Main menu

Background

ဒြပ်မဲ့ယဉ်ကျေးမှုနှင့် မြန်မာ့ရိုးရာသနပ်ခါး

Mon, 04/07/2025 - 10:05 -- journal_editor

    မြန်မာ့ရိုးရာသနပ်ခါးကို မြန်မာပြည်၌ ကလေးအရွယ်မှစ၍ ဘိုးဘွားများအထိ နှစ်သက်မြတ်နိုးစွာ  လိမ်းခြယ်လေ့ရှိကြသည်။ အမျိုးသမီးများသာမက မြန်မာအမျိုးသားများပါ လိမ်းခြယ်ကြသည်။ သနပ်ခါးသည် မြန်မာ့နံ့သာ ဆယ်မျိုးတွင် အခေါက်နံ့ သာတစ်မျိုးဖြစ် သည်။ မြန်မာ့သနပ်ခါးသည် သနခါဟူသော စကားမှ ဆင်းသက် လာပြီး သနဆိုသည်မှာ မြန်မာ့အဘိဓာန်တွင် မသန့်မရှင်းဖြစ်သည်။ ယုတ်ညံ့သွားသည်ဟုဆိုသည်။ ခါ ကမူ စွန့်ထုတ်ခြင်းဟု အဓိပ္ပာယ်ရ သည်။ အဓိပ္ပာယ်မှာ မကောင်းသော အညစ်အကြေးများကို စွန့် ထုတ်ပေးသောအရာဟု ဆိုလိုသည်။  သနခါမှ ကာလ ရွေ့လျားလာ သည့်အခါ သနပ်ခါးဟု ပြောင်းလဲလာခြင်းဖြစ်သည်ဟု လေ့လာမှတ် သားရပါသည်။ မြန်မာ့ရိုးရာ ယဉ်ကျေးမှုဓလေ့များစွာ ရှိသည့်အနက် မှ မြန်မာ့ရိုးရာသနပ်ခါး ယဉ်ကျေးမှုမှာ ယနေ့တိုင် တည်ရှိနေဆဲပင် ဖြစ်သည်။ 
မြန်မာ့သနပ်ခါး
    မြန်မာအမျိုးသမီးများသည် သနပ်ခါးကို လွန်ခဲ့သော နှစ်ပေါင်း ၂၀ဝ၀ ကျော်ကတည်းက လိမ်းကျံအလှခြယ်သကြသော ပစ္စည်းအဖြစ် အသုံးပြုခဲ့ကြသည်။ သနပ်ခါးသည် စိတ်ကြည် လင်လန်းဆန်းဖွယ်ရာ သင်းပျံ့သောရနံ့နှင့် ပြည့်စုံခြင်း၊ အသားအရေကို အေးမြစေခြင်း၊ အသားအရေချောမွေ့စေခြင်း၊ သနပ်ခါး လိမ်းကျံထားသူအား လှပ စေခြင်း အစရှိသည့် ဂုဏ်အင်္ဂါများနှင့် ပြည့်စုံသည်။ ကျေးလက်နေ လုံမေများသာမက အမျိုးသမီးအများစုတို့သည် သနပ်ခါးကို နေ့စဉ် နေ့တိုင်း နှစ်ခြိုက်စွာလိမ်းခြယ်လေ့ရှိကြသည်။ သနပ်ခါးသည် မြန်မာ နိုင်ငံ ရာသီဥတုနှင့် လိုက်လျောညီထွေမှုရှိသည့်အပြင် နေပူဒဏ်ကို ခံနိုင်ရည် သတ္တိရှိသည့်အတွက် တောသူ လုံမပျိုတို့သည် လယ်တော၊ ယာတောထဲဆင်းသည့်အခါ သနပ်ခါးပါးကွက်ကျားကို ထူထူ လိမ်း ခြယ်လေ့ရှိ ကြသည်။ ယခုလို ပူပြင်းသည့် နွေရာသီကာလ တွင် ခရမ်း လွန်ရောင်ခြည်ဒဏ်မှ ကာကွယ်နိုင်ရန် သနပ်ခါးကို ထူထူလိမ်းခြယ် သင့်သည်။ 
သနပ်ခါးစိုက်ပျိုးခြင်း
    သနပ်ခါးပင်ကို မြန်မာနိုင်ငံ၊ သီရိလင်္ကာနိုင်ငံ၊ အိန္ဒိယနိုင်ငံ၊ ထိုင်းနိုင်ငံနှင့် ပါကစ္စတန်နိုင်ငံတို့တွင် တွေ့ရှိရသည်။ မြန်မာ့သနပ်ခါး သည် မြန်မာတစ်မျိုးသားလုံးနှင့် သက်ဆိုင်သော ရိုးရာယဉ်ကျေးမှု အမွေအနှစ် တစ်ခုဖြစ်သည့်အပြင် အပူပိုင်းဒေသ၏ ရတနာ တစ်ပါး လည်းဖြစ်သည်။  မြန်မာတစ်နိုင်ငံလုံးတွင် သနပ်ခါးစိုက်ပျိုးမှု ဧရိယာ သုံးသိန်းမှ လေးသိန်းကြားရှိသောကြောင့် အပူပိုင်းဒေသ၏ စိမ်းလန်း စိုပြည်ရေးနှင့် ရာသီဥတုပြောင်းလဲမှု ကာကွယ်ရေးကိုလည်း တစ် ဖက်တစ်လမ်းမှ အထောက်အကူပြုလျက်ရှိသည်။ 
    သနပ်ခါးသည် မြန်မာနိုင်ငံ အပူပိုင်းဒေသများရှိ ချောက်ကြို ချောက်ကြား၊ တောင်ကတုံးများတွင် သဘာဝအတိုင်း ဖြစ်ထွန်း အောင်မြင် ပေါက်ရောက်လျက်ရှိသည့်အပြင်  စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီးတို့ရှိ  ယာမြေများ တွင်လည်း စီးပွားဖြစ်စိုက်ပျိုးကြပြီး အိမ်ခြံဝင်းထဲတွင် တစ်ပိုင်တစ်နိုင် စိုက်ပျိုးခြင်းဖြင့် စိုက်ပျိုးလေ့ရှိကြသည်။ သနပ်ခါးပင်သည် (၂၀ ပေမှ ၃၀)ပေအထိ   မြင့်သည့် အပင်လတ်တစ်မျိုးလည်းဖြစ်သည်။ သနပ်ခါးပင်ကို ပထမတစ်ကြိမ်ခုတ်ပြီး မြေကြီးထဲမှ အမြစ်များကို တစ်ထွာခန့် တူးယူပြီးနောက် အသစ်ထွက်ရှိလာသည့် သားတက်များ မှ   သန်မာသည့် အသားတက်တစ်ခုနှစ်ခုကို ချန်၍ ဆက်လက်ထား ရှိခြင်းဖြင့် ထပ်မံစိုက်ပျိုးရန် မလိုသောကြောင့် အပူပိုင်းဒေသ၏ ပဒေသာပင်ဟု  တင်စားခေါ်ဝေါ်လေ့ရှိသည်။ သနပ်ခါးပင်များကို ပခုက္ကူ၊ မြိုင်၊ ရေစကြို၊ ပေါက်၊ ဆိပ်ဖြူ၊ မြင်းခြံ၊ ပြည်၊ ရွှေဘို၊ ကျောက်ကာ၊ စစ်ကိုင်း၊ မြင်းမူ၊ ကနီစသည့် အပူပိုင်းဒေသများတွင် အများဆုံး တွေ့ရသည်။ 
    မြန်မာနိုင်ငံတွင် သနပ်ခါးကိုအပူပိုင်းဒေသများတွင် အများဆုံး စိုက်ပျိုးကြရာ သနပ်ခါး အမျိုးအမည်များစွာရှိသည့်အနက် ရှင်မ တောင်သနပ်ခါးမှာ အထူးနာမည်ကျော်ကြားလှပါသည်။  တစ်နိုင်ငံ လုံး အတိုင်းအတာအဖြစ် သနပ်ခါးစိုက်ဧက လေးသိန်းခန့်ရှိကြောင်း လေ့လာသိရှိရသည်။ 
    သနပ်ခါးဈေးကွက်အနေဖြင့် ပခုက္ကူမြို့သည် သနပ်ခါးများ ဆုံစည်းရာ စီးပွားရေးမြို့တော်ဖြစ်သည့် အားလျော်စွာ နေ့စဉ်သနပ်ခါး အပင် ၁၀ဝ၀ ခန့် အရောင်းအဝယ်ဖြစ်လျက်ရှိပြီး မြန်မာနိုင်ငံအနှံ့
အပြားသို့   တင်ပို့ဖြန့်ဖြူးလျက်ရှိကြောင်း လေ့လာသိရှိရသည်။  အရည်အသွေးကောင်းပြီး သင်းပျံ့မွှေးကြိုင်သော မြန်မာ့သနပ်ခါးကို စနစ်တကျ စိုက်ပျိုးထုတ်လုပ်နိုင်ပြီး သနပ်ခါးစစ်စစ်ကို ရရှိစေရန် 
ပခုက္ကူခရိုင်၌ ရှင်မတောင်သနပ်ခါး စိုက်ပျိုးရောင်းချသူများအသင်း ကိုလည်း ဖွဲ့စည်းထားရှိပြီး သဘာဝ၀အော်ဂဲနစ်ထွက်ကုန်အဖြစ်  ထုတ်လုပ်နိုင်ရေး ဆောင်ရွက်လျက်ရှိသည်။

ဆေးဖက်ဝင်သည့်သနပ်ခါး
    သနပ်ခါးသည်  အရွက်၊ အသီး၊ ပင်စည်၊ အမြစ်(ပဉ္စငါးပါး) အားလုံးကို အသုံးပြုနိုင်သည်။ အပူနာ၊ အအေးနာ နှစ်မျိုးလုံးအတွက် သင့်လျော်ပြီး ဆေးဖက်ဝင်အပင်တစ်မျိုးဖြစ်သည့်အတွက် သနပ်ခါး သည် ပူပြင်းသည့်နွေရာသီတွင် မိတ်ဖုများထွက်ခြင်း၊ အပူကန်ခြင်း များကိုလည်း သနပ်ခါးသွေး၍ လိမ်းကျံခြင်း၊ သနပ်ခါးအရည်သွေး၍ သောက်ပေးခြင်းဖြင့် သက်သာပျောက်ကင်းစေ၍  သနပ်ခါးကို ဆေးအဖြစ်လည်း အသုံးပြုနိုင်သည်။  
သနပ်ခါးဈေးကွက်
    ယခုအခါ သနပ်ခါးကို အတုံးတင်မက အမှုန့်အဖြစ်ပြုလုပ်၍ သနပ်ခါးခဲ၊ သနပ်ခါး ူသအငသည၊ သနပ်ခါးရေမွှေး၊ သနပ်ခါး မိတ်ကပ်၊ သနပ်ခါးရနံ့ ရေချိုးဆပ်ပြာရည်၊ သနပ်ခါးရနံ့ အမွှေးတိုင် သနပ်ခါး ပေါင်ဒါ အစရှိသဖြင့် တီထွင်ဖန်တီး ထုတ်လုပ်လျက်ရှိပြီး ပြည်ပ နိုင်ငံများသို့  တင်ပို့နိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။ သနပ်ခါးစစ်စစ် အခဲတစ်ခဲလျှင် ကျပ် ၅၀ဝ၀ မှ  ၆၅၀ဝ၊  သနပ်ခါး အမြစ်ခဲ တစ်ခဲလျှင် ကျပ် ၃၄၀ဝ၊ သနပ်ခါး ပေါင်ဒါတစ်ဘူးလျှင် ကျပ် ၈၅၀ဝ၊ သနပ်ခါးတုံး အသေးအရွယ်မှစ၍ အပွေးထူထူသနပ်ခါး တုံး အကြီးအထိ ကျပ် ၁၅၀ဝ-၂၀ဝ၀-၃၅၀ဝ-၅၀ဝ၀ မှစ၍ ကျပ် ၁၆၀ဝ၀ မှ ၂၀ဝ၀ဝ အထိ ရောင်းချရကြောင်း ၊ သနပ်ခါးအတုံးအရှည်အနေဖြင့် အသေး ကျပ် ၂၀ဝ၀ဝ မှအကြီးအရွယ် ကျပ် ၅၀ဝ၀ဝ အထိ အရောင်း အဝယ်ဖြစ်လျက်ရှိကြောင်း သိရသည်။ 
    မြန်မာနိုင်ငံတွင် ထိတွေ့ကိုင်တွယ်၍မရသည့် ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်များစွာ ရှိသော်လည်း ကမ္ဘာ့ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ် စာရင်းဝင်အဖြစ် သတ်မှတ်ခံထားရခြင်းမရှိသေးသည့်အတွက် လွန် ခဲ့သည့် နှစ်တစ်ထောင်ကျော်ကာလကတည်းက ရိုးရာယဉ်ကျေးမှု ဓလေ့အဖြစ် လိမ်းခြယ်ခဲ့ကြပြီး ယနေ့တိုင် ဆက်လက်ရှင်သန်နေသည့် အပြင် တစ်မျိုးသားလုံး၏ ယဉ်ကျေးမှု လက္ခဏာအဖြစ် ကိုယ်စားပြု ဖြစ်သော မြန်မာ့သနပ်ခါးကို ့နြှဃဥ မှ ကမ္ဘာ့ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်အဖြစ်သတ်မှတ်သည့် စံနှုန်း(၅)ချက်နှင့်လည်း ကိုက်ညီ မှုရှိနေသဖြင့် ကမ္ဘာ့ဒြပ်မဲ့ယဉ်ကျေးမှု စာရင်းဝင်အဖြစ် သတ်မှတ်နိုင် ရေးအတွက် အမည်စာရင်း တင်သွင်းနိုင်ရန်လည်း ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလမှ စတင်ဆောင်ရွက်ခဲ့ကြကြောင်း လေ့လာသိရှိရသည်။
    မြန်မာ့ရိုးရာသနပ်ခါးကို နောင်လာနောက်သားတို့ ဆက်လက် ၍ အမွေထိန်းသိမ်းနိုင်စေရန် သနပ်ခါး လှပျိုမေပြိုင်ပွဲများ ကျင်းပ ခြင်း၊ တပို့တွဲ လပြည့်နေ့တွင် မြတ်စွာဘုရားရှင်အား ရည်စူး၍ သနပ် ခါးသားဖြင့် မီးပူဇော်ခြင်းတို့ကို အကြောင်းပြု၍ တပို့တွဲလပြည့် နေ့ကို မြန်မာ့သနပ်ခါးနေ့အဖြစ် မြန်မာနိုင်ငံ သနပ်ခါးအသင်းက သတ်မှတ်ပြီး သနပ်ခါးနေ့ အခမ်းအနားများ ကျင်းပခြင်း၊ သနပ်ခါး အကြောင်းသိကောင်းစရာများ ဟောပြောဆွေးနွေးခြင်း၊ လက်ကမ်း စာစောင်များ ဖြန့်ဝေခြင်း၊ တန်ခိုးကြီး ဘုရားများတွင် အနယ်နယ် အရပ်ရပ်မှ ဘုရားဖူးပြည်သူများလိမ်းကျံနိုင်စေရန်အတွက် သနပ်ခါး ကျောက်ပျဉ်များထားရှိပြီး လိမ်းကျံစေခြင်း၊ သနပ်ခါး ဈေးရောင်း ပွဲတော်များ ကျင်းပခြင်းတို့ကို ဆောင်ရွက်လျက်ရှိသည်။
    ယခုအခါ နိုင်ငံတော်အစိုးရအနေဖြင့် မြန်မာ့သနပ်ခါး ယဉ် ကျေးမှုဓလေ့ကို ယူနက်စကို၏ ကမ္ဘာ့ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် စာရင်းဝင်ဖြစ်စေရေး အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ တွင် မြန်မာ့သနပ်ခါးယဉ်ကျေးမှုဓလေ့နှင့် ပတ်သက်သည့် လှုပ်ရှား ဆောင်ရွက်မှု အခမ်းအနားများ၊ ပြပွဲ ပြိုင်ပွဲများ၊ မြန်မာ့ သနပ်ခါးအလှ မယ်ပြိုင်ပွဲများ၊ ပြည်သူတစ်ဦးချင်းဆီမှ ဠသအန ပေးနိုင်ရေးတို့ကို သက် ဆိုင်ရာ ပြည်နယ်၊ တိုင်းအလိုက် စည်ကားသိုက်မြိုက်စွာ ကျင်းပ ဆောင်ရွက်သွားရန် စီစဉ်လျက်ရှိသည်။ မြန်မာ့သနပ်ခါးသည် မြန်မာ လူမျိုးတို့ ဘိုးဘွားအစဉ်အဆက် ထိန်းသိမ်းလက်ဆင့်ကမ်းလာခဲ့ကြသည်မှာ ယနေ့ထိတိုင်ဖြစ်ရာ မြန်မာတစ်မျိုးသားလုံး အနေဖြင့် မြန်မာ့သနပ်ခါးကို တန်ဖိုးထား ပျောက်ကွယ်မသွားစေရေး နိုင်ငံ တော်အစိုးရနှင့် ပြည်သူများ၊ သနပ်ခါးစိုက်ပျိုးထုတ်လုပ် ရောင်းဝယ် သူများက တစ်ဦးနှင့်တစ်ဦး လေးစားချစ်ခင်စွာဖြင့်  ကမ္ဘာ့ဒြပ်မဲ့ ယဉ်ကျေးမှု စာရင်းဝင်နိုင်ရေး ကျရာအခန်းကဏ္ဍမှ ပူးပေါင်း ဆောင် ရွက်သွားရေးသည် မြန်မာနိုင်ငံသားတိုင်း၏ တာဝန်ဖြစ်ပါကြောင်း ရေးသား တင်ပြလိုက်ရပါသည်။

စန္ဒာစိုးလွင် (မကွေး)