Main menu

Background

ဘီယာကို တားမြစ်ပိတ်ပင်ခြင်းကြောင့် စပွန်ဆာကုမ္ပဏီများ အရှုံးပေါ်နိုင်

Tue, 11/22/2022 - 11:06 -- journal_editor

ကာတာနိုင်ငံသည် ကမ္ဘာ့ဖလား ပြိုင်ပွဲမစတင်မီ  နှစ်ရက်အလိုတွင် ကစားကွင်းများအတွင်း  ဘီယာရောင်း ချမှုကို  ပိတ်ပင်တားမြစ်လိုက်ကြောင်း စီအင်န်ဘီစီ သတင်းဌာနက နိုဝင်ဘာ ၁၉ ရက်တွင် ရေးသားဖော်ပြထားသည်။
ကာတာနိုင်ငံသည် ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲမစတင်မီ နှစ်ရက်အလို ဖြစ်သည့် နိုဝင်ဘာ ၁၈ ရက်တွင် ဘောလုံး အားကစားကွင်းများအတွင်း  ဘီယာ ရောင်းချမှုအားလုံးကို  တားမြစ်ပိတ်ပင် လိုက်ကြောင်း ကမ္ဘာ့ဘောလုံး အဖွဲ့ချုပ်(FIFA) က  နိုဝင်ဘာ ၁၉ ရက်တွင် အတည်ပြု ပြောကြားခဲ့သည်။
ကာတာနိုင်ငံမှ တာဝန်ရှိသူများ နှင့်  ဖီဖာတို့အကြား  ဆွေးနွေးမှုများ ပြုလုပ်အပြီးတွင် FIFA Fan Festival၊ တခြား ပရိသတ်နေရာများနှင့် လိုင်စင် ရထားသည့်  နေရာများတွင် အရက် ယမကာများ ရောင်းချရန် အာရုံစိုက်ပြီး ကာတာ၏ FIFA World Cup 2022  အားကစားကွင်းပတ်ပတ်လည်၌ ဘီယာ ရောင်းချသည့် နေရာများကို ဖယ်ရှား ရန် ဆုံးဖြတ်ချက်ချခဲ့ကြောင်း ဖီဖာ၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။
ကာတာနိုင်ငံသည် အရက်ကို အပြည့်အဝ  တားမြစ်ထားခြင်း မရှိသော်လည်း ရောင်းချမှုနှင့် စားသုံးမှုကို တင်းတင်းကျပ်ကျပ် ထိန်းချုပ်ထားသည့် နိုင်ငံတစ်နိုင်ငံဖြစ်သည်။ သို့သော် Budweiser ၏ အရက်မဟုတ်သော ဘီယာ Bud Zero ကို ကမ္ဘာ့ဖလားပြိုင်ပွဲ ကျင်းပမည့် အားကစားကွင်း ရှစ်ကွင်းစလုံးတွင်  ဆက်လက်ရောင်းချသွား မည်ဖြစ်ကြောင်း  ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ယခုပြိုင်ပွဲတွင် Budweiser က အမေရိကန်ဒေါ်လာ ၇၅ သန်း စပွန် ဆာပေးထားခြင်းကြောင့်   ကာတာ တာဝန်ရှိသူများကို ပြန်လည်မေးခွန်း ထုတ်မှုများ ရှိနေသည်။ ထို့ပြင် ကမ္ဘာ့ ဖလားပြိုင်ပွဲများတွင် တစ်ကြိမ်တစ်ခါမျှ မကြုံဖူးသည့် ယခုဖြစ်စဉ်ကို ပရိသတ် အများစုက အကျေမနပ်ဖြစ်နေကြောင်း နှင့် ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် ကာတာ နိုင်ငံကို ရွေးချယ်ခဲ့သည့် ဖီဖာကိုလည်း အပြစ်တင်နေကြသည်။
ထိုကဲ့သို့    ဖြစ်စဉ်များကြောင့် ကမ္ဘာ့ဖလားပြိုင်ပွဲတွင်    လာရောက် ရင်းနှီးမြှုပ်နှံကြသည့် ယမကာကုမ္ပဏီ များမှာ အရှုံးနှင့် ရင်ဆိုင်ရတော့မည် ဖြစ်ကြောင်း  ဝေဖန်သုံးသပ်နေကြ သည်။
ကမ္ဘာလှည့်ခရီးသည် ၁ ဒသမ ၂  သန်းခန့် လာရောက်ရန် မျှော်မှန်းထား သည့် ကာတာသည် ပြဿနာများစွာနှင့် ပတ်သက်၍ အငြင်းပွားမှုများ၊ ဝေဖန်မှု များဖြင့် ရင်ဆိုင်နေရပြီလည်းဖြစ်သည်။ ၎င်းတို့ထဲတွင် လူ့အခွင့်အရေးဆိုင်ရာ  စိုးရိမ်မှုများ၊  အလုပ်သမားများ၏ အခြေအနေများ၊ ဧည့်ခံနိုင်မှုပြဿနာ များ၊  ယဉ်ကျေးမှုနှင့်  ဘာသာရေး ဆိုင်ရာ ကန့်သတ်ချက်များ စသည်ဖြင့်  အမျိုးမျိုး ရင်ဆိုင်ကြုံတွေ့နေရသည်။
Source; CNBC