Lake View ဟိုတယ်တွင် ဒီဇင်ဘာ ၂၆ ရက် ညနေပိုင်းကပြုလုပ်ခဲ့သည်။ 
အခမ်းအနားသို့ ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင် ရေးနှင့်  ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဗိုလ်ချုပ်ကြီးမြထွန်းဦး၊ မြန်မာအထူးစီးပွားရေး ဇုန်ဆိုင်ရာ  ဗဟိုလုပ်ငန်းအဖွဲ့ဥက္ကဋ္ဌ၊  ပြည်ထောင်စု အစိုးရအဖွဲ့ရုံး ဝန်ကြီးဌာန (၁) ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦး၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန  ပြည်ထောင်စုဝန်ကြီး   ဦးထွန်းအုံ၊ မြန်မာနိုင်ငံဆိုင်ရာ   တရုတ်သံရုံးမှ    သံရုံးယာယီ တာဝန်ခံ Ms .CaoJing ၊  တရုတ်နိုင်ငံ CITIC Group  ဥက္ကဋ္ဌ  Mr. Xi Guohua နှင့်  တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။ 
ရေနက်ဆိပ်ကမ်းစီမံကိန်း  အကောင်အထည် ဖော်ဆောင်ရွက်နိုင်ရေးအတွက်   ကျောက်ဖြူအထူး စီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီနှင့် မြန်မာ-တရုတ်  ပူးပေါင်း၍  ဖက်စပ်ဖွဲ့စည်းထားသော  ကျောက်ဖြူ အထူးစီးပွားရေးဇုန် ရေနက်ဆိပ်ကမ်းစီမံကိန်းကုမ္ပဏီ လီမိတက်(စီမံကိန်းကုမ္ပဏီ) တို့အကြား လုပ်ငန်းလုပ် ကိုင်ခွင့် သဘောတူစာချုပ်ကို ၂၀၂၀ ပြည့်နှစ် နိုဝင် ဘာလတွင် ချုပ်ဆိုခဲ့ကြောင်းသိရသည်။ 
ကျောက်ဖြူအထူးစီးပွားရေးဇုန်   ရေနက်ဆိပ်ကမ်းစီမံကိန်းကို ဆောလျင်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် စာချုပ်ပါအချက်အလက်အချို့အား မြန်မာ-တရုတ်နှစ်ဖက်လုံး၏ လုပ်ပိုင်ခွင့်အာဏာ နှင့် တာဝန်ဝတ္တရားများကို ပို၍ရှင်းလင်းအောင် သတ်မှတ်နိုင်ရန်   လိုအပ်သဖြင့်လည်းကောင်း၊  ယခင် လုပ်ငန်းလုပ်ကိုင်ခွင့် သဘောတူစာချုပ်အပေါ် ပိုမိုရှင်းလင်းတိကျစွာ နားလည်သဘောပေါက်ရန် လိုအပ်သဖြင့်လည်းကောင်း၊  နှစ်ဖက်ညှိနှိုင်းဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြပြီး ညှိနှိုင်းဆွေးနွေးချက်များအရ ကျောက်ဖြူ အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌနှင့် ကျောက်ဖြူအထူးစီးပွားရေးဇုန် ရေနက်ဆိပ်ကမ်းစီမံကိန်း ကုမ္ပဏီလီမိတက်၏ တရားဝင်ကိုယ်စားလှယ်တို့ အကြား  နောက်ဆက်တွဲစာချုပ် (Addendum) အား သဘောတူလက်မှတ် ရေးထိုးခဲ့ပြီး ကျောက်ဖြူအထူး စီးပွားရေးဇုန်စီမံကိန်းကို ဆောလျင်စွာ စတင်နိုင်ရန် တွန်းအားပေးမည်ဖြစ်ကြောင်း သိရသည်။ 
ကျောက်ဖြူအထူးစီးပွားရေးဇုန် ရေနက်ဆိပ်ကမ်းစီမံကိန်းသည် မြန်မာ-တရုတ်ပူးပေါင်းဆောင်ရွက်ပြီး ရင်းနှီးမြှုပ်နှံထားသည့်  အကြီးစားအခြေခံ အဆောက်အအုံ တိုးတက်ရေးစီမံကိန်းတစ်ခုဖြစ်ပြီး အဆိုပါစီမံကိန်းတွင် မြန်မာဘက်မှ အစုရှယ်ယာ  ၃၀ ရာခိုင်နှုန်းနှင့် တရုတ်ဘက်မှ အစုရှယ်ယာ  ၇၀ ရာခိုင်နှုန်းပါဝင်ကြောင်း သိရသည်။ 
"ကျောက်ဖြူရေနက်စီမံကိန်းဟာ ရင်းနှီးမြှုပ်နှံမှုပမာဏ ကြီးမားစွာနဲ့ မြန်မာ့စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးအတွက် များစွာအထောက်အကူပြုစေမယ့် စီမံကိန်းကြီးတစ်ခု ဖြစ်လာမယ်လို့  ကျွန်တော့်အနေနဲ့ အကြွင်းမဲ့ယုံကြည်ပါတယ်။ စီမံကိန်းကြီးကနေ မြန်မာ  နိုင်ငံအတွက် ကျောက်ဖြူဒေသအပါအဝင် ရခိုင်ပြည် နယ်မှာရှိတဲ့ ပြည်သူများအတွက် အလုပ်အကိုင် အခွင့် အလမ်းများကို ဖန်တီးပေးနိုင်ရုံသာမက မြန်မာနိုင်ငံရဲ့ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်မှုနဲ့ မြန်မာ-တရုတ်နှစ် နိုင်ငံအကြား ကုန်သွယ်မှုနဲ့ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုတွေကို    မြှင့်တင်ပေးနိုင်မှာဖြစ်ပါတယ်"  ဟု ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးမြထွန်းဦးကပြောသည်။ 
ကျောက်ဖြူ ရေနက်ဆိပ်ကမ်းစီမံကိန်းအား အဆင့်လေးဆင့်ဖြင့် အကောင်အထည်ဖော်  ဆောင်ရွက်သွားမည်ဖြစ်ပြီး  စုစုပေါင်းဆိပ်ခံတံတားပေါင်း  ၁၀ ခုပါဝင်မည့်  စီမံကိန်းဖြစ်ကာ စီမံကိန်းပြီးစီးပါက  နှစ်စဉ် ကုန်တင်ကုန်ချပမာဏ TEU ကွန်တိန်နာပေါင်း  ၇၀ဝ၀ဝ၀ဝ လက်ခံနိုင်ရန် လျာထား ပြီး မြန်မာနိုင်ငံ၏ ပထမဆုံးသော နိုင်ငံတကာအဆင့်မီ ရေနက်ဆိပ်ကမ်း ဖြစ်လာမည်ဖြစ်ကြောင်း သိရသည်။ 
"ကျွန်တော်တို့က ဒီစီမံကိန်းက အပိုင်းလေးပိုင်း ပါပါတယ်။ အပိုင်းလေးပိုင်းမှာ သင်္ဘောကပ်နိုင်တဲ့ ဆိပ်ခံတံတားက ၁၀ ခုပါတဲ့ စီမံကိန်းကြီးဖြစ်ပါတယ်။ အဲ့တော့ စီမံကိန်းကြီးပြီးသွားရင် တစ်နှစ်ကို ပေ ၂၀ ကွန်တိန်နာအလုံးရေ ခုနစ်သန်း လောက်ကိုင်တွယ်နိုင်မယ့် စီမံကိန်းဖြစ်တယ်၊ နောက်အရေးကြီးတာက ဒီစီမံကိန်းပြီးရင် ကျွန်တော်တို့ မြန်မာနိုင်ငံက ကုန်စည်တွေရော ကျွန်တော်တို့နိုင်ငံကို ဖြတ်သန်းသွားမယ့် ကုန်စည်တွေရော အာဖရိကတို့၊ တောင်အာရှ နိုင်ငံတွေ ဥရောပတို့ကို တိုက်ရိုက်ပို့နိုင်မှာဖြစ်ပါတယ်။ လတ်တလော ကျွန်တော်တို့က တိုက်ရိုက်မပို့နိုင်ဘူး၊ ကျွန်တော်တို့က ဘာပို့ချင်ပို့ချင် စင်ကာပူတို့ မလေးရှားတို့ကတစ်ဆင့် ပို့နေရတာ။  အဲ့ဒါပြီးသွားရင်တော့ တိုက်ရိုက်ပို့နိုင်တဲ့ အခွင့်အလမ်း  ရသွားမှာဖြစ်ပါတယ် " ဟု ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဝန်ကြီးဌာန(၁) ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးက ပြောသည်။ 
လက်ရှိတွင် သဘာဝပတ်ဝန်းကျင်နှင့် လူမှုရေးဆိုင်ရာ အကျိုးသက်ရောက်မှု ဆန်းစစ်ခြင်းလုပ်ငန်း (ESIA) သည်လည်း စီမံကိန်း၏နယ်ပယ်အတိုင်း အတာသတ်မှတ်ခြင်းအဆင့် လုပ်ငန်းများအား ပြီးစီးပြီဖြစ်ရာ နယ်ပယ်အတိုင်းအတာ သတ်မှတ်ခြင်း အစီရင်ခံစာသည် မြန်မာနိုင်ငံ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၏   အတည်ပြုချက်အား ရရှိထားပြီဖြစ်ကြောင်းသိရသည်။ 
"လတ်တလောကတော့ စီမံကိန်းစတင်စဉ်ကနေ ပြီးသွားတဲ့လုပ်ငန်းကတော့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆန်းစစ်ချက်ပေါ့၊  နောက်လူမှုအကျိုးစီးပွား ဆန်းစစ်ချက်နဲ့ပတ်သက်တာက ၈၅ ရာခိုင်နှုန်းလောက် ပြီးနေပြီ။ အဲ့ဒါကိုပြီးအောင် ဆက်လုပ်မယ်။ ပြီးရင် ပထဝီဝင် မြေမျက်နှာသွင်ပြင်တိုင်းတာတဲ့ လုပ်ငန်းကတော့ အကုန်လုံးပြီးသွားပြီ။ ဒါနဲ့ဆက်စပ်ပြီး လိုအပ်တဲ့ဒီဇိုင်းတွေဆွဲမယ်၊ ဒါတွေကိုဆက်လုပ်သွားမှာ ဖြစ်ပါတယ်။ နောက်ဒီစီမံကိန်း စတင်အကောင်အထည်ဖော်ဖို့အတွက်   ရင်းနှီးမတည်ငွေထည့်တဲ့ လုပ်ငန်းစဉ်ကို ဆက်ပြီးလုပ်ဖို့ရှိတယ်။ အဲ့ဒါပြီးရင် စီမံကိန်းစနိုင်ဖို့အတွက်  လိုအပ်တဲ့   အဆောက်အအုံလုပ်ငန်းတွေ ဆက်လုပ်မယ်။   ဒီဟာတွေပြီးရင် စီမံကိန်းကို စတင်သွားမှာဖြစ်ပါတယ်" ဟု ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးက ဆက်လက်ပြောသည်။ 
အဆိုပါစီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်နေစဉ် ကာလအတွင်း မြန်မာ-တရုတ်  နှစ်ဖက်စလုံးမှ  ကျောက်ဖြူဒေသခံများ၏ လူနေမှုဘဝများ တိုးတက်မြှင့်တင်ပေးနိုင်ရန်အတွက် အလေးထား ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ စီမံကိန်း စတင်ပြင်ဆင်သည့်ကာလမှ ယနေ့အချိန်အထိ ကျောက်ဖြူ ဒေသ၌ ကျေးလက်ရန်ပုံငွေစီမံကိန်း ထူထောင်ပေး ခြင်း၊ အသက်မွေးဝမ်းကျောင်းဆိုင်ရာ ကျွမ်းကျင်မှု သင်တန်းများ ဖွင့်လှစ်ပေးခြင်း၊ ရွေ့လျားဆေးခန်းစီမံ ကိန်း၊ ဒီရေတောစိုက်ပျိုးသည့်စီမံကိန်း အစရှိသည့် လူမှုအကျိုးပြုစီမံကိန်း ၁၀ ခုကျော်အား ဆောင်ရွက်ထားပြီးဖြစ်ကြောင်း ၎င်းကဆက်လက်ပြောသည်။ 
ထို့ပြင် စီမံကိန်း၏ အနာဂတ်တည်ဆောက်ရေး လုပ်ငန်းအဆင့်ဆင့်တွင်လည်း ပြည်တွင်းပြည်ပ လူမှုအကျိုးပြုအဖွဲ့အစည်းများအား လက်တွဲဖိတ်ခေါ်ကာ  စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေး၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် အလုပ်အကိုင်အခွင့်အလမ်း ဖော်ဆောင်ခြင်း စသည့်နယ်ပယ်များတွင် မြှင့်တင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း   ပြည်ထောင်စုဝန်ကြီး ဦးအာင်နိုင်ဦးက ဆက်လက်ပြောသည်။ 
စီမံကိန်းကုမ္ပဏီအနေဖြင့် စီမံကိန်းတည်ဆောက်ရေးအဆင့်၏  ပထမငါးနှစ်တွင် နှစ်စဉ်နှစ်တိုင်း အမေရိကန်ဒေါ်လာ တစ်သန်း၊ လည်ပတ်ရေးအဆင့်တွင် နှစ်စဉ်နှစ်တိုင်း အမေရိကန်ဒေါ်လာ ငါးသိန်းကိုထည့်ဝင်ပြီး CSR နှင့် လူမှုအကျိုးပြုလုပ်ငန်းများကို ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်၊
ကျောက်ဖြူ အထူးစီးပွားရေးဇုန်ရေနက်ဆိပ် ကမ်း စီမံကိန်း တည်ဆောက်မှုနှင့်အတူ စက်မှုဥယျာဉ် စီမံကိန်းကိုပါ ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ပြီး စီမံကိန်း စတင်အကောင် အထည်ဖော်ဆောင်ရွက်ပါက  ဒေသခံပြည်သူများအတွက် အလုပ်အကိုင် အခွင့်အလမ်း သောင်းနှင့်ချီ၍ ရရှိမည်ဖြစ်ကာ စီမံခန့်ခွဲမှုဆိုင်ရာ နေရာအများစုကို မြန်မာနိုင်ငံသားများ  ခန့်အပ်လုပ်ကိုင်စေမည် ဖြစ်ကြောင်းသိရသည်။ 
ထို့ပြင် စီမံကိန်း အကောင်အထည်ဖော်ဆောင် ရွက်ရာတွင် ဒေသခံ ရခိုင်တိုင်းရင်းသား စီးပွားရေးလုပ်ငန်းရှင်များအပါအဝင်  မြန်မာနိုင်ငံမှ  လုပ်ငန်းအတွေ့အကြုံများရှိပြီး အမှန်တကယ်လုပ်ကိုင်ဆောင်ရွက်နိုင်မည့် တိုင်းရင်းသား စီးပွားရေးလုပ်ငန်းရှင်များကိုပါ ဖိတ်ခေါ်၍ စီမံကိန်းကုမ္ပဏီနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းနှင့် ဓာတ်ပုံ- မင်းမင်း