Main menu

Background

ပဲမျိုးစုံ ရေရှည်ဖွံ့ဖြိုးတိုးတက်လာစေရေး မဟာဗျူဟာ

Mon, 03/01/2010 - 09:55 -- Anonymous (not verified)

လယ်ယာကုန်စည်များအနက် ဆန်စပါးသည် ပြည်သူလူထု၏ အဓိက အစားအစာ ဖြစ်သော ကြောင့် အရေးပါဆုံးဖြစ်သော်လည်း ပဲမျိုးစုံသည် အများဆုံး လယ်ယာ ပို့ကုန်ဖြစ်သည့် အပြင် လယ်သမား များအတွက် အဓိကဝင်ငွေ ဇာစ်မြစ်ဖြစ်လာသောကြောင့် တစ်နေ့ တခြား ပိုမိုအရေးပါလာပေသည်။ ပဲမျိုးစုံလုပ်ငန်းသည် ဈေးကွက် စီးပွားရေးစနစ်ကျင့်သုံးသည့် နှစ် (၂၀) ကာလအတွင်း တိုးတက် ဖွံ့ဖြိုးမှု အမြန်ဆုံးဖြစ်၍ မြန်မာနိုင်ငံသည် အာရှတွင် ပဲအများဆုံး တင်ပို့သူ Leading Exporter ဖြစ်လာသလို ကမ္ဘာပေါ်တွင်လည်း ကနေဒါပြီးလျှင်  ဒုတိယ အများဆုံး တင်ပို့သူ  ဖြစ်လာပေသည်။ အချိန်တိုအတွင်း ပဲမျိုးစုံလုပ်ငန်း ဖွံ့ဖြိုးတိုးတက် လာရခြင်း၏ အခြေခံ အကြောင်းအရင်းမှာ အစဉ်တိုးတက်နေသော ပြည်ပ ဝယ်လိုအား ကြောင့်ဖြစ်ပြီး အထူးသဖြင့် အိန္ဒိယ၏ဝယ်လိုအား တိုးတက်လာမှု ကြောင့်ဖြစ်သည်။ လက်ရှိအခြေအနေတွင် လယ်ယာသီးနှံများအနက် ပဲမျိုးစုံသည် ဈေးနှုန်းယှဉ်ပြိုင်နိုင်မှု (Price competitiveness ) အားအကောင်းဆုံးဖြစ်သည့်အလျောက် လာမည့် ကာလများအတွင်း ဆက်လက်တိုးတက်နေမည်ဖြစ်သည်။ တစ်ဖက်တွင်လည်း အရှေ့ တောင်အာရှနိုင်ငံများအနက် တစ်ဆက်တည်းကုန်းမြေ အကျယ်ဆုံး ဖြစ်ပြီး၊ တိုးချဲ့စိုက်ပျိုးနိုင်သော မြေဧရိယာသည် အခြားနိုင်ငံများ ထက် များစွာကျန်ရှိနေသေးခြင်း၊ သဘာဝရေမြေ အနေအထားအရ ပဲမျိုးစုံကို နေရာတော်တော်များများတွင် စိုက်ပျိုးနိုင်ခြင်း၊ စိုက်ပျိုးရာ တွင်လည်း အခြားသီးနှံများလောက် အလုပ်မများဘဲ လွယ်ကူခြင်း၊ အရင်းအနှီး မများခြင်း စသည့်အချက်များကြောင့် တိုးချဲ့စိုက်ပျိုးရန် များစွာ အလားအလာရှိပေသည်။ အခြားတစ်ဖက်ဖြစ်သော ဝယ်လို အား ဘက်မှ ကြည့်ပါလျှင်လည်း ပဲမျိုးစုံသည် အခြေခံစားကုန်(food)၊ တိရိစ္ဆာန်အစားအစာ (animal feed)၊ ဇီဝလောင်စာ (bio-fuel) စသည့်  ဘက်စုံအသုံးပြုနိုင်သည့်  လယ်ယာကုန်စည် ဖြစ်သည့် အလျောက် ကမ္ဘာ့ဝယ်လိုအားသည်လည်း တစ်နေ့တခြား တိုးလာ စေရန် တွန်းအားပေးလျက် ရှိပါသည်။ ယခုအခါ အိန္ဒိယနိုင်ငံသည် ကမ္ဘာပေါ်တွင် ပဲအများဆုံး ထုတ်လုပ်သူနှင့် စားသုံးသူ ဖြစ်သလို အများဆုံး တင်သွင်းနေသူလည်းဖြစ်ပြီး၊ တရုတ်နိုင်ငံသည်လည်း ယခုအခါ တိရစ္ဆာန်အစားအစာအတွက် ပဲကုန်ကြမ်းအများဆုံး တင်သွင်းနေသည့် နိုင်ငံဖြစ်လာပေသည်။ လက်ရှိ အိန္ဒိယနိုင်ငံ၏ ပဲမျိုးစုံထုတ်လုပ်မှု အခြေအနေကို သုံးသပ်ရသော် အကြမ်းဖျင်းအား ဖြင့် လွန်ခဲ့သည့် ငါးနှစ်တာကာလအတွင်း ပဲမျိုးစုံစိုက်ပျိုးထုတ် လုပ်မှုတွင် သိသာသော တိုးတက်မှု မတွေ့ရဘဲ ပြည်တွင်းထုတ်လုပ်မှု တန်ချိန် ၁၃ဒသမ ၅သန်းမှ ၁၄ဒသမ ၅ သန်းဝန်းကျင်အတွင်း တန့်နေသည်ကို တွေ့ရသည်။ ဤသို့ဖြစ်ရသည့်အကြောင်းအရင်းမှာ အစိုးရ၏ ဈေးနှုန်း ပေါ်လစီ တွင် အဓိကသီးနှံများဖြစ်သော ဆန်၊ ဂျုံတို့နှင့် နှိုင်းယှဉ်လျှင် အနိမ့်ဆုံး ထောက်ပံ့ဈေးနှုန်း သတ်မှတ်မှု (minimum support price) မှာ နိမ့်ကျသောကြောင့် ဆွဲဆောင်မှု အားနည်း နေသေးခြင်း၊ စိုက်ပျိုးနိုင်သောမြေနှင့် ရေရရှိမှု တဖြေးဖြေး ပိုမိုရှားပါးလာခြင်း၊ ရာသီဥတု ဖောက်ပြန်မှုများ ပိုမိုများပြားလာခြင်း စသည်တို့ကြောင့်ဖြစ်သည်။ ပဲမျိုးစုံစိုက်ပျိုးထုတ်လုပ်မှု မြင့်တက်မလာ သော်လည်း သဘာဝလူဦးရေတိုးနှုန်းအရ တစ်နှစ်လျှင် ခန့်မှန်းခြေ ၁၈ သန်းခန့် မှန်မှန်တိုးလာနေသောကြောင့် လိုအပ်ချက် (ယခုအခါ တန်ချိန် ၃ သန်းကျော်)ကို ပြည်ပမှ နှစ်စဉ်တင်သွင်းနေရဆဲဖြစ်သည်။ထို့အတူ တရုတ်နိုင်ငံသည်လည်း ပြီးခဲ့သည့် ၁၀ စုနှစ်အတွင်း စီးပွားရေး လျင်မြန်စွာ တိုးတက် လာသောကြောင့် လူအများစုဝင်ငွေ မှာ  သိသိသာသာ   မြင့်မားလာမှုနှင့်အတူ  စားသောက်မှု ပုံစံ (consumption pattern)  ပြောင်းလဲလာပြီး အရည်အသွေးမြင့် ကုန်စည်များ (quality food) ဖြစ်သော နို့နှင့်နို့ထွက်ပစ္စည်းများ၊ အသားစားသုံးမှုများ ပိုမိုလာသောကြောင့် မွေးမြူရေး လုပ်ငန်းများ အထူးများပြားလာခဲ့ပါသည်။ တွက်ချက်မှုများအရ အသားတစ်ကီလို ရရန် အသားကုန်ကြမ်း ခုနစ်ကီလို လိုအပ်သဖြင့် ယခင်ကထက် တိရစ္ဆာန်အစားအစာကုန်ကြမ်း လိုအပ်ချက်ပိုမိုလာ၍ သွင်းကုန်ဖြင့် သာ ဖြေရှင်းနေသောကြောင့် ယခုအခါ ပဲကုန်ကြမ်းကို အများဆုံး တင်သွင်းနေပြီး၊ အမေရိကန်နှင့် ဘရာဇီးနိုင်ငံများမှ အများဆုံး ဝယ်ယူလျက်ရှိသည်။ နှိုင်းယှဉ်ဈေးနှုန်း (relative price) မြင့်မားနေ မှုကြောင့် မြန်မာနိုင်ငံမှ ဝယ်ယူမှုနည်းသေးသော်လည်း ဈေးနှုန်းပြိုင် ဆိုင်နိုင်လျှင် ပဲမျိုးစုံပို့ကုန်ကိုများစွာ တိုးချဲ့နိုင်ဦးမည်ဖြစ်သည်။ ဆိုလိုသည်မှာ မိမိနှင့်အနီးဆုံး ဈေးကွက်ကြီးနှစ်ခုကို ပိုင်ပိုင်နိုင်နိုင် ထိုးဖောက်နိုင်အားရှိစေရန် လုပ်ဆောင်နိုင်မှသာ ပဲမျိုးစုံလုပ်ငန်း ရေ ရှည် စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်မှု(substainable development) ကိုရရှိနိုင်ရန် အလားအလာရှိမည်ဖြစ်သည်။ ပဲမျိုးစုံလုပ်ငန်းသည် ကျေးလက်လယ်သမားထုအတွက် အဓိကဝင်ငွေဖြစ်နေသောကြောင့် ကျေးလက်ဖွံ့ဖြိုးမှု မြှင့်တင်ရေးနှင့် ဆင်းရဲနွမ်းပါးမှု ပပျောက်ရေး (poverty eradication) အတွက်လည်း များစွာအရေးပါပေသည်။ ထို့အတွက် ပဲမျိုးစုံလုပ်ငန်းရေရှည်ဖွံ့ဖြိုးတိုးတက်ရေး မဟာဗျူဟာ များ (strategies) ကို အဓိကထား၍  အကျဉ်းချုပ် ဆွေးနွေးတင်ပြ မည်ဖြစ်သည်။ပြည်ပဈေးကွက် ဦးစားပေး ဖွံ့ဖြိုးမှုပုံစံ (Foreign Market Oriented Development Model)ပဲမျိုးစုံလုပ်ငန်းတစ်ခုလုံး (supply chain) တွင် ထုတ်လုပ်သူ လယ်သမားမှအစ နောက်ဆုံးစားသုံးသူ (end user) အထိ ပါဝင်ပြီး၊ တိုးတက်မှု၏အရင်းအမြစ်ကို ရှာဖွေမည်ဆိုလျှင် နောက်ဆုံး စားသုံး သူများ၏ ဝယ်လိုအား အဆက်မပြတ် တိုးလာခြင်းကြောင့်ပင် ဖြစ် သည်။ ပဲမျိုးစုံ၏ end user မှာ ပြည်တွင်းထက် ပြည်ပ စားသုံး သူများဖြစ်နေပေသည်။ သို့ဖြစ်၍ ပြည်ပစားသုံးသူများ တစ်နည်း အားဖြင့် ပြည်ပဝယ်လိုအား အခြေအနေနှင့် ပြောင်းလဲလာမှု၊ ကြိုက် နှစ်သက်မှုများ အဆိုပါ ဝယ်လိုအားကို အဓိကပြဋ္ဌာန်းနေသည့် အချက်များ၊ ပြိုင်ဘက်များ၏ ယှဉ်ပြိုင်နိုင်မှုနှင့် ထိုးဖောက်နိုင်စွမ်းအား အစရှိသည်တို့ကို အဆက်မပြတ် လေ့လာသုံးသပ်ပြီး၊ ဈေးကွက်လို အပ်ချက်ကို အမြန်ဆုံးတုံ့ပြန်နိုင်သည့် အခြေအနေအထိ ဆောင် ရွက်နိုင်မှသာ ရေရှည်ရှင်သန်တိုးတက်နိုင်မည်ဖြစ်သည်။ သို့မဟုတ်ပါ က မိမိရရှိထားသည့် ဈေးကွက်ဝေစုများ တဖြေးဖြေး အခြားသူများ က ရယူသွားမည်ဖြစ်ပေသည်။ ပြည်ပ ဈေးကွက်ဦးစားပေး ဖွံ့ဖြိုးမှု ပုံစံကို အောက်တွင်ဖော်ပြထားပါသည်။ ပြည်ပဈေးကွက် အခြေအနေ လေ့လာသုံးသပ်ချက်များကို အဆက်မပြတ်ပြုလုပ်၍ ပြောင်းလဲ နေသော ဈေးကွက်အခြေအနေ များအရ ဈေးကွက်လိုအပ်ချက်များကို အမြန်ဆုံး ထုတ်လုပ် နိုင်ရန် မျိုးစေ့သစ်များ ထုတ်လုပ်သည့်လုပ်ငန်း၊ ဓာတ်မြေသြဇာ၊ ပိုးသတ် ဆေးများ၊ ထွန်ယက် ကိရိယာများနှင့် လယ်ယာသုံး ကိရိယာများ ထုတ်လုပ်သည့် လယ်ယာ အခြေခံ လုပ်ငန်းများ (Agro-based industries) သို့ အမြန်ဆုံးအကြောင်းကြားကာ ထုတ်လုပ်စေပြီး၊ ၎င်းင်းမှတစ်ဆင့် အောက်ခြေလယ်သမားများဆီသို့ ဖြန့်ဖြူးပျံ့နှံ့စေ ခြင်းပင်ဖြစ်သည်။ ထိုသို့ပြုလုပ်နိုင်ပါလျှင် ပြည်ပဈေးကွက်ဝယ်လို အား ပြောင်းလဲမှုနှင့် ဈေးကွက်လိုအပ်ချက်ကို အမြန်ဆုံးတုံ့ပြန်နိုင် မည်ဖြစ်သောကြောင့် ဈေးကွက်ကိုလွှမ်းမိုးနိုင်မည်ဖြစ်သည်။ ဖော်ပြပါ အဖွဲ့အစည်းများ အပြန်အလှန် ဆက်သွယ်မှုအား ကောင်းစေရန် အတွက် Extension Services များဖြင့် အမြန်ဆုံးလုပ်ဆောင်နိုင် ရန် တည်ဆောက်ထားရမည်ဖြစ်သည်။လက်ကားကုန်စည်ဒိုင် ပိုမိုထွန်းကားလာရေးပဲမျိုးစုံ ျကစစူပ ခ့ငေည တိုးတက်မှုဖြစ်ပေါ်စေရန် ပြည်ပ ဝယ်လိုအား တိုးတက်မှုက စေ့ဆော်နေ သော်လည်း အဓိကဇာတ် ဆောင်ဖြစ်သည့် လယ်သမား၏ တုံ့ပြန်မှုသည်လည်း များစွာ အရေး ကြီးပေသည်။                           လယ်သမားများ၏ တုံ့ပြန်မှု ကောင်းမကောင်းသည် ၎င်းင်းတို့၏ အကျိုးစီးပွားကို မည်မျှ အကောင်အထည် ဖော်ပေးနိုင်သည်ဟူသော အချက်ပေါ်တွင်မူတည်ပေသည်။ ပြည်ပဝယ်လိုအား မြင့်တက်လာ ပြီး၊ ဈေးနှုန်းကောင်းသော်လည်း လယ်သမားများအနေဖြင့် အကျိုး စီးပွားမခံစားရပါက တိုးတက်စိုက်ပျိုးလိုစိတ် အားနည်းကာ ပဲလုပ်ငန်း ဖွံ့ဖြိုးတိုးတက်မှု မဖြစ်နိုင်ပေ။ ဆိုလိုသည်မှာ လယ်သမားအဆင့်အထိ အကျိုးကျေးဇူး ဖော်ဆောင်နိုင်မှသာ ရေရှည်တိုးတက်နိုင်မည် ဖြစ် သည်။ ထို့အတွက် လယ်သမားများအကျိုးကို ရေရှည် ဖော်ဆောင် နိုင်သည့် နည်းလမ်းတစ်ရပ်ဖြစ်သော လက်ငင်းစနစ်ဖြင့် ရောင်းချဝယ် ယူသည့် လက်ကားကုန်စည်ဒိုင်များ(commodity spot wholesale market or exchange) ပိုမိုထွန်းကား လာစေရန် အထူးလိုအပ်နေပါ သည်။  လက်ကားကုန်စည်ဒိုင်များ  ကျေးလက်ဒေသ အရောက် ဖွင့်လှစ်ခြင်းဖြင့် လယ်သမားများ၏ အဓိကအခက်အခဲများဖြစ်သော လယ်ယာထုတ်ကုန်များ၏ သီးနှံပေါ်ချိန်ဈေးနှုန်း အထူးနိမ့်ကျခြင်း၊ ဈေးကွက်နှင့် ဈေးနှုန်းသတင်းပျံ့နှံ့မှု အားနည်းခြင်း၊ အထွက်တိုး နည်းပညာသိရှိမှု နည်းပါးခြင်း၊ သွင်းအားစုများ အသုံးပြုမှု နည်းပါး ခြင်း၊ ငွေကြေး အရင်းအနှီး ရှားပါးခြင်း၊ လယ်ယာကုန်စည်များ၏ အရည်အသွေး နိမ့်ကျခြင်း စသည်တို့ကိုလည်း အတိုင်းအတာတစ်ခု အထိ ဖြေရှင်းသွားနိုင်မည်ဖြစ်သည်။ ယခုအချိန်တွင်မူ အထက် ဖော်ပြပါ အခက်အခဲများကြောင့် လယ်သမားအများစု အနေဖြင့် ပဲမျိုးစုံပို့ကုန်လုပ်ငန်း တိုးတက်မှု၏ အကျိုးစီးပွားကို ရသင့်သလောက် မရရှိသေးကြောင်း လေ့လာချက်များအရ သိရပါသည်။ အထက်ပါ အခက်အခဲများကို လက်ကားကုန်စည်ဒိုင်များ ကျေးလက်အရောက် ထူထောင်ခြင်း ဖြင့်  ဖြေရှင်းနိုင်မည်ဖြစ်သည်။လက်ကားကုန်စည်ဒိုင်၏ အဓိကလက္ခဏာရပ်များ (၁) ကုန်စည်ဒိုင်များကိုကျေးလက်ဒေသအဆင့်ထိ တစ်ပြည် လုံး ပျံ့နှံ့တည်ထောင်ခြင်း။ (၂) ကုန်စည်ဒိုင်များတွင် အရည်အသွေးမီသည့် ဂိုဒေါင်များ (warehousing) ပါဝင်စေခြင်း။ (၃) ကုန်စည်ဒိုင်များတွင် လက်ငင်းရောင်းဝယ်မှုစနစ် ကျင့် သုံး၍ စွန့်စားမှုနည်းပါးစေခြင်း။ (ရောင်းချမှု၊ လွှဲပြောင်း ပေးမှု၊ အရည်အသွေး) (၄) သိုလှောင်နိုင်သော  လယ်ယာကုန်စည်များ  အကျုံး ဝင်ခြင်း။ (၅) ခေတ်မီနည်းပညာများ (ဥပမာ–IT) အသုံးပြုစေခြင်း (Electronic mode operation)။ (၆) အရည်အသွေး သတ်မှတ်ချက်ရှိခြင်း။ (၇) လယ်သမားများ၊ ကုန်သည်များ၊ စက်ပိုင်များ၊ အကျိုး ဆောင်များ၊ ကုမ္ပဏီများနှင့် ပို့ကုန်လုပ်ငန်းရှင်များ ပါ ဝင်ခြင်း။လက်တွေ့လုပ်ဆောင်ရာတွင် လယ်သမားများက ကုန်စည် ဒိုင်များသို့ ကုန်စည်များရောင်းချရန်အတွက် လာရောက်မည်ဆိုလျှင် ဒိုင်အနေဖြင့် အရည်အသွေးနှင့်ပတ်သက်၍ လိုင်စင်ရစစ်ဆေးသူများ  ထားရှိကာ ကုန်စည်များကို လက်ခံသိုလှောင်မည်ဖြစ်သည်။ ထို့နောက် ကုန်စည်သိုလှောင်လက်ခံ ပြေစာများကို ကုန်စည် ဒိုင်မှ ထုတ်ပေးရမည်ဖြစ်သည်။ (၎င်းင်းလက်ခံပြေစာသည် နိုင်ငံတကာ တွင် အပေါင်လက်မှတ်အဖြစ် လက်ခံအသုံးပြုနိုင်၍ အပေါင်ခံတန်ဖိုး ၏ ၆၀ ရာခိုင်နှုန်းအထိပင် ချေးငွေထုတ်ပေးမှုများ ရှိပါသည်။) ထို့ အတွက် ကုန်စည်ဒိုင်၏ပြေစာသည် ချေးငွေရရှိနိုင်သော ဇာစ်မြစ်ဖြစ် လာမည်ဆိုပါက  လယ်သမားများအတွက်ရော  ကုန်သည်များ အတွက်ပါ အထူးလိုအပ်နေသောချေးငွေကို ရရှိနိုင်မည်ဖြစ်သည်။ ဈေးနှုန်းဖွင့်ရာတွင်လည်း တစ်ဦးချင်း လျှို့ဝှက်ဖွင့်မည်မဟုတ်ဘဲ အများသိစေရန် ဈေးကွက်ဈေးနှုန်းအနေဖြင့် ဖွင့်လှစ်မည်ဖြစ်သော ကြောင့် လယ်သမားများအနေဖြင့် ဈေးကွက်ပေါက်ဈေး အမှန်ကို ရရှိမည်ဖြစ်သည်။ လက်ငင်းငွေချေစနစ်ဖြင့် အရောင်းအဝယ် ပြုလုပ်ခြင်းကို တစ်နေ့အတွင်း အပြီးလုပ်ဆောင်ရမည် ဖြစ်သည်။ မှန်ကန်သော ဈေးနှုန်း သတ်မှတ်ခြင်းဖြစ်ပေါ်စေရန် ပြည်တွင်းအရပ်ဒေသ အသီး သီးရှိ ကုန်စည်ဒိုင်များနှင့် ချိတ်ဆက်ထားမှုရှိရမည့်အပြင် ရောင်းဝယ် မှု လျင်မြန်ရေးနှင့် လွယ်ကူချောမွေ့စေရေး၊ သတင်းဆက်သွယ်မှု ထိရောက်စေရေးအတွက်Electronic mode of operation ကို လုပ်ဆောင်မည်ဖြစ်သည်။ အကယ်၍ ယခုအခြေအနေ တွင် အပြည့် အဝလုပ်ဆောင်ရန် ခဲယဉ်းနေမည်ဖြစ်သော်လည်း လုပ်ဆောင်နိုင် သည့် အဆင့်မှစ၍ တစ်ဆင့်ချင်း ကြိုးစားသင့်ပါသည်။ (ဥပမာ- ဖက်စ်၊ မိုဘိုင်းဖုန်း)ဤစနစ် ထွန်းကားလာပါက အောက်ပါအကျိုးကျေးဇူးများကို ပဲမျိုးစုံ supply chain တစ်ခုလုံး ရှိမည်ဖြစ်သည်။လယ်သမားများရရှိမည့် အကျိုးကျေးဇူးများ (၁) လယ်သမားများအနေဖြင့် ဈေးကွက်ဈေးနှုန်း ရရှိစေ ခြင်း။ «သီးနှံပေါ်ချိန် ဈေးနှုန်း (low farm gate price) အခက်အခဲကို ကျော်လွှားနိုင်ခြင်း။» (၂) ကုန်စည်ဒိုင်များမှတစ်ဆင့် ဈေးကွက်နှင့်ဈေးနှုန်း နည်း ပညာဗဟုသုတများ ရရှိနိုင်ခြင်း။ (၃) လယ်သမားများ  ကြုံတွေ့နေရသည့်  ရာသီအလိုက် ဈေးနှုန်းကွာဟချက် ကြီးမားမှုကို လျှော့ချနိုင်ခြင်း။ (၄) လယ်သမားများ လယ်ယာလုပ်ငန်းမှ ဝင်ငွေပိုမိုရရှိနိုင် ခြင်း။ (၅) ဈေးကွက်ဈေးနှုန်းအရ မှန်ကန်သော သီးနှံရွေးချယ်မှုကို ဖြစ်ပေါ်စေခြင်း။  (၆) ရောင်းချမှုအတွက် စိတ်ချရခြင်း။ (၇) လယ်သမားများ သီးနှံအရည်အသွေး ပိုမိုကောင်းမွန် အောင် ကြိုးစားလိုစိတ် လှုံ့ဆော်ပေးခြင်း။ကုန်သည်များ၊ ဝယ်ယူသူများနှင့် စားသုံးသူများအတွက် အကျိုးကျေးဇူး (၁) စစ်မှန်သော အရည်အသွေးမီ ကုန်စည်များကို မှန်ကန် သောဈေးနှုန်းဖြင့် ရရှိစေခြင်း။ (၂) အရောင်းအဝယ်ပြုလုပ်ရာတွင် စွန့်စားမှုမရှိခြင်း။ (၃) အရည်အသွေးမီ ကုန်စည်များ လက်ဝယ်ရှိပြီးဖြစ်၍ ကုန်သွယ်မှုပမာဏနှင့် အရည်အသွေးမြင့်တက်စေခြင်း။တိုင်းပြည်အနေဖြင့် ရရှိနိုင်မည့် အကျိုးကျေးဇူး (၁) အဓိကထုတ်လုပ်သူ အခြေခံလယ်သမားများကို အသိ ပညာပေးမှုနှင့် လိုအပ်သော နည်းလမ်းများကို ကုန်စည် ဒိုင်များမှတစ်ဆင့် လွယ်ကူစွာပေးနိုင်ခြင်း။ (၂) လယ်ယာကုန်စည်၏ အရည်အသွေး တိုးတက်စေခြင်း။ (၃) ကြိုရောင်းကြိုဝယ်စနစ်ကြောင့် တိုင်းပြည်အဆင့် ပဲဈေး ကွက်နှင့် ဈေးနှုန်းကမောက်ကမ ဖြစ်မှုများကို ရှောင်လွှဲ နိုင်ခြင်း။ (၄) ICT  နည်းပညာများ ကျေးလက်အထိ တွင်တွင်ကျယ် ကျယ် အသုံးပြုစေခြင်း။ (၅) ကုန်စည်ဒိုင် ဖွံ့ဖြိုးမှုမှတစ်ဆင့် ပဲမျိုးစုံ supply chain တစ်ခုလုံး  တိုးတက်စေခြင်း။ (၆) အစိုးရအနေဖြင့် အခွန်ရငွေတိုးပွားစေခြင်းနှင့် လယ်ယာ လုပ်ငန်းများအတွက် ထောက်ပံ့ကြေးသက်သာလာခြင်း။ (၇) လယ်ယာဝင်ငွေ သိသိသာသာ တိုးစေခြင်းနှင့် ဆင်းရဲမွဲ တေမှုကို ကုစားနိုင်ခြင်း။ပဲမျိုးစုံ ရေရှည်ဖွံ့ဖြိုးတိုးတက်မှုသည် ပြည်ပဈေးကွက် ဝယ်လို အားတိုးတက်မှုနှင့် လယ်သမားတို့ ကြိုးစားတိုးချဲ့ စိုက်ပျိုးမှုအပေါ် များစွာတည်ပေသည်။ ကုန်စည်ဒိုင်များတည်ဆောက်ရာတွင် လက်ရှိ လက်ကားကုန်စည်ဒိုင်များ ၃၀ ဝန်းကျင်ခန့်ရှိပြီးဖြစ်ပါသည်။ အထက် အဆိုပြုထားသည့် ကုန်စည်ဒိုင်များကို တည်ရှိပြီးသား လက်ကား ကုန်စည်ဒိုင်များမှတစ်ဆင့် တိုးချဲ့ဆောင်ရွက်နိုင်မည်ဖြစ်ပြီး၊ ကာလ တိုနှင့် ကာလလတ်အတွင်း တစ်ဆင့်ပြီးတစ်ဆင့် ဆောင်ရွက်ရမည် ဖြစ်ပါသည်။ ပြည်ပဈေးကွက် ဝယ်လိုအားနှင့် ဈေးကွက်သုတေသန အဖွဲ့အစည်းကို အစိုးရမှဦးစီး၍ ပုဂ္ဂလိကကဏ္ဍမှ ကျွမ်းကျင်သူ များဖြင့် ဖွဲ့စည်းလုပ်ဆောင်ရမည်ဖြစ်သလို ကုန်စည်ဒိုင်များ ဖွံ့ဖြိုး တိုးတက်ရေးကိုလည်း နိုင်ငံတော်မှ ဦးဆောင်၍ ပုဂ္ဂလိက လုပ်ငန်း ရှင်များ၊   ကျွမ်းကျင်သူများပူးပေါင်းကာ   Public Private Partnership(PPP) ပုံစံဖြင့် လုပ်ဆောင်သင့်ပေသည်။ကိုးကား-Financial Technologies (India) limited (2009) ၏ “A Study on Setting up an Electronic Commodity Spot Exchange” မှ အချက်အလက်အချို့ကို မှီငြမ်းထားပါသည်။ဒေါက်တာမောင်အောင်