ပန်းချီပညာဆိုသည်မှာ မြင်သမျှ တွေ့သမျှ ၊ စဉ်းစားတွေးခေါ် ရသမျှကို ဘာမျှမရှိသော နံရံပိတ်ကား၊ စက္ကူလွတ်များပေါ်တွင် ပုံဖော်၍ သရုပ်ဖော်ရေးဆွဲခြင်းကို ပန်းချီပညာရပ်ဟု ခေါ်ကြသည်။ ပန်းချီသည် လူတို့၏ စိတ်အာရုံကို အဆွဲဆောင်နိုင်ဆုံးနှင့် ခံစားမှု ရသများစွာ ပေးစွမ်းနိုင်သောကြောင့် သုခုမပညာရပ်၏ ဘုရင်ဟု တင်စားခေါ်ဝေါ်ကြသည်။ ပန်းချီအတတ်ပညာသည် စာရေးခြင်း အတတ်ထက် ဦးစွာပေါ်ပေါက်ခဲ့သည်။ ရှေးလူတို့သည် စကားလုံး မြွကယ်ဝသေးသဖြင့် မိမိတို့၏ဆိုလိုချက်ကို အရုပ်ပြရေးကြသည်။ ထို့ကြောင့် ရုပ်ပုံတစ်ပုံသည် စကားလုံးတစ်ထောင်ခန့်နှင့် တူညီသည် ဟု တရုတ်စကားပုံတစ်ခုကဆိုခဲ့သည်။
ရှေးခေတ်လူတို့သည် ဂူနံရံများပေါ်တွင် အနီးအပါး၌အလွယ် တကူရရှိနိုင်သော မြေနီ၊ မြေဝါ၊ မြေဖြူ၊ မီးခွက်မှိုင်း၊ မီးသွေးခဲများဖြင့် အရုပ်များကိုရေးဆွဲ ကြသည်။ နောင်အခါ ခဲတံ၊ မင်တံ၊ စုတ်တံများကို အသုံးပြုလာကြသည်။ ရုပ်ပုံပန်းချီရေးဆွဲရာတွင် ရေဆေးနှင့် ဆီဆေး ဟူ၍ နှစ်မျိုးရှိသည်။ ဆီဆေးသည် ရေဆေးထက်ပို၍ အဆွဲရခက် သည်။ သို့သော် ဆီဆေးပန်းချီကားသည် ရေဆေးပန်းချီကားထက်ပို၍ အရောင်စိုပြီး အေးမြသောရာသီဥတုရှိသည့်နိုင်ငံများနှင့် သင့်လျော် သည်။ ရေဆေးကိုလွယ်ကူပြီး အမြန်ပြီးနိုင်သော ပန်းချီကားများ အတွက် အသုံးများလေသည်။ ပန်းချီပညာသည် ဓာတ်ပုံပညာမပေါ်မီ ရှေးအခါကပင် ပေါ်ပေါက်ခဲ့သော ပညာရပ်ဖြစ်သည်။ လက်ရာ ကောင်းသော ပန်းချီကားများသည် နှစ်ပေါင်းကြာရှည်သည့်တိုင် အောင် သိန်းသန်းချီ အဖိုးတန်လျက်ရှိသည်။ ဓာတ်ပုံရိုက်၍ မရ သောအရာများကို ပန်းချီကားက ပုံဖော်နိုင်သဖြင့် ပန်းချီကား အတတ်သည် မတိမ်ကောခြင်းဖြစ်သည်။
ပန်းချီကားတစ်ချပ်ကို လေ့လာသုံးသပ်ပြီး နားလည်သဘော ပေါက်ပါက စိတ်တည်ငြိမ်အေးချမ်းမှုအရသာကိုခံစားရသောသုခုမ ပညာရပ်တစ်ခုဖြစ်သည်။ သို့သော်ခံစားတတ်ရန်မှာ မလွယ်ကူလှပါ။ ကမ္ဘာဦးလူတို့၏ ကောက်ကြောင်းပန်းချီသည် သဘာဝကျခြင်း၊ ဟန်ပန်အမူအရာနှင့် ပြည့်စုံခြင်းတို့ကြောင့် ယခုခေတ်ပန်းချီအကျော် အမော်များပင် အံ့သြချီးကျူး ကြရသည်။ သဘာဝနှင့်ရင်းရင်းနှီးနှီး လေ့လာဆက်ဆံရသော ဂူအောင်းပန်းချီအကျော်အမော်များသည် မျက်မြင်ကိုယ်တွေ့ ဗဟုသုတကိုမှီ၍ ဖော်ပြထားခြင်းဖြစ်သည်။ ခေတ်ဦးအစောပိုင်း ကာလတွင် ပန်းချီလက်ရာများသည် ကာလစား ၍ ကွယ်ပျောက်ကုန်သော်လည်း ရှေးဟောင်း စာပေကျမ်းဂန်တို့တွင် ဖော်ပြချက်များအရ ရာဇဝင်ဒဏ္ဍာရီ၊ ရွှေဘုံနိဒါန်း၊ မင်းခမ်းမင်းနားနှင့် အဆို၊အက၊အတီး၊ အမှုတ်စသော အကြောင်းအရာများကို ရေးခြယ် ကြသည်ဟုသိရသည်။ ပုဂံခေတ်တွင် ပန်းချီရေးသောအကြောင်းခြင်း ရာများသည် ဗုဒ္ဓဝင်နိပါတ်နှင့်စပ်သည်သာများသည်။ နှောင်းခေတ် ကာလများတွင် ဗုဒ္ဓဝင်နိပါတ်တို့သာမက မင်းနှင့်စပ်သော အကြောင်းခြင်းရာများတွင်လည်း ပါဝင်လာသည်။ အတွင်းတော် အမိန့်နှင့်ဖြစ်စေ၊ လွှတ်တော်အမိန့်နှင့်ဖြစ်စေ ရေးဆွဲခိုင်းသော စီးတော်၊ ဆင်တော်၊ မင်းခမ်းမင်းနားစသော ထီးသုံးနန်းသုံး ပန်းချီ များကို ရေးဆွဲလာကြပြီး မြန်မာတို့၏ဓလေ့ထုံးသဘာဝ၊ ပျော်ရွှင်မှုဆိုင်ရာပန်းချီကားများကိုလည်း ရေးဆွဲလာကြသည်။
မြန်မာနိုင်ငံတွင် သမိုင်းမတင်မီ ကျောက်ခေတ်ကတည်းကပင် ပန်းချီရေးဆွဲမှု အတတ်ပညာရှိခဲ့ကြောင်း၊ ရှမ်းပြည်နယ်(တောင်ပိုင်း) ရွာငံမြို့နယ်ရှိ လိုဏ်ဂူများအတွင်း၌ နွားရုပ်၊ နေရုပ်၊ ငါးရုပ်အပါ အဝင် နှစ်ပေါင်းတစ်သောင်းကျော် သက်တမ်းရှိ ရှေးဟောင်းနံရံ ဆေးရေးပန်းချီများကို လေ့လာခြင်းဖြင့် သိနိုင်သည်။ မြန်မာ့ပန်းချီ ကို ခေတ်ကြီးခြောက်ခေတ်ခွဲ၍ လေ့လာနိုင်သည်။ သမိုင်း မတင်မီ ခေတ်နှင့် ပျူခေတ်၊ ပုဂံခေတ်၊ ညောင်ရမ်းခေတ်၊ ကုန်းဘောင်ခေတ်၊ ၂၀ ရာစု နှင့် နောက်ပိုင်းပန်းချီဟူ၍ ဖြစ်သည်။ ပန်းချီကားချပ်များ သည် အနုပညာ နှစ်သက်သူများအတွက် လှပသော အရာတစ်ခုဖြစ် ပါသည်။ တန်ဖိုးကြီးပြီးလှပသော ပန်းချီကားများကို မိမိတို့အိမ်၏ဧည့်ခန်းနံရံ၊ အိမ်ခန်းနံရံများတွင် ချိတ်ဆွဲထားခြင်းအားဖြင့် မိမိတို့၏အိမ်ကို အလှဆင်တတ်ကြပါသည်။ အချို့သော ပန်းချီကားများကိုမူ ဝယ်ယူခွင့်မပြုဘဲ သမိုင်းအမွေအနှစ်တစ်ခုအဖြစ် ပြသရန်အတွက် ပြတိုက်များ၊ ပြခန်းများတွင်သာ ချိတ်ဆွဲထားကြသည်။ ကမ္ဘာကျော် ပြီး ဈေးကြီးသောပန်းချီကားများအနက် မိုနာလီဇာပန်းချီကား၏ သမိုင်းကြောင်းကို တစ်စိတ်တစ်ပိုင်း ဖော်ပြပေးရမည်ဆိုလျှင် မိုနာလီဇာအပြုံးသည် ကမ္ဘာကျော် အပြုံးတစ်ခုပင်ဖြစ်သည်။ ကမ္ဘာ ပေါ်တွင် အလှပဆုံးအပြုံးဟုတင်စားကြသော ထိုပန်းချီကားချပ်၏ဖန်တီးရှင်သည် လီယိုနာဒိုဗင်ချီပင်ဖြစ်သည်။ ၁၉၂၆ ခုနှစ်တွင် ထိုပန်းချီကား၏ ပေါက်ဈေးသည် အမေရိကန်ဒေါ်လာ ၁၀ဝ မီလီယံ တန်ဖိုးရှိသည်။ အကယ်၍ မိုနာလီဇာပန်းချီကားချပ်၏ အလှအပကို ရှုမြင်ချင်သည်ဆိုလျှင် ပြင်သစ်နိုင်ငံ ပါရီမြို့တွင် တည်ရှိသော လုဗ် ပြတိုက်တွင် သွားရောက်လေ့လာ၍ ကြည့်ရှုနိုင်သည်။
ပန်းချီအနုပညာလုပ်ငန်းတွင် ပုံစံအမျိုးမျိုးရှိသည်။ ခဲပန်းချီ၊ အရောင်အသွေး စုံလင်ဆေးများဖြင့် ရေးဆွဲထားလျှင် ဆေးပန်းချီ၊ ယွန်းထည်ပစ္စည်းများအပေါ်တွင် ရေးဆွဲထားလျှင် ယွန်းပန်းချီဟု ခေါ်ဆိုကြသည်။ ထိုပန်းချီရေးဆွဲပုံအမျိုးမျိုးအနက်မှ ကွဲထွက်လာ သော ပန်းချီအနုပညာတစ်မျိုးလည်း ရှိပါသေးသည်။ ယင်းကား ပုလင်းပန်းချီဖြစ်သည်။ ပုလင်းပန်းချီသည်လည်း ဆေးရောင်စုံ ဖြင့်ရေးဆွဲသောပန်းချီဖြစ်သဖြင့် ဆေးပန်းချီပင်ဖြစ်ပါသည်။ ပုလင်း ပန်းချီ၏ အဓိပ္ပာယ်ကို ဖွင့်ဆိုရလျှင် ပုလင်းထဲတွင်ရေးဆွဲသော ကြောင့် ပုလင်းပန်းချီဟုခေါ်ခြင်း ဖြစ်သည်။ အခြားသောပန်းချီကား ချပ်များပေါ်တွင်လည်းကောင်း၊ ပုလင်း၏ အပြင်ဘက်တွင် လည်း ကောင်း ရေးဆွဲခြင်းသည်လွယ်ကူသော်လည်း ပုလင်းအတွင်းပိုင်း တွင် ပန်းချီရေးဆွဲခြင်းသည် မည်မျှခက်ခဲမည်ကို တွေးကြည့်ပါက သိနိုင်သည်။ ပုလင်းပန်းချီသည် ရှေးယခင်က မပေါ်ပေါက်သေးပါ။ ပုလင်းပန်းချီ စတင်ပေါ်ပေါက်လာသည်မှာ မကြာသေးပါ။ ပုလင်း ပန်းချီ စတင်ပေါ်ပေါက်ချိန်တွင် ပုလင်းပန်းချီရေးဆွဲ သောပုဂ္ဂိုလ်မှာ တစ်ဦးသာရှိသေးသည်။ ထိုပုဂ္ဂိုလ်မှာ “ပန်းချီဦးညိုလေး”ဖြစ်ပါသည်။ ပန်းချီ ဦးညိုလေး၏ ဇာတိမှာ ကျောက်ဆည်ခရိုင် မင်းရွာအုပ်စုဖြစ် ပါသည်။ ပုလင်းပန်းချီပညာသည် တရုတ်ပြည်ကပင်စတင်ခဲ့သည်ဟု သိရသည်။ အကြောင်းမှာ ဆရာမ မစောမုံညင်း၏ ဆောင်းပါးတွင် ၁၉၅၈ခုနှစ်တွင် တရုတ်ပြည်မှအပြန်တွင် ပုလင်းပန်းချီနှစ်လုံးဝယ်ပြီး တစ်လုံးကို ပန်းချီအောင်စိုးကို ပေးလိုက်ပြီး တစ်လုံးကို မည်သူ့ကိုပေး လိုက်ကြောင်းမမှတ်မိဟု ရေးသားထားခဲ့သည်။
အဆိုပါပုလင်းပန်းချီအကြောင်းကို ၁၉၆၄ခုနှစ်တွင် ယဉ်ကျေး မှုစာစောင်တွင် “ပုလင်းပန်းချီ” ခေါင်းစဉ်ဖြင့် ဆောင်းပါးရေးခဲ့သည် ဟုဆိုသည်။ ယခင်ပုလင်းပန်းချီပညာရှင် ဦးညိုလေးသည် ဆရာမ စောမုံညင်း၏ ပုလင်းပန်းချီ ဆောင်းပါးကို လေ့လာပြီး လေ့ကျင့်ခဲ့ရာ နောက်အနှစ် ၂၀ အကြာတွင် ပုလင်းပန်းချီ အောင်မြင်နေကြောင်း စာပို့၍ အကြောင်းကြားပြီး ပုလင်းပန်းချီသုံးလုံးကိုလည်း လူကြုံနှင့် ပို့ ပေးလိုက်သည်ဟု ဆောင်းပါးတွင် ဖော်ပြထားသည်။ ပုလင်း ပန်းချီရေးခြင်းသည် အခြားသောပန်းချီကားချပ်များနှင့် မတူပေ။
(ဆက်လက်ဖော်ပြပါမည်။)
အေးကဗျာပိုင် (ပဲခူး)
