မြန်မာနိုင်ငံတွင် နိုင်ငံစီးပွားရေး ဖွံ့ဖြိုးတိုးတက်စေရေးအတွက် အသေးစား၊ အငယ်စား၊ အလတ်စား စီးပွားရေး လုပ်ငန်းရှင်များသည် အရေးပါသောကဏ္ဍတစ်ခုအဖြစ် ပါဝင်သည်။ မြန်မာနိုင်ငံအနေဖြင့်MSMEsလုပ်ငန်းများဖြစ်သော ကုန်ထုတ်လုပ်မှုအခန်းကဏ္ဍတွင် ၉၀ ရာခိုင်နှုန်းကျော်ရှိပြီး လုပ်သားအင်အားအများစုကိုလည်း အလုပ်အကိုင် အခွင့်အလမ်းများ ပေးထားကြောင်း သိရသည်။ နိုင်ငံတော်အစိုးရမှလည်းMSMEs လုပ်ငန်းများကို အလေးထား ဆောင်ရွက်လျက်ရှိရာ မြို့၊ ရွာ၊ ရပ်ကွက်များတွင် တစ်နိုင်၊ တစ်ပိုင် စီးပွားရေးလုပ်ငန်းများဖြစ်သော စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများအပြင် ဒေသထုတ်ကုန်များအား ထုတ်လုပ်၍MSMEsလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာနိုင်မည်ဖြစ်သည်။
ပြည်ခရိုင်အနေဖြင့်MSMEs လုပ်ငန်းရှင်ပေါင်း ၅၀ ကျော်ရှိရာ စားသောက်ကုန်ကို အခြေခံသည့် လုပ်ငန်းရှင်မှာ များစွာရှိပြီး လူသုံးကုန် လုပ်ငန်းနှင့် စိုက်ပျိုးရေးလုပ်ငန်းသုံး ပစ္စည်းလုပ်ငန်းမှာ အနည်းငယ်သာရှိ သည်။ ထို့ကြောင့်MSMEsလုပ်ငန်းများတွင် စားသောက်ကုန်လုပ်ငန်း များက အများဆုံးလွှမ်းမိုးလာသည်ကို တွေ့ရသည်။ စားသောက်ကုန်များ အဓိကဦးစားပေးထုတ်လုပ်လာမှုကြောင့် ကျန်ကုန်ကြမ်းပစ္စည်းများဖြစ် သော သစ်တောထွက် ဝါးများ၊ သစ်များ၊ ကြိမ်များ၊ ရေထဲတွင်ပေါက်ရောက် သော ဗေဒါရိုးများအား လူသုံးကုန်ပစ္စည်း ထုတ်လုပ်မှု နည်းနေ ကြောင်း တွေ့ရသည်။
သဘာဝကထွက်ရှိသော ဝါးကုန်ကြမ်းကို လူ့အသုံးအဆောင်များ ဖြစ်သော ကုလားထိုင်၊ စားပွဲ စသော လူသုံးကုန်များကို တန်ဖိုးမြင့် ထုတ် လုပ်ခြင်း၊ သစ်ကိုလည်းထို့အတူ ပန်းပွတ်လုပ်ငန်းများပြုလုပ်၍ လူ့အသုံး အဆောင်ပစ္စည်း အများအပြားကိုလည်းကောင်း၊ ကြိမ်ကိုလည်း လူ့အသုံး အဆောင်ပစ္စည်းများ ထုတ်လုပ်၍ လည်းကောင်း MSMEs လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး တန်ဖိုးမြင့်ထုတ်ကုန်များ ထုတ်လုပ်နိုင်ရေးကြိုးပမ်း ဆောင်ရွက်ရမည်ဖြစ်သည်။
ထိုသို့ အသေးစား၊ အငယ်စား၊ အလတ်စား စီးပွားရေးလုပ်ငန်းရှင် များအနေဖြင့် မိမိတို့၏ ထုတ်ကုန်များကို အဆင့်မြှင့်တင် ထုတ်လုပ်၍ ဈေးကွက်များ၊ ဈေးရောင်းပွဲတော်များတွင် ရောင်းချမည်ဆိုပါက လူသိ များပြီး ပြည်တွင်းဈေးကွက်တွင်သာမကဘဲ ပြည်ပဈေးကွက်အထိပါ ထိုးဖောက်ဝင်ရောက်နိုင်ပြီး လူမှုစီးပွားရေးဘဝ ဖွံ့ဖြိုးတိုးတက်လာနိုင် မည်ဖြစ်သည်။ ထို့ပြင် စွန့်ပစ်ပစ္စည်းဖြစ်သော ဗေဒါရိုးကိုလည်း တန်ဖိုး မြှင့် ထုတ်ကုန်အဖြစ် လူသုံးကုန်ပစ္စည်းများ ထုတ်လုပ်လျက်ရှိရာ ထိုမှ တစ်ဆင့် ဗေဒါရိုးကို ကြာရှည်အထားခံပြီး ပို၍ အဆင့်မြှင်တင်ကာ လူ့ အသုံးအဆောင်ပစ္စည်းများ ထုတ်လုပ်လာနိုင်ပါက အမှိုက်ထဲက ရွှေ ဖြစ် လာနိုင်မည်ဖြစ်သည်။MSMEsလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး အတွက် လက်တွေ့အကောင်အထည်ဖော်နိုင်ရန် အသေးစား၊ အငယ်စား နှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရန် လုပ်ငန်းအဖွဲ့ များ ဖွဲ့စည်း၍ ကုန်စည်ပြပွဲများ ကျင်းပပေးခြင်း၊ ပြိုင်ပွဲများ ကျင်းပ၍ ဆုများချီးမြှင့်ခြင်း၊ နည်းပညာများ ဖြန့်ဝေပေးခြင်း၊ ငွေကြေးအထောက် အပံ့များပေးခြင်းများဖြင့် နိုင်ငံတော်မှ ကူညီပံ့ပိုးမြှင့်တင်ပေးလျက် ရှိသည်။
ထို့ကြောင့်MSMEsလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် စားသောက်ကုန်လုပ်ငန်းများကို ဦးစားပေးလုပ်ကိုင်သည့်အပြင် အခြား သော သစ်တောထွက် ပစ္စည်းသယံဇာတများကိုလည်း တန်ဖိုးမြှင့် ထုတ်ကုန်အဖြစ် တိုးတက်ထုတ်လုပ်သွားမည်ဆိုလျှင် အစားအသောက် လုပ်ငန်းထက် သဘာဝ သယံဇာတများကို တန်ဖိုးမြှင့် ထုတ်လုပ်ခြင်းမှာ ပြည်ပဝင်ငွေများစွာ ရရှိနိုင်မည်ဖြစ်ကြောင်း ဖော်ပြလိုက်ရပါသည်။
ဝေဝေမင်း(ပြည်)