စင်ကာပူနိုင်ငံသည် အာဆီယံအဖွဲ့ဝင် ၁၀ နိုင်ငံ (ဘရူနိုင်း၊ ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား၊ လာအို၊ မလေးရှား၊ မြန်မာ၊ ဖိလစ်ပိုင်၊ စင်ကာပူ၊ ထိုင်း၊ ဗီယက်နမ်) နှင့် သြစတြေးလျ၊ တရုတ်၊ ဂျပန်၊ နယူးဇီလန်နှင့် ကိုရီးယားသမ္မတနိုင်ငံတို့ ပါဝင်သည့် လွတ်လပ်စွာ ကုန်သွယ်မှုသဘောတူစာချုပ်တစ်ခုဖြစ်သည့် ဒေသတွင်းဘက်စုံ စီးပွားရေးပူးပေါင်းဆောင်ရွက်မှု (RCEP) ကို ပထမဆုံး အတည်ပြုရန် ဆောင်ရွက်ခဲ့သည့်နိုင်ငံဖြစ်သည်။
RCEP ကို ဆယ်စုနှစ်တစ်ခုကြာ စေ့စပ်ညှိနှိုင်းပြီးနောက် ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလတွင် လက်မှတ်ရေးထိုးခဲ့ပြီး ၂၀၂၂ ခုနှစ် ဇန်နဝါရီလတွင် အတည်ပြုခဲ့သည်။ ကမ္ဘာ့ဘဏ်မှ အချက်အလက်များအရ အဆိုပါသဘောတူစာချုပ်သည် ကမ္ဘာ့လူဦးရေ၏ ၃၀ ရာခိုင်နှုန်း၊ ခန့်မှန်းခြေအားဖြင့် ကမ္ဘာ့ GDP ၏ ၃၀ ရာခိုင်နှုန်း (အမေရိကန်ဒေါ်လာ ၂၅ ဒသမ ၈ ထရီလီယံ)၊ ကမ္ဘာ့ကုန်သွယ်မှု၏ ၂၅ ရာခိုင်နှုန်း (အမေရိကန်ဒေါ်လာ ၁၂ ဒသမ ၇ ထရီ လီယံ)နှင့် ကမ္ဘာ့နိုင်ငံခြား တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု (FDI) စီးဝင်မှု၏ ၃၁ ရာခိုင်နှုန်းကို လွှမ်းခြုံနိုင်မည်ဟု ခန့်မှန်းထားသည်။
အာဆီယံသည် RCEP မှတစ်ဆင့် ကုန်စည် နှင့် ဝန်ဆောင်မှုများကို အသားတင် တင်သွင်းသူအဖြစ်ရှိနေရာမှ အသားတင် တင်ပို့သူအဖြစ် ပြောင်းလဲနိုင်ရန်နှင့် ယင်းသည် အာရှဒေသတွင်းတိုးတက်မှု ရရှိစေသည့်မောင်းနှင်အားအသစ် ဖြစ်လာစေရန် မျှော်မှန်းထားသည်။
စင်ကာပူနိုင်ငံသည် RCEP အရ ကမ္ဘာ့ထောက်ပံ့ရေးကွင်းဆက်များကို ထပ်မံပေါင်းစည်းစေခြင်းနှင့် နိုင်ငံ၏အနေအထားကို အာရှ-ပစိဖိတ် ဒေသတွင်းဘဏ္ဍာရေးနှင့် စီးပွားရေးအချက်အချာနေရာအဖြစ် အားကောင်းလာစေရန် ဆောင်ရွက်ခြင်းဖြင့် ရေရှည်အကျိုးအမြတ်များ ရရှိရန်မျှော်မှန်းထားသည်။
RCEP တွင် လက်မှတ်ရေးထိုးသူများသည် ကုန်သွယ်မှုပြုသည့် ကုန်ပစ္စည်းများအတွက် ပျမ်းမျှအကောက်ခွန်ကင်းလွတ်ခွင့် ၉၂ ရာခိုင်နှုန်း ခန့်ကို နောင်လာမည့်နှစ် ၂၀ အတွင်း အဆင့်ဆင့် ခံစားခွင့်ရနိုင်မည်ဖြစ်သည်။ အဆိုပါအချက်သည် တန်ဖိုးမြင့်ကုန်ပစ္စည်းများကို ပို့ကုန်ဦးစားပေးထုတ်လုပ်သည့် စင်ကာပူနိုင်ငံအတွက် အကျိုးရှိမည်ဖြစ်ပြီး RCEPအရ ဒေသတွင်းဈေးကွက်များ၌ ဝင်ရောက်ယှဉ်ပြိုင်ခွင့်ပြုခြင်းဖြင့် စင်ကာပူနိုင်ငံရှိ ထုတ်လုပ်သူများသည် သာလွန်ကောင်းမွန်သည့် ဈေးကွက်ဝင်ရောက်ခွင့်ကို ရရှိနိုင်မည်ဖြစ်သည်။
ထို့ပြင် သဘာဝသယံဇာတ အရင်းအမြစ်များမရှိသော နိုင်ငံငယ်လေးဖြစ်သည့် စင်ကာပူနိုင်ငံသည် ၎င်း၏ စက်မှုလုပ်ငန်းနှင့် ပို့ကုန်များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လွတ်လပ်သော ကုန်သွယ်မှုသဘောတူစာချုပ် (FTA) အပေါ်တွင် များစွာမှီခိုနေရသည်။ စင်ကာပူနိုင်ငံတွင် ၁၉၉၀ ပြည့်နှစ်များကပင် ၎င်း၏ ထောက်ပံ့ရေးကွင်းဆက်များကို ပြောင်းလဲပေးခဲ့သည့် ဒေသတွင်း FTA ၁၁ ခုနှင့် နှစ်နိုင်ငံသဘောတူညီမှု ကွန်ရက် ၁၃ ခု ရှိခဲ့ပြီးဖြစ်သဖြင့် စင်ကာပူနိုင်ငံရှိ ကုမ္ပဏီများသည် နိုင်ငံရပ်ခြားသို့ သွားရောက်စွန့်စားလုပ်ကိုင်နိုင်သည့်အပြင် အသေးစားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများကိုလည်း နိုင်ငံ၏အသေးစားပြည်တွင်းဈေးကွက်ကန့်သတ်ချက်များမှ ကင်းလွတ်ဆောင်ရွက်စေခြင်းဖြင့် အထောက်အကူပေးနိုင်ခဲ့သည်။
သဘောတူစာချုပ်တွင် RCEP အဖွဲ့ဝင် နိုင်ငံ ၁၅ နိုင်ငံမှ ထုတ်ကုန်တိုင်း လိုက်နာရမည့် ပင်ရင်းနိုင်ငံစည်းမျဉ်းနှင့်စပ်လျဉ်း၍ ပေါင်းစပ် မူဘောင်တစ်ခု ချမှတ်ထားသည်။ ဆိုလိုသည်မှာ စင်ကာပူနိုင်ငံမှ ထုတ်လုပ်သူများသည် ပင်ရင်းဖြစ်မှုရေတွက်ရာတွင် RCEP နိုင်ငံပေါင်း ၁၅ နိုင်ငံမှ Regional Value Content (RVC) စံသတ်မှတ်ချက်အရ ကုန်ကြမ်းနှင့် တစ်ပိုင်းတစ်စ ထုတ်လုပ်ထားသည့် ကုန်ကြမ်းများကို စုစည်းနိုင်သည်ဟုဆိုလိုပါသည်။ RVC စည်းမျဉ်းအရ ထုတ်ကုန်တစ်ခုသည် အကောက်ခွန်သက်သာခွင့်အတွက် ပင်ရင်းနိုင်ငံလက်မှတ်ရရှိရန် အနည်းဆုံး ၄၀ ရာခိုင်နှုန်း RVC ရှိရန် လိုအပ်သည်။
RCEP ၏ ညီညွတ်မျှတသော စည်းမျဉ်းများမရှိပါက စီးပွားရေးလုပ်ငန်းများအနေဖြင့် အကောက်ခွန်သက်သာခွင့်များ ရရှိခံစားနိုင်ရန်အတွက် ထောက်ပံ့ရေးကွင်းဆက်များတစ်လျှောက် ကွဲပြားလျက်ရှိသော စံနှုန်းများကိုပြည့်မီစေရန် FTA များစွာကို အသုံးပြု၍ ဆောင်ရွက်ကြ မည်ဖြစ်သည်။ အဆိုပါကိစ္စရပ်သည် ပစ္စည်းများ၏ ပင်ရင်းနိုင်ငံကို ဆုံးဖြတ်သည့်အခါ စီမံခန့်ခွဲမှုဆိုင်ရာ ဝန်ထုပ်ဝန်ပိုးကိုဖြစ်စေနိုင်ပြီး FTA တစ်ခုချင်း အလိုက် အကောက်ခွန် သက်သာခွင့်များ တောင်းဆိုရာ၌ ကိုက်ညီမှုမရှိခြင်းကြောင့် ဆုံးရှုံးနိုင်ခြေများ တိုးမြင့်လာနိုင်သည်။ RCEP အရ ပင်ရင်းနိုင်ငံ စည်းမျဉ်းခွင့်ပြုချက်သည် လိုအပ်သော စာရွက်စာတမ်းများ၊ ဒေသဆိုင်ရာပါဝင်မှုနှင့် ၎င်း၏အဖွဲ့ဝင်နိုင်ငံများတစ်လျှောက်ရှိ ထောက်ပံ့ရေးကွင်းဆက်များအတွက် ပင်ရင်းနိုင်ငံ သက်သေခံလက်မှတ် စသည့် လုပ်ထုံးလုပ်နည်းများနှင့် ကိုက်ညီမှုရှိရမည်ဖြစ်ပါသည်။ Allianz ၏ အစီရင်ခံစာတွင် ပို့ကုန်ကုန်ကျစရိတ် လျော့နည်းခဲ့ခြင်းကြောင့် စင်ကာပူနိုင်ငံနှင့် လက်မှတ်ရေးထိုးထားသည့် နိုင်ငံများအကြား ပို့ကုန်တန်ဖိုးကို ပျမ်းမျှအားဖြင့် နှစ်စဉ် ဒေါ်လာ ၉၀ ဘီလီယံခန့် မြှင့်တင်နိုင်မည်ဟု ခန့်မှန်းဖော်ပြထားသည်။
ဈေးကွက်ဝင်ရောက်ခွင့်ချဲ့ထွင်ခြင်း
လက်ရှိ အာဆီယံ +၁ FTA များနှင့် နှိုင်းယှဉ်ပါကRCEP သည် Negative List Approach နည်းလမ်းကို မိတ်ဆက်၍ ဝန်ဆောင်မှုများကို ဖြေလျှော့ပေးနိုင်မည့် အထူးနည်းလမ်းတစ်ခုကို ဆောင်ရွက်ခဲ့သည်။ Positive List Approach နည်းလမ်းနှင့် ဆန့်ကျင်ဘက်ဖြစ်သည့် အဆိုပါ နည်းလမ်းတွင် RCEP ပါဝင်မှုမှ အချို့ဝန်ဆောင်မှုများနှင့် ရင်းနှီးမြှုပ်နှံမှုကဏ္ဍများကို ဖယ်ရှားရန်အတွက် အစိုးရများသာ လိုအပ်မည်ဖြစ်သည်။ တစ်နည်းအားဖြင့် ဝန်ဆောင်မှုနှင့် ရင်းနှီးမြှုပ်နှံမှုများအားလုံးသည် ဈေးကွက်ဝင်ရောက်ခွင့်အတွက် အရည်အချင်းပြည့်မီကြောင်းကို အလိုအလျောက် နားလည်နိုင်မည်ဖြစ်သည်။ စင်ကာပူနိုင်ငံအပါအဝင် RCEP အဖွဲ့ဝင် ခုနစ်နိုင်ငံသည် Negative List Approach ကိုရွေးချယ်ခဲ့ပြီး ကျန်အဖွဲ့ဝင်ရှစ်နိုင်ငံက Positive List Approachကို ရွေးချယ်ခဲ့ကာ RCEP အသက်ဝင်လာပြီးနောက် ခြောက်နှစ်အတွင်း Negative List Approach ကို လက်ခံကျင့်သုံးရန် လိုအပ်မည်ဖြစ်သည်။
ထို့ပြင်RCEP သည် နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများအတွက် ဝန်ဆောင်မှုကဏ္ဍများ (ဥပမာ- ဘဏ္ဍာရေး၊ ဆက်သွယ်ရေး၊ ဖြန့်ဖြူးရေးနှင့် ထောက်ပံ့ပို့ဆောင်ရေး ဝန်ဆောင်မှုများအပါအဝင်) အနည်းဆုံး ၆၅ ရာခိုင်နှုန်းအတွက် ဝန်ဆောင်မှု ပေးနိုင်ရန် ရည်မှန်းထားသည်။ အဆိုပါ အနေ အထားသည် စင်ကာပူနိုင်ငံ၏ အဓိကဖြစ်သည့် ဘဏ္ဍာရေးနှင့် သယ်ယူပို့ဆောင်ရေး ဝန်ဆောင်မှု များကို ကွဲပြားခြားနားသော ဈေးကွက်များသို့ ပိုမိုတင်ပို့ရာ၌ လွယ်ကူချောမွေ့စေမည့် ယခင် တွေ့ကြုံခဲ့ဖူးခြင်းမရှိသော ဖြေလျှော့မှုပုံစံကို ခံစားရခြင်းဖြစ်သည်။
ကုန်ထုတ်လုပ်မှု
စင်ကာပူနိုင်ငံ၏ အီလက်ထရွန်နစ်ပစ္စည်း ထုတ်လုပ်မှုတစ်ခုတည်းကပင် စုစုပေါင်းGDP ၏ ၈ ရာခိုင်နှုန်း၊ ၂၀၂၀ ပြည့်နှစ်တွင်း ရင်းနှီးမြှုပ်နှံဆိုင်ရာ ပိုင်ဆိုင်မှု စုစုပေါင်း၏ ၃၈ ရာခိုင်နှုန်းနှင့် ကုန်ထုတ်လုပ်မှုဆိုင်ရာ အလုပ်အကိုင် စုစုပေါင်း၏ ၂၀ ရာခိုင်နှုန်းတို့ဖြစ်သည်။ စင်ကာပူနိုင်ငံသည် Demiconductor ထုတ်ကုန်၌ ကမ္ဘာ့ဈေးကွက်ဝေစု ၏ ၁၁ ရာခိုင်နှုန်း ရရှိထားသည်သာမက မိုဘိုင်းလ်ဖုန်းများ၊ ဒစ်ဂျစ်တယ် ကင်မရာများနှင့် ရုပ်မြင်သံကြားများ စသည့် အဆင့်မြင့်နည်းပညာသုံး ကုန်ထုတ်လုပ်ငန်းများ၏ အချက်အချာနေရာတစ်ခုဖြစ်သည်။ RCEP တွင် ဘုံသဘောတူညီထားသည့် ပင်ရင်းနိုင်ငံစည်းမျဉ်းအရ RCEP နိုင်ငံများမှ တင်သွင်းသည့် အလယ်အလတ်အဆင့်ရှိ ပစ္စည်းအစိတ်အပိုင်းများကို အဆင့်မြင့်နည်းပညာများအသုံးပြု၍ ထုတ်လုပ်သည့် အီလက်ထရွန်နစ် ပစ္စည်းများ၏ တန်ဖိုးကွင်းဆက်များတစ်လျှောက် အကျိုးအမြတ် ရရှိစေမည်ဖြစ်သည်။ ထို့ပြင် စင်ကာပူနိုင်ငံမှ ထုတ်လုပ်သူများသည် မလေးရှား၊ တောင်ကိုရီးယား၊ တရုတ်နှင့် ဖိလစ်ပိုင် တို့ရှိ အဆင့်မြင့် နည်းပညာနှင့် mid-stream ထုတ်လုပ်သူများက အီလက်ထရွန်နစ် ဆားကစ်များ ပေါင်းစည်းခြင်းနှင့် အသေးစား တပ်ဆင်မှုများ ပြုလုပ်ရန် တင်သွင်းခြင်းနှင့် တင်ပို့ခြင်းများ တိုး တက်လာခဲ့ပြီး ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ ကဲ့သို့သော လုပ်သားကုန်ကျစရိတ်နည်းပါးသည့် နိုင်ငံများတွင် ကုန်ထုတ်စက်ရုံများ ထူထောင်ခြင်းမှလည်း အကျိုးကျေးဇူးရရှိနိုင်မည်ဖြစ်သည်။
ဓာတုဗေဒပစ္စည်းနှင့် ရေနံထုတ်လုပ်မှုသည်လည်း တရုတ်နိုင်ငံ၏ ရပ်ဝန်းနှင့် ပိုးလမ်းမစီမံကိန်း (BRI) တစ်လျှောက် ကုန်သွယ်မှုနှင့် စွမ်းအင်ဆိုင်ရာ ချိတ်ဆက်မှုများကြောင့် အခွင့်အလမ်းများစွာ ရှိသည့် လုပ်ငန်းများဖြစ်သဖြင့် RCEP အရ ဆက်လက်တိုးတက်လာမည်ဟု ခန့်မှန်းထားသည်။ စင်ကာပူနိုင်ငံ၌ ကမ္ဘာလုံးဆိုင်ရာ ဓာတုဗေဒကုမ္ပဏီ ပေါင်း ၁၀ဝ ကျော်ရှိပြီး ၎င်း၏ ကျွန်းနှစ်ကျွန်းဖြစ် သည့် Jurong Island နှင့် Bukom ကျွန်းတို့ကို ရေနံနှင့် ဓာတုဗေဒလုပ်ငန်းအတွက်သာ ရည်ရွယ် ၍ ဒီဇိုင်းပုံစံ ရေးဆွဲထားသည်။ စင်ကာပူနိုင်ငံကို အာရှ၏ အငြင်းပွားဖွယ်မရှိသော ရေနံအချက်အချာဒေသဟုလည်း ခေါ်ဝေါ်ကြပြီး တင်ပို့မှု စုစုပေါင်း အမေရိကန်ဒေါ်လာ ၂၇ ဘီလီယံဖြင့် ၂၀၂၀ ပြည့်နှစ်အတွင်း ကမ္ဘာ့စတုတ္ထအများဆုံး သန့်စင်ပြီး ရေနံတင်ပို့သူလည်းဖြစ်သည်။ စင်ကာပူနိုင်ငံသည် ၂၀၂၁ ခုနှစ်တွင် တရုတ်နိုင်ငံသို့ ဓာတုဗေဒပစ္စည်းတင်ပို့မှု တန်ဖိုး အမေရိကန် ဒေါ်လာ ၅ ဒသမ ၉၉ ဘီလီယံရှိခဲ့သည်။
ငွေကြေးဆိုင်ရာ ဝန်ဆောင်မှုများ
စင်ကာပူနိုင်ငံသည် ပြည်တွင်းဘဏ်များနှင့် နိုင်ငံမျိုးစုံတွင် အခြေစိုက်ထားသော ဘဏ်ပေါင်း ၂၀ဝ ကျော်ကို လက်ခံထားသည့် ကမ္ဘာ့ဘဏ္ဍာရေး အချက်အချာနေရာတစ်ခုလည်းဖြစ်သည်။RCEP အရ တိုးပွားလာသော ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု စီးဆင်းမှုများကြောင့် ငွေကြေးဆိုင်ရာ ဝန်ဆောင်မှုနှင့် သက်ဆိုင်သည့် တောင်းဆိုမှုများ မြင့်တက်လာပြီး ဘဏ်လုပ်ငန်း၊ ရင်းနှီးမြှုပ်နှံမှုနှင့် အာမခံလုပ်ငန်း စသည်တို့ကို စီမံခန့်ခွဲနိုင်ရေးအတွက် လုပ်ငန်းများမှ ရှာဖွေရာ၌ စင်ကာပူနိုင်ငံသည် အဆိုပါဝန်ဆောင်မှုများကို အဓိက ပံ့ပိုးပေးနိုင်သူ ဖြစ်လာမည်ဖြစ်သည်။ RCEP သဘောတူညီချက်၌ ငွေကြေးဆိုင်ရာဝန်ဆောင်မှုများ ဖြေလျှော့ပေးခြင်းနှင့် စပ်လျဉ်း၍ သီးခြားအခန်း တစ်ခုပါဝင်ပြီး နိုင်ငံခြားနှင့် ပြည်တွင်းရှိ ငွေကြေး လုပ်ငန်း ဆောင်ရွက်သူများနှင့် စပ်လျဉ်း၍ ခွဲခြားဆက်ဆံမှုဆိုင်ရာ စည်းမျဉ်းများ ပါဝင်သည်။ Ernst & Young တို့၏ အစီရင်ခံစာတွင် သင့်တင့်မျှတကျိုးကြောင်းဆီလျော်စွာ ဆောင်ရွက်ခြင်းဖြင့် ငွေပေးချေမှု၊ အာမခံနှင့် ငွေချေးလုပ်ငန်း စသည် တို့ကို နယ်စပ်ဒေသတစ်လျှောက် နည်းပညာသုံး ငွေကြေးဝန်ဆောင်မှု ပလက်ဖောင်းများနှင့် ဝန်ဆောင်မှုများ စီမံပေးခြင်းဖြင့် ဈေးကွက်ဝင်ရောက်မှုကို ဆွဲဆောင်နိုင်မည်ဟု ဖော်ပြထားသည်။ အဆိုပါ ဝန်ဆောင်မှုသည် အာဆီယံဒေသတွင်း စုစုပေါင်းလူဦးရေ၏ ၅၀ ရာခိုင်နှုန်းရှိသော ဘဏ်ဝန်ဆောင်မှုကို ပုံမှန်သုံးစွဲလေ့မရှိသည့်သူများနှင့် လုံးဝသုံးစွဲခြင်း မရှိသေးသောသူများကို ငွေကြေးဝန်ဆောင်မှုများ ပေးနိုင်ရေး စီမံဆောင် ရွက်ရာတွင် အဓိကအခန်းကဏ္ဍအနေဖြင့် ပါဝင် နိုင်မည်ဖြစ်သည်။
ဒစ်ဂျစ်တယ်စီးပွားရေး
RCEP သည် e-commerce၊ ဒစ်ဂျစ်တယ် ဝန်ဆောင်မှုများနှင့် ဒစ်ဂျစ်တယ်ကုန်သွယ်မှုဆိုင်ရာ မူဘောင်တစ်ခုကို ထူထောင်ထားရှိသည်။ RCEP သည် စားသုံးသူများ၏ ကိုယ်ရေးကိုယ်တာ အချက်အလက်များ၊ Paperless ကုန်သွယ်မှု၊ အီလက်ထရွန်နစ် အထောက်အထား စိစစ်သည့် စနစ်များနှင့် ဆိုက်ဘာလုံခြုံရေးတို့ကို အကာအကွယ်ပေးရန် ကတိပြုထားသည်။ အဆိုပါ မူဘောင်သည် စင်ကာပူနိုင်ငံ၏ဒေသတွင်း၌ ကမ္ဘာ လုံးဆိုင်ရာ ဒစ်ဂျစ်တယ်ဗဟိုချက် ဖြစ်လာစေရေး မျှော်မှန်းချက်ကို ဖြည့်ဆည်းပေးနိုင်မည်ဖြစ်သည်။
Google ၊ Temasek နှင့် Bain & Company တို့၏ အစီရင်ခံစာအရ စင်ကာပူ၏ ဒစ်ဂျစ်တယ် စီးပွားရေးသည် ၂၀၂၁ ခုနှစ်တွင် အမေရိကန် ဒေါ်လာ ၁၅ ဘီလီယံမှ တိုးတက်လာပြီး ၂၀၂၅ ခုနှစ်တွင် စုစုပေါင်း ကုန်စည်ရောင်းချမှုတန်ဖိုး အမေရိကန်ဒေါ်လာ ၂၇ ဘီလီယံ ရရှိနိုင်မည် ဖြစ်သည်။
အဆိုပါပမာဏသည် ၎င်းနှင့် အဆင့်အတန်း တူညီသည့် အာဆီယံနိုင်ငံများနှင့် နှိုင်းယှဉ်ပါက နည်းပါးသော်လည်း ဒေသတွင်း အင်တာနက် စီးပွားရေး၊ အထူးသဖြင့် e-commerce၊ fintech နှင့် e-commerce enablers များကဲ့သို့သော ဒစ်ဂျစ်တယ် ဝန်ဆောင်မှုများအတွက် ဆွဲဆောင်မှုရှိသည့် အချက်အချာနေရာအဖြစ် ဆက်လက်တည်ရှိနေမည်ဖြစ်သည်။ ထို့ပြင် စင်ကာပူသည် အာဆီယံတွင် ဒစ်ဂျစ်တယ် စီးပွားရေး အထွန်းကားဆုံးနိုင်ငံဖြစ်ပြီး Deloitte ၏ အဆိုအရ စင်ကာပူ ကုမ္ပဏီများသည် ကုန်သွယ်မှု၊ ရောင်းချမှု၊ ငွေပေးချေမှု၊ ထောက်ပံ့ပို့ဆောင်မှုနှင့် ထုတ်လုပ်မှုတို့တွင် ဒစ်ဂျစ်တယ်နည်းစနစ် အသုံးပြုမှုအများဆုံး ဖြစ်ကြောင်း ဖော်ပြခဲ့သည်။
စင်ကာပူနိုင်ငံသည် များစွာသော အာဆီယံ e-commerce unicorn များ၏ ဒေသတွင်း ဌာနချုပ် အဖြစ် ရွေးချယ်စရာနေရာ ဖြစ်လာမည်ဖြစ်သည်။ ထို့ပြင် စင်ကာပူနိုင်ငံ၌ Grab၊ Lazada၊ Ninja Van နှင့် Shopee ကဲ့သို့သော အမေရိကန်ဒေါ်လာ ၁ ဘီလီယံကျော်တန်ဖိုးရှိ unicorn ကုမ္ပဏီ ၁၅ ခု ရှိသည်။
စင်ကာပူနိုင်ငံသည် ဒစ်ဂျစ်တယ် ကုန်သွယ်မှုတွင် ရှေ့ဆောင်နိုင်ငံဖြစ်ပြီး ၂၀၂၁ ခုနှစ် ဇန်နဝါရီလတွင် နယူးဇီလန်နှင့် ချီလီနိုင်ငံတို့နှင့် ကမ္ဘာ့ပထမဆုံး ဒစ်ဂျစ်တယ် ကုန်သွယ်မှုသဘောတူစာချုပ်ကို လက်မှတ်ရေးထိုးခဲ့သည်။ အဆိုပါ ကိစ္စရပ်သည် လက်ရှိ စီးပွားရေးလုပ်ငန်းများနှင့် ရင်းနှီးမြှုပ်နှံမှုများ အွန်လိုင်းမှ ဆောင်ရွက်မှုတိုးမြင့်လာချိန်တွင် စီးပွားရေးဆိုင်ရာ ညှိနှိုင်းမှုပုံစံသစ် တစ်ခုအနေဖြင့် ကိုယ်စားပြုသည်။ အခြားဒစ်ဂျစ်တယ် ကုန်သွယ်မှုသဘောတူစာချုပ်ကိုလည်း ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလတွင် စင်ကာပူနိုင်ငံနှင့် ဗြိတိန်နိုင်ငံတို့အကြား လက်မှတ်ရေးထိုးခဲ့သည်။
သင်းသင်းအောင်
Source : ASEAN Briefing Website