Main menu

Background

အာဆီယံဒေသတွင်း  လျှပ်စစ်မျှဝေကြမှာလား

Tue, 03/28/2023 - 12:01 -- journal_editor

လာအိုမြို့တော် ဗီယင်ရှန်းကနေ စင်ကာပူအထိ လေယာဉ်နဲ့ သုံးနာရီပဲကြာတယ်။ဒါပေမဲ့ နှစ်နိုင်ငံအကြား လျှပ်စစ်ဓာတ် အားပေးဖို့ကျတော့ ရှစ်နှစ်ကြာတယ်။
ဇွန်၊ ဇူလိုင်လတွေတုန်းက လျှစ်စစ်ဓာတ်အားဖလှယ်ဖို့ စမ်း သပ်ချက်တစ်ခုလုပ်တယ်။ ကိုယ့်ကိုယ်ကို "အာရှရဲ့ဓာတ်ခဲ"လို့ ခေါ်တဲ့ လာအို ရေအားလျှပ်စစ်စက်ရုံတွေကနေ လျှပ်စစ်ဓာတ်အားကို ဝါယာကြိုးတွေနဲ့ ထိုင်းနဲ့မလေးရှားကိုဖြတ်ပြီး စင်ကာပူအရောက် သွယ်ဖို့ပါ။ ရမယ့် ၁၀ဝ မီဂါဝပ်ဟာ စင်ကာပူ ထုတ်လုပ်နေတာရဲ့ ၁ ရာခိုင်နှုန်းအောက်ပဲ ရှိပါတယ်။ ဒါပေမဲ့ ၂၀၁၄ ခုနှစ်ကစခဲ့တဲ့ ဒီစမ်းသပ်ချက်ဟာ သင်္ကေတသဘောအရတော့ အရေးပါပါတယ်။ လျှပ်စစ်ဟာ အရှေ့တောင်အာရှလေးနိုင်ငံကို ပထမဆုံး ဖြတ်သန်းဖို့ပါ။ စင်ကာပူက လမ်းကြောင်းရှာ စီမံကိန်းလို့ခေါ်တဲ့ ဒီစီမံကိန်းဟာ အာဆီယံအသင်းဝင် ၁၀ နိုင်ငံအကြား ဓာတ်အား အရောင်းအဝယ်လုပ်နိုင်ကြဖို့ ဒေသတွင်း မဟာဓာတ် အားလိုင်း ထူထောင်ရေးဆိုတဲ့ ရည်ရွယ်ချက်ဟောင်းအပေါ်မှာ အခြေခံပါတယ်။ အာဆီယံအသင်းကြီးက စိတ်ကူးတာ ၂၅ နှစ် လောက်ကြာပေမယ့် အခုထိတော့ အကောင်အထည် မပေါ်သေးပါဘူး။
အိမ်နီးချင်းနိုင်ငံတွေအကြား လျှပ်စစ်မျှဝေတာတွေက နည်းနည်းပဲရှိပါတယ်။ နယ်စပ်ဖြတ်ကျော် လျှပ်စစ်ရောင်းချတာ  ရှားပါတယ်။  နှစ်နိုင်ငံအကြား မျှဝေနိုင်တဲ့စွမ်းရည် ၅ ဒသမ ၅ GW ရဲ့ ၆၅ ရာခိုင်နှုန်းလောက်ပဲ ထိုင်းနဲ့လာအိုအကြား မျှဝေတယ်လို့ အိုင်အီးအေက ခန့်မှန်းပါတယ်။ ဘရူနိုင်းနဲ့ ဖိလစ်ပိုင်တို့ကတော့ အပြင်နဲ့ လုံးဝချိတ်မထားပါဘူး။
ဥရောပနဲ့  မြောက်အမေရိကတို့မှာတော့ စရိတ်လျှော့ ညစ်ညမ်းမှုသက်သာပြီး စွမ်းရည်မြှင့်ဖို့ အိမ်နီးချင်းနိုင်ငံတွေဆီက လျှပ်စစ်ယူကြတာပါ။ ပြီးတော့ နေစွမ်းအင်နဲ့ လေစွမ်းအင်တို့ရဲ့ အတက်အကျ မတည်ငြိမ်တဲ့သဘောကို ဖြေရှင်းပေးဖို့လည်း အထောက်အကူဖြစ်ပါတယ်။ နေရာအကျယ်ကြီး စွမ်းအင်တွေ စုပေါင်းလိုက်တော့ တစ်နေရာမှာပိုနေရင် တခြားလိုနေတဲ့နေရာတွေကို ပေးနိုင်ပါတယ်။ ဥပမာ ကယ်လီဖိုးနီးယားမှာ စွမ်းအင်လိုအပ်ချက် မြင့်တက်လာရင်  လူမထူထပ်တဲ့ နီဗားဒါးလို သဲကန္တာရက နေစွမ်းအင်ကို ရယူနိုင်ပါတယ်။
ဒါပေမဲ့ အာဆီယံအစိုးရတွေကတော့ အများအားဖြင့် ရုပ်ကြွင်းလောင်စာစက်ရုံတွေ အများကြီးတည်ဆောက်ပြီး စွမ်းအင်ကို လက်ထဲကိုင်ထားချင်ကြတာပါ။ နိုင်ငံအတော်များများက အမြင့်ဆုံးဓာတ်အား လိုအပ်ချက်ထက် ၃၀ ရာခိုင် နှုန်းပိုတဲ့ စွမ်းအားရှိတယ်လို့ ကြွားတတ်ကြတယ်။ လူတွေက မိတ်ဆွေတွေ ဖြစ်ချင်ကြပေမယ့် အိမ်နီးချင်းကို ဘယ်တော့မှ စိတ်ချလို့မရဘူး။ လိုချင်တဲ့အချိန် ရ၊ မရဆိုတာ မသေချာဘူးတဲ့။ သံသယတွေထားကြတော့ စရိတ်တွေတက်၊ ပတ်ဝန်းကျင်လည်း လိုအပ်တာထက် ညစ်ညမ်း။
ပြောင်းလဲသွားတာက ပတ်ဝန်းကျင်သန့်ရှင်းတာကို လိုချင်လာကြတာပါ။ စင်ကာပူက သူ့ရဲ့စွမ်းအင် ၉၅ ရာခိုင်နှုန်းကို သဘာဝဓာတ်ငွေ့ကယူပါတယ်။ နေရောင်စွမ်းအင်တို့ လေအားစွမ်းအင်တို့က နေရာအကျယ်ကြီးလိုတော့ မြေမရှိတဲ့ ကျွန်းအတွက် အဆင်မပြေဘူး။ စင်ကာပူအစိုးရက သူ့စွမ်းအင်လို အပ်ချက်ရဲ့ ၃ ရာခိုင်နှုန်းလောက်ပဲ နေရောင်ခြည်က ရနိုင်မယ်လို့ တွက်ပါတယ်။ သူ့လိုအပ်ချက်ရဲ့ သုံးပုံတစ်ပုံဖြစ်တဲ့ 4GW ကို အိမ်နီးချင်းနိုင်ငံတွေကနေ ကာဘွန်နိမ့် လောင်စာတွေအဖြစ် ၂၀၃၅ ခုနှစ်မှာ ရယူမယ်လို့လျာထားပါတယ်။
စင်ကာပူအတွက် စွမ်းအင်ဝယ်ယူလို့ သန့်ရှင်းလာသလို လာအိုအတွက်လည်း အသက်ရှူပေါက်ချောင်မယ်။ ဆယ်စုနှစ်နဲ့ချီပြီး မတန်တဆ ဆည်တွေဆောက်လို့ လာအိုက ဒေဝါလီခံရလု ဖြစ်နေပြီ။ သူ့ငွေကြေးက ဒီနှစ်ထဲမှာ ဒေါ်လာနဲ့ယှဉ်ရင် သုံးပုံတစ်ပုံလောက် တန်ဖိုးထိုးကျသွားတယ်။ လျှပ်စစ်ကို နိုင်ငံခြားပို့လို့ ရတဲ့ငွေဟာ ပြည်တွင်းဖွံ့ဖြိုးရေးလုပ်ငန်းတွေအတွက် သုံးလို့ရနိုင်တယ်။ ဒါပေမဲ့ နိုင်ငံပိုင် လျှပ်စစ်ကုမ္ပဏီကလည်း အကြွေးတွေ ပိနေတယ်။ ပို့ကုန်ရဲ့ ၉၅ ရာခိုင်နှုန်းက ထိုင်းနိုင်ငံကို အောက်ကြေးနဲ့ ရောင်းနေရတာပါ။ ဈေးကွက်ကျယ်ပြန့်လာပါမှ ငွေရေးကြေးရေး အခြေအနေကောင်းမယ်။ ဒေါ်လာများရမယ်ဆိုရင် မိုးပေါ်ကနေ ဘုရားသခင်ချီးမြှင့်တယ်လို့ကို ထင်တာ။
အာဆီယံရဲ့ ကွက်တိကွက်ကျား ဓာတ်အားကွန်ရက်ကနေ ဒါတွေလုပ်ဖို့ဆိုတာ သိပ်တော့မလွယ်လှဘူး။ တစ်ယောက်နဲ့ တစ်ယောက် အမြင်မတူကြ။ အပြောမတူကြဘူးလေ။ စည်းမျဉ်းစည်းကမ်းတွေ စီးပွားရေးသတ်မှတ်ချက်တွေကလည်း မတူကြ ဘူး။
စင်ကာပူရဲ့ စွမ်းအင်ဈေးကွက်ကို စီးပွားရေးလုပ်ငန်းတွေက လွှမ်းမိုးတယ်။ ဗီယက်နမ်မှာကျတော့ ဗဟိုက ထိန်းချုပ်တယ်။ ထိုင်းမှာ စွမ်းရည်မြင့် ဓာတ်အားလိုင်းတွေရှိတယ်။ လာအိုဓာတ် အားလိုင်းတွေက အယိုအဖိတ်များတယ်။ လာအို - စင်ကာပူ ကုန်သွယ်ရေး သဘောတူညီချက်အရ လေးနိုင်ငံဖြတ်သန်းတဲ့ ဓာတ်အားလိုင်း တည်ဆောက်ဖို့ အခြေခံရကြမယ်။ ဗို့အား ဖရီကွင်စီနဲ့ ဖြတ်သန်းခ မတူညီတဲ့ပြဿနာတွေကို ဖြေရှင်းကြမယ်။
အာဆီယံဖြတ်ကျော် မဟာဓာတ်အားလိုင်းကြီးက ဒေသတွင်းအစိုးရတွေ ပြည်တွင်းရေးကိုပဲ ဦးစားပေးနေလို့ တစ်ခုတည်းကြောင့် မဟုတ်ဘဲ ခရီးဝေးပါသေးတယ်။ နိုင်ငံရေးသမားတွေဟာ နည်းပညာဆိုင်ရာ ဓာတ်အားလိုင်း ကြိုးပမ်းမှုတွေကြောင့် ဂုဏ်မတက်ဘဲ စွမ်းအင်အပိုအလျှံတွေကြောင့်သာ ဂုဏ်တက်ကြရတာပါ။ မလေးရှားနဲ့ အင်ဒိုနီးရှားက ဝန်ကြီးတွေဟာ ကိုယ့်ရဲ့ ရာသီဥတုဆိုင်ရာ ရည်မှန်းချက်အတွက် အသုံးပြုနိုင်တဲ့ သန့်ရှင်းတဲ့အစိမ်းရောင် စွမ်းအင်ကို ဘယ်တင်ပို့ရောင်းချချင်ကြပါ့မလဲ။ ဓာတ်အားလိုင်းတွေ ချိတ်ဆက်တာက နည်းပညာပိုင်းဖြစ်ပြီး ဓာတ်အားကိုဝေမျှတာက နိုင်ငံရေးပိုင်းနဲ့ သက်ဆိုင်နေပါတယ်။
ညွှန်း - အီကောနောမစ်    

ခင်မောင်ညို (ဘောဂဗေဒ)