ယခင်အပတ်က မြန်မာနိုင်ငံမှာ ပေါင်းဆန် စတင်ထုတ်လုပ်တင်ပို့ခဲ့မှုများနဲ့ ကမ္ဘာ့ပေါင်းဆန်ဈေးကွက် အများဆုံးရယူထားတဲ့ နိုင်ငံများ အကြောင်းကို ဖော်ပြပေးခဲ့ပါတယ်။ ဒီအပတ်မှာတော့ ပေါင်းစပါးပြုလုပ်ခြင်း အခြေခံနဲ့ ပေါင်းစပါး ပြုလုပ်ခြင်း အားသာ ချက်၊ အားနည်းချက်များကို ဖော်ပြပေးသွားမှာဖြစ်ပါတယ်။ ပုံတွင် ရိုးရိုးဆန်စေ့နဲ့ ပေါင်းဆန်စေ့တို့ရဲ့ ဖြတ်ပိုင်းပုံကို ယှဉ်တွဲဖော်ပြထားပါတယ်။ အစေ့တွင်းစာ (Endosperm) ဟာ ဆန်စေ့မှာ အဓိက ထုထည်ပမာဏအဖြစ်ပါဝင်ပြီး ၎င်းတွင်ဗဟုဂံပုံစံ ကော်ဓာတ်အစေ့ဆံ (Starch Granules) များ ပေါင်းစပ် ဖွဲ့စည်းလျက်ရှိပါတယ်။ ကော်ဓာတ် အစေ့အဆံတစ်ခုနှင့် တစ်ခုကြားရှိ ကြားလွတ် (Voids) လေးများတွင် လေနှင့်ရေငွေ့များက ဖြည့်ဆည်းထားပါတယ်။ Voids များတည်ရှိမှု ပတ်ကြားအက်နှင့် အက်ကြောင်းကလေးများဟာ အချိန်ကာလအရ တိုးပွားလာ ခြင်းကြောင့် စက်ကြိတ်စဉ်အတွင်း ကျိုးကြေမှုကို ဖြစ်ပေါ်စေပါတယ်။ အဆိုပါကျိုးကြေမှုမှာ ကော်ဓာတ် ကြေပျက်မှုအပေါ်မှာ မူတည်နေပြီး ကော်ဓာတ်ကြေပျက်ခြင်းဟာ အက်ကြောင်းလေးများကို တွဲဆက်စေပြီး ကြားလွတ်ကလေးများကို ဖြည့်ဆည်းပေး ခြင်းဖြစ်ပါတယ်။ ကော်ဓာတ်အစေ့အဆံလေးများဟာ စပါးအားရေစိမ်ခြင်းဖြင့် ပွလာစေပါတယ်။ ရေစိမ် ကာလတွင် ရေများ ကော်ဓာတ် အစေ့ အဆံ အတွင်းသို့ ထိုးဖောက်ဝင်ရောက်ပြီး ဟိုက်ဒရိုဂျင် ပေါင်းစည်းခြင်း (Hydrogen Bonds) ဖြစ်စဉ် အရ ပွလာစေပါတယ်။ ကော်ဓာတ်အစေ့အဆံ လေးများဟာ ရေစုပ်ယူနိုင်မှုပမာဏ အနေဖြင့် ကန့်သတ်မှုရှိပြီး ကော်ဓာတ်များ၏ အမိုင်လို့စ် (Amylose)နှင့်အမိုင်လိုပက်တင် (Amylopectin) အစိတ်အပိုင်းတို့နှစ်ခုကြား ဟိုက်ဒရိုဂျင်ပေါင်း စည်းခြင်းအရ ရေဝင်ရောက်၍ ပွလာခြင်း ဖြစ်ပါတယ်။ ရေပူစိမ်စဉ်အတွင်း ဟိုက်ဒရိုဂျင် ပေါင်းစည်းမှုအရ ကော်ဓာတ်အစေ့အဆံပုံစံကို ပျက်ယွင်းသွားစေပါတယ်။ ထို့ ကြောင့် ရေစုပ်နိုင်မှုကြောင့် မျက်နှာပြင်ဧရိယာ ပိုမိုလာပါတယ်။ မတူညီသော ရေမော်လီကျူး အရေအတွက်များတိုးပွားလာပြီး မူလအခြေအနေသို့ ပြန်ပြောင်းမရောက်နိုင်တော့တဲ့ ပွရောင်းမှုဖြစ်စဉ်ကို ဖြစ်ပေါ်စေပါတယ်။ ဒီဖြစ်စဉ်ကို ကော်ဓာတ် ကြေပျက်ခြင်း (Swelling of Starch) ဟု ခေါ်ဆိုပါတယ်။ ဒီလိုဖြစ်ပေါ်တဲ့ အပူချိန်ကို ကော်ဓာတ်ကြေပျက် အပူချိန်လို့ခေါ်ဆိုပြီး ဆန်အမျိုးအစား တစ်ခုစီအလိုက် သတ်မှတ်တည်ရှိကြပါတယ်။ ကော်ဓာတ်ကြေပျက်မှု ပြီးဆုံးချိန်မှာ စပါးရဲ့အစိုဓာတ်ဟာ ၄၅ ရာခိုင်နှုန်းမှ ၅ဝ ရာခိုင်နှုန်းအထိရှိလာပြီး အခြားထုတ်လုပ်မှုလုပ်ငန်းစဉ်မတိုင်မီ အခြောက်ခံခြင်းကို ဆောင်ရွက်ရမှာဖြစ်ပါတယ်။ စပါးကို ကော်ဓာတ်ကြေပျက်မှုရောက်ရှိအောင် ဆောင်ရွက်ဖို့ နည်းလမ်းနှစ်ခုရှိပါတယ်။ တစ်ခုကတော့ စပါးကိုရေမှာစိမ်ပြီး အချိန် တစ်ခုရောက်အောင် ကော်ဓာတ် ကြေပျက်ချိန်အထိ (သို့) ပိုမိုသည်အထိ ရောက်ရှိအောင် ဆောင်ရွက်သောစနစ်နဲ့ နောက်တစ် နည်း ကတော့ စပါးကို ကော်ဓာတ်အပူချိန်အထိ (သို့) အပူချိန်အောက်အထိ ရေပူစိမ်ခြင်းကို ဆောင်ရွက်ပြီး ကော်ဓာတ်အစေ့ အဆံများ လုံးဝအရည်ပျော်၍ မူလအခြေအနေသို့ ပြန်ပြောင်းမရောက်နိုင်တော့သည့် ပွရောင်းမှုဖြစ်ပေါ်စေရန် အပူထပ်မံပေးခြင်း နည်းစနစ်တို့ ဖြစ်ပါတယ်။ အပူမှာရေငွေ့ဖြစ်သင့်ပြီး အခြောက်ခံရန်အတွက် အပူကိုလည်းရရှိနိုင်ပါတယ်။ ဒါကြောင့် အကောင်းဆုံး အပူစွမ်းအင်ကတော့ ရေနွေးငွေ့ပဲဖြစ်ပြီး အများဆုံး အသုံးပြုသော နည်းစနစ်လည်းဖြစ်ပါတယ်။ ဓာတုဆိုင်ရာ ခွဲခြမ်းစိတ်ဖြာမှုအရ ဆန်ရဲ့ အဟာရဓာတ်အများစုမှာ ဆန်စေ့ရဲ့ အပြင်လွှာ (ဖွဲနုလွှာ)တွင် စုစည်းလျက်ရှိပြီး ဆန်ကြိတ်ဖွပ်စဉ်အတွင်း ဆုံးရှုံးသွားပါတယ်။ စပါးကို ရေစိမ်၍ ရေနွေးငွေ့နှင့်ပေါင်းလိုက်ပါက ရေတွင် အဟာရဓာတ်များကို ပျော်ဝင်ပြီး ဆန်စေ့တွင် ထိန်းသိမ်း စေနိုင်ပါတယ်။ ဒါကြောင့် ကြိတ်ခွဲဖွပ်စဉ် ဆန်ကိုျးကြေမှု အနည်းဆုံးနှင့် အဟာရဓာတ် ဆုံးရှုံးမှု အနည်းဆုံးဖြစ်စေပါတယ်။ ဒါကြောင့်မို့ ပေါင်းစပါး ပြုလုပ်ခြင်း၏ အဓိက ရည်ရွယ်ချက်များကတော့ ဆန်သားအမြင့်ဆုံး ရရှိစေဖို့၊ စက်ကြိတ်စဉ် အာဟာရဓာတ်များ ဆုံးရှုံးခြင်းမှ ကာကွယ်ဖို၊့ စပါးပျက်စီးရေစိုမှုမှ ကယ်တင်ဖို့နဲ့ ကမ္ဘာ့ပေါင်းဆန် စားသုံးသူများရဲ့ လိုအပ်ချက်ကို ဖြည့်ဆည်းပေးဖို့တို့ ဖြစ်ပါတယ်။ ပေါင်းစပါးပြုလုပ်ခြင်းရဲ့ အားသာချက်တွေကတော့ -- ပေါင်းစပါးပြုလုပ်စဉ်အတွင်း စပါးခွံမှာ ဟသွားသဖြင့် စပါးအခွံခွာရာတွင် လွယ်ကူခြင်း။ - ဆန်စေ့မှာ တောင့်တင်းခိုင်မာလာ သဖြင့် ကြိတ်ခွဲစဉ် အကျိုးအကြေများမှုမှ ကာကွယ်နိုင်ခြင်း။- အမိုျးအစားတူဆန်တွင် ရိုးရိုးဆန်ဖြူထက် ပေါင်းဆန်က ပရိုတိန်း၊ ဗီတာမင်နှင့် သတ္တုဓာတ်များ ပိုမိုထိန်းသိမ်း -ထားနိုင်ခြင်း။ ပေါင်းဆန်သည် ပိုမိုမာကြောလာသဖြင့် သိုလှောင်ထားစဉ်အတွင်း ပိုးမွှားများ ဖျက်ဆီးမှုအန္တရာယ်ကို ပိုမိုခံနိုင်ရည် ရှိခြင်း။- ထမင်းချက်ပြုတ်စဉ် ဆန်သားပျော့ပြဲမှု ရိုးရိုးဆန်ထက်နည်းခြင်း။- ချက်ပြုတ်စဉ် အကြိုခံနိုင်ခြင်း။- ကြိတ်ဖွပ်စဉ် ထွက်ရှိလာသော ဖွဲနုတွင် ဖွဲနုဆီပါဝင်မှု ၂၅ မှ ၃ဝ% အထိ ရှိခြင်း၊ (ရိုးရိုးဆန်ဖြူဖွဲနုတွင် ဖွဲနုပါဝင်မှုမှာ ၁၅-၂ဝ% အထိသာရှိသည်။)- ရရှိသောဖွဲနုဆီမှာ FFA (Free Fatty Acid) အနည်းဆုံးဖြစ်၍ အရည်အသွေးပိုမို ကောင်းမွန်ခြင်း။စတဲ့ အားသာချက်တွေရှိပါတယ်။ ဒီလို အားသာချက်တွေအပြင် ပေါင်းဆန်ပြုလုပ်ခြင်းဖြင့် ဆန်အောက်တန်း ပိုမိုရရှိခြင်း၊ စီးပွား ရေးတွက်ခြေကိုက်ခြင်း၊ ပြည်ပ ဈေးကွက်လိုအပ်ချက်ရှိခြင်း၊ ယခင်ရရှိပြီးကမ္ဘာ့ဈေးကွက်တွင် နေရာပြန်လည်ရနိုင်ခြင်း၊ နိုင်ငံခြားဝင်ငွေ ပိုမိုရရှိခြင်း၊ ပေါင်းဆန် နည်းပညာ၊ အတတ်ပညာများ ပိုမိုတိုး ပွားလာခြင်း စတဲ့ များပြားတဲ့ အကျိုးဆက်တွေကြောင့် ပေါင်းစပါးထုတ်လုပ်ရေးစက်ရုံတွေ တိုးချဲ့တည်ဆောက်သင့်ပါတယ်။ တစ်စိုက်မတ်မတ် ဆောင်ရွက်နေသူများကိုလည်း အားပေးကူညီရမှာ ဖြစ်ပါတယ်။ (ဆက်လက်ဖော်ပြပါမည်)
Background