Main menu

Background

ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးနှင့် ငါး၊ ပုစွန်မွေးမြူရေးလုပ်ငန်း

Wed, 01/03/2018 - 14:07 -- journal_editor

     ရခိုင်ပြည်နယ်၏ စီးပွားရေးလုပ် ငန်းများအနက် ရေလုပ်ငန်းသည် အဓိက နေရာမှ ပါဝင်လျက်ရှိသည်။  ရခိုင်တိုင်း ရင်းသားများသည် ငါး၊  ပုစွန်ဖမ်းဆီး ရေးလုပ်ငန်းများနှင့် သဘာဝနည်းဖြင့်  ရေငန်ပုစွန် မွေးမြူသည့် လုပ်ငန်းများ ကို လုပ်ကိုင်ဆောင်ရွက်လျက်ရှိကြသည်။ ဒေသခံများ၏ စီးပွားရေး တောင့်တင်း ခိုင်မာမှု အားနည်းသည့်အတွက် ကမ်းဝေးငါးဖမ်းစက်လှေကြီးများဖြင့် ငါးဖမ်း သည့်လုပ်ငန်းများကို ဆောင်ရွက်ခြင်း မပြုနိုင်ဘဲ ကမ်းနီးငါးဖမ်းလုပ်ငန်းများ ကိုသာ လုပ်ကိုင်ဆောင်ရွက်လျက်ရှိ ကြောင်း သိရှိရပါသည်။
ယခုအချိန်အခါတွင် ရခိုင်ဒေသခံ ငါးဖမ်းလုပ်ငန်းလုပ်ကိုင်သူများ အဓိက  အားထားရာ ကမ်းရိုးတန်း ကမ်းဦးရေပြင် တွင် ငါး၊ ပုစွန် သယံဇာတများ ယခင် ထက်စာလျှင်များစွာ လျော့နည်းကျ ဆင်းလာသောကြောင့် ရေရှည် ထုတ်ယူ သုံးစွဲနိုင်ရေးအတွက် သဘာဝအခြေခံဖမ်းဆီးရေးလုပ်ငန်းများကို အကန့်အသတ် များဖြင့် ထိန်းသိမ်း ဆောင်ရွက်ရမည့် အခြေအနေသို့ ရောက်ရှိနေကြောင်း သိရှိရပါသည်။
ရခိုင်ပြည်နယ်ကမ်းရိုးတန်းတစ်လျှောက်တွင် လွန်ခဲ့သည့် ၂၅ နှစ်ခန့်မှ စတင်၍ ပင်လယ်ဒီရေ တက်သည့် ဒေသများတွင် ကန်ဘောင်များ တူးဖော် ၍ ပင်လယ်ရေဖြင့်ပါလာသည့် ရေငန် ပုစွန်ကျားသားပေါက်များကို ကန်တွင်း သို့သွင်းကာ အစာမကျွေးဘဲ သဘာ၀ နည်းဖြင့် မွေးမြူထုတ်လုပ်ခဲ့ရာ ငါးလုပ်ငန်း ဦးစီးဌာန၏ ၂၀၁၆ ခုနှစ်၊ အောက်တို ဘာလ ၃၀ ရက်စာရင်းများအရ ပုစွန် မွေးတောင်သူ တစ်သောင်းကျော်သည် ပုစွန်ကန်ဧက ၁ ဒသမ ၅ သိန်းကျော်ကို မွေးမြူလျက်ရှိကြောင်း သိရှိရပါသည်။
စတင်ဆောင်ရွက်စဉ်က ကန်ပေါင် များ တောင့်တင်းခိုင်မာခြင်း၊ သဘာဝမှ ပုစွန်သားပေါက် ဝင်ရောက်မှုများခြင်း စသည့် အားသာချက်များကြောင့် ပုစွန် မွေးကန်တစ်ရာသီတွင် တစ်ဧကလျှင် ပုစွန်ကျား ၂၅ ပိဿာခန့် ရရှိခဲ့ကြောင်း သိရှိရပါသည်။သို့ပါသော်လည်း လက်ရှိကာလ တွင် ပုစွန်မွေးမြူရေးကန်များ၏ ကန် ပေါင်များ တောင့်တင်း ခိုင်မာမှု အား နည်းလာကာ မွေးမြူရန်သင့်တော်သည့် ရေထုကိုမထိန်းသိမ်းနိုင်ခြင်း၊ သဘာ၀ ဘေးအန္တရာယ်များဖြစ်သည့် မုန်တိုင်း များ ဝင်ရောက်တိုက်ခတ်သဖြင့် ကန် ပေါင်ထုများ အားနည်းကာရေကြီး၊ ရေလျှံ ခြင်း၊ ရေနစ်မြှုပ်ခြင်းစသည်တို့ နှစ်စဉ် လိုလို ကြုံတွေ့နေရခြင်း၊ သဘာဝမှ ပုစွန် သားပေါက်ဝင်ရောက်မှုများစွာ လျော့ နည်းလာခြင်း စသည့် အကြောင်းရင်း များကြောင့် ပုစွန်မွေးမြူရေးကန်များ တွင် တစ်ရာသီလျှင် တစ်ဧက ပုစွန်ကျား ပိဿာချိန် ငါးပိဿာခန့်သာ ထွက်ရှိ တော့ကြောင်း သိရှိရပါသည်။
မျက်မှောက်ကာလတွင် ရခိုင် ပြည်နယ်အတွင်း စီးပွားရေးနိမ့်ကျမှု အပေါ် အခြေခံကာလူမှုပဋိပက္ခများ ဖြစ်ပေါ်လျက်ရှိပါသည်။ အဆိုပါ လူမှု ပဋိပက္ခများ ပြေငြိမ်းစေရေးအတွက် ဆောင်ရွက်ရာ၌ စီးပွားရေးဖွံ့ဖြိုးတိုးတက် လာစေရန် ဆောင်ရွက်ပေးခြင်းသည် လည်း အဓိကနည်းလမ်းတစ်ခု ဖြစ်ပါ သည်။  ဆောင်ရွက်ရမည့် နည်းလမ်း များအနက်မှ ပုစွန်မွေးမြူရေးလုပ်ငန်း များ ဘက်စုံဖွံ့ဖြိုးတိုးတက်မှုပေါ်တွင်တစ်ဖက်တစ်လမ်းမှ များစွာ အထောက် အကူပြုမည်ဖြစ်ကြောင်း သိရှိရပါသည်။
သဘာ၀ ပုစွန်မွေးမြူရေးလုပ်ငန်း များ ဖွံ့ဖြိုးတိုးတက်စေရန် အားပေး ကူညီဆောင်ရွက်ရာတွင် ပုစွန်မွေးမြူ ရေးကန်များ၏ ကန်ပေါင်များ တောင့် တင်းခိုင်မာ၍ ရေကို သိုလှောင်ထိန်းသိမ်း နိုင်ပြီး သဘာဝဘေးအန္တရာယ်များမှ ကင်းလွတ်စေရန် စက်ယန္တရားကြီးများ အသုံးပြုကာ နှစ်ရှည်ပေးဆပ်သည့်စနစ် ဖြင့် ပြန်လည် တူးဖော်ပေးခြင်း ၊ ကျန်း မာသန်စွမ်းသည် ရေငန်ပုစွန် ကျားသား ပေါက်များ လုံလောက်စွာ ထုတ်လုပ်ပေး နိုင်မည့် သားပေါက်စခန်းများ တည် ထောင်ပေးခြင်း၊ မွေးမြူရေးတောင်သူ များအား မွေးမြူရေးဆိုင်ရာ နည်း စနစ်များ သင်ကြားပို့ချပေးခြင်းစသည့် လုပ်ငန်းစဉ်များကို ပြည်ထောင်စုနှင့် ပြည်နယ်အစိုးရ အဖွဲ့များမှ စနစ်တကျ အားပေးကူညီဆောင်ရွက်ပေးနိုင်ပါက ပုစွန်မွေးမြူရေးလုပ်ငန်းများအနေဖြင့် ထုတ်လုပ်မှုများစွာ တိုးတက်လာပြီး ပြည်နယ်စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု အတွက် များစွာ အထောက်အကူပြု  ခြင်း ၊ နိုင်ငံတကာဈေးကွက်များတွင် ဈေးကောင်း ရရှိလျက်ရှိသော ပုစွန် ကျားအကောင်ကြီးများကို ပြည်ပသို့  တင်ပို့နိုင်မည့်အတွက် နိုင်ငံခြားဝင်ငွေ တိုးမြှင့်ရရှိခြင်း၊ အလုပ်အကိုင် အခွင့် အလမ်းများ တိုးတက် ရရှိခြင်းစသည့် ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ အကျိုးကျေးဇူး များကို လက်တွေ့ကျကျ ခံစားရမည် ဖြစ်ကြောင်း သိရှိရပါသည်။
ရခိုင်ပြည်နယ်၏ လက်ရှိ သဘာ၀ ပုစွန်မွေးမြူရေးကန် ၁ ဒသမ ၅ သိန်းမှ ပုစွန်ကျား တစ်ဧကလျှင် ၂၅ ပိဿာ ထွက်ရှိစေရန် စနစ်တကျ စီမံဆောင် ရွက်နိုင်ပါက ပုစွန်ပိဿာချိန် ၃၇၅၀၀၀၀ တန်ချိန်အားဖြင့် မက်ထရစ်တန် ၆၁၀၀ ထွက်ရှိမည်ဖြစ်ရာ လက်ရှိနိုင်ငံတကာပုစွန်သားပေါက်ဈေး ပျမ်းမျှမက်ထရစ် တစ်တန်လျှင် အမေရိကန် ဒေါ်လာ ၁၀၀၀၀ နှုန်းဖြင့် စုစုပေါင်း အမေရိကန် ဒေါ်လာသန်း ၆၀ ခန့်ရရှိနိုင်ပါကြောင်း နှင့် ပိုမိုကောင်းမွန်သည့် မွေးမြူရေးစနစ် များသို့ ကူးပြောင်းနိုင်ပါက ပိုမိုထွက် ရှိလာပြီး ပြည်ပဝင်ငွေနှင့် အလုပ်အကိုင် အခွင့်အလမ်းများ ပိုမိုရရှိလာစေမည် ဖြစ်ပါကြောင်း သတင်းရရှိပါသည်။

ခိုင်သဉ္ဇာ(MYANTRADE)