မြန်မာနိုင်ငံမှထောပတ်သီးများကို ပြည်ပ သို့ ပိုမိုတိုးချဲ့တင်ပို့နိုင်ရန်အတွက် ချိတ်ဆက် ဆောင်ရွက်လျက်ရှိရာ လက်ရှိ၌ ဘာရိန်းနိုင်ငံသို့ မြန်မာ့ထောပတ်သီးနှင့် ထောပတ်သီးအဆီများ တင်ပို့ရောင်းချနိုင်ရန် ဆွေးနွေးမှုများ လုပ် ဆောင်လျက်ရှိကြောင်း စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။
ဘာရိန်းနိုင်ငံRiyara ကုမ္ပဏီမှ ၎င်းတို့ နိုင်ငံအတွင်းရှိ လက်လီအရောင်းဆိုင်များ၌ မြန်မာ့ထောပတ်သီး ရောင်းချလိုကြောင်း ကမ်း လှမ်းလာခြင်းဖြစ်ပြီး အဆိုပါကုမ္ပဏီမှ တာဝန် ရှိသူများနှင့် မြန်မာနိုင်ငံထောပတ်သီး စိုက်ပျိုး ထုတ်လုပ်တင်ပို့ ရောင်းချသူများအသင်း (MAVO) မှ တာဝန်ရှိသူများ၊ အိန္ဒိယနိုင်ငံ ကော်လ်ကတ္တားမြို့၊ မြန်မာစီးပွားရေးသံမှူး၊ မြန်မာကုန်သွယ်မှု မြှင့်တင်ရေးအဖွဲ့ (နေပြည် တော်)နှင့် ရှမ်းပြည်နယ် ဦးစီးမှူးရုံးတို့မှ တာဝန် ရှိသူများ စီးပွားရေးတွေ့ဆုံဆွေးနွေးမှုများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ယင်းဆွေးနွေးမှုတွင် ထုတ်လုပ်မှုပမာဏ၊ အရည်အသွေး၊ အသိအမှတ်ပြုလက်မှတ်များ၊ သယ်ယူပို့ဆောင်မည့်နည်းလမ်းနှင့် ထုတ်ကုန် သက်တမ်း(Shelf Life )စသည့်အချက်များပါဝင် ကြောင်း သိရသည်။
ထို့ပြင် မြန်မာနိုင်ငံမှGlobal GAP လက် မှတ် ရရှိထားသည့် ထောပတ်ခြံများ၊ အရည် အသွေးစစ်ဆေးထားသည့် ထောက်ခံချက်များ၊ တင်ပို့နိုင်မည့် ပမာဏများနှင့် လက်ရှိ တင်ပို့နေ သည့် ဈေးကွက်အခြေအနေတို့ကိုပါ ဆွေးနွေး ခဲ့ကြောင်း သိရသည်။
အဆိုပါ ဆွေးနွေးမှုရလဒ်အရ လာမည့် အောက်တိုဘာလလယ်တွင် မြန်မာ့ထောပတ် သီးနှင့် ထောပတ်သီးအဆီ နမူနာများကို ပေးပို့ သွားမည်ဖြစ်ပြီး လိုအပ်သည်များကို မြန်မာ ကုန်သွယ်မှု မြှင့်တင်ရေးအဖွဲ့နှင့် အိန္ဒိယနိုင်ငံ၊ ကိုလ်ကတ္တားမြို့ရှိ မြန်မာစီးပွားရေးသံမှူးတို့မှ ဆက်လက် ကူညီဆောင်ရွက်သွားမည်ဖြစ် ကြောင်း သိရသည်။
ထောပတ်သီးကို ရှမ်းပြည်နယ် (တောင် ပိုင်း၊ မြောက်ပိုင်း)နှင့် မန္တလေးတိုင်းဒေသကြီး (ပြင်ဦးလွင်)တို့တွင် အများဆုံးစိုက်ပျိုးကြပြီး ရှမ်းပြည်နယ်(တောင်ပိုင်း)တွင် တောင်ကြီး၊ဟိုပုံး၊ ညောင်ရွှေ၊ ဆီဆိုင်၊ ကလော၊ ပင်းတယ၊ ရွာငံ၊ ရပ်စောက်၊ ပင်လောင်း၊ ဖယ်ခုံ၊ လွိုင်လင်တို့တွင် လည်းကောင်း၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)တွင် လားရှိုး၊ ကွတ်ခိုင်၊ ကျောက်မဲ၊ သီပေါ၊ နောင်ချို နှင့်မန္တလေးတိုင်းဒေသကြီး (ပြင်ဦးလွင်)တို့တွင် လည်းကောင်း စိုက်ပျိုးကြကြောင်း သိရသည်။
ပန်းဆု