Main menu

Background

ကြိတ်ခွဲဆီသီးနှံများအနက် အရေးပါသော နေကြာ

Mon, 05/18/2026 - 13:51 -- journal_editor

ကယားပြည်နယ်သည် ဆီထွက်သီးနှံဖြစ်သော နေကြာစိုက်ပျိုးရန် ရာသီဥတုနှင့်ကိုက်ညီသော မြေဆီလွှာအခြေအနေကောင်းမွန်သည့် ဒေသတစ်ခုဖြစ်သည်။ နေကြာသည် စိုက်ပျိုးရလွယ်ကူပြီး အထူးသဖြင့် စားသုံးဆီဖူလုံမှုရှိစေရန်အတွက် ဒေသခံတောင်သူများက အလေးထားစိုက်ပျိုးကြသည်။ စီးပွားရေးတွက်ခြေကိုက်သည့် သီးနှံတစ်ခုလည်းဖြစ်ပြီး  ဆီထွက်သီးနှံ အခန်းကဏ္ဍတစ်ခုအဖြစ် အရေးပါရုံသာမက စားသုံးသူများနှင့် ပြည်ပသို့ တင်ပို့ကုန်အဖြစ် အဓိကကျသော သီးနှံတစ်ခုလည်းဖြစ်သည်။ 
အထူးသဖြင့် လွိုင်ကော်ခရိုင်၊  ဒီးမော့ဆိုခရိုင်၊  ဖရူဆိုခရိုင်၊ ဘောလ်ခဲခရိုင်၊ မယ်စဲ့ခရိုင်တို့တွင် စိုက်ပျိုးလျက်ရှိသည်။ စိုက်ပျိုးရာတွင်  နေကြာမျိုးစေ့ရွေးရာတွင်လည်း အဓိကကျသည်။  အထွက်ကောင်းရန်အတွက် မျိုးကောင်းမျိုးသန့်ရွေးချယ်ရန် လိုအပ်သည့်အပြင် နေကြာပင်အမြစ်သည် မြေပြင်မှ ၁-၂ မီတာအထိမြေအောက်သို့ အမြစ်ထိုးဆင်းနိုင်သည်။ အမြစ်နက်သောကြောင့် ရေရှားပါးမှုဒဏ်ကိုလည်းခံနိုင်ရှိသည်။ ကယားပြည်နယ်တွင် ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် မိုးနေကြာ စိုက်ဧက ၁၄၉၉ စိုက်ဧကရှိပြီး မိုးနေကြာ စိုက်ဧကသည် အထွက်နှုန်း (တင်း) ၄၇၅၅၆ ထွက်ရှိပြီး ရိတ်သိမ်းပြီးစီးကြောင်းနှင့် ဆောင်းနေကြာစိုက်ဧက ၃၅၈၀ စိုက်ပျိုးထားရှိပြီး ဧက ၃၅၈၀ ၊ အထွက်နှုန်းမှာ ၁၁၉၂၆၉ တင်း ရိတ်သိမ်းပြီးစီးကြောင်း သက်ဆိုင်ရာဌာနထံမှ သိရသည်။  
ဆောင်းနေကြာကို အောင်မြင်စွာစိုက်ပျိုးနိုင်ရန်အတွက် သင့်တော်သော်အချိန်သည် မိုးစပါးရိတ်သိမ်းပြီးချိန် မြေအစိုဓာတ်ရှိနေသောအချိန် အောက်တိုဘာလနှင့် နိုဝင်ဘာလတို့တွင် သီးထပ်အဖြစ် စိုက်ပျိုးကြသည်။  ဒေသမျိုးဖြစ်သော နေကြာစေ့သည် အစေ့သေးသော်လည်းဆီထွက်နှုန်း ကောင်းမွန်သည်။ အပူချိန်ပျမ်းမျှ 25°C- 30°C ကြားစိုက်ပျိုးရပြီး  စိုစွတ်ပူနွေးသည့် ရာသီဥတုမျိုးကို ကြိုက်နှစ်သက်ဆုံးဖြစ်သည်။ နေကြာစိုက်ပျိုးရန် အသင့်တော်ဆုံး မြေအမျိုးအစားသည် ရေစီးရေလာကောင်းမွန်ပြီး အာဟာရဓာတ် ပြည့်ဝသည့် နုန်းမြေ၊ မြေနီ၊ မြေညိုမြေအမျိုးအစား ကုန်းမြေနှင့် လယ်မြေများတွင် စိုက်ပျိုးရန် သင့်လျော်သည်။ ရေမဝပ်ဘဲ စနစ်တကျမြေကို ထွန်ယက်ပြီး မြေခဲတုံးများကို သေချာစွာပြုပြင်ထားသော မြေမျိုးတွင်လည်း စိုက်ပျိုးနိုင်သည်။ မြေကို ၂- ကြိမ် ၃-ကြိမ် လှန်ထွန်ပေးခြင်း၊ ပေါင်းမြက်များဖယ်ရှားခြင်း၊ မြေညီညာအောင် ပြုပြင်ခြင်းများ ပြုလုပ်ပေးခြင်းများ ပြုလုပ်ပေးရမည်။ အပင်ပေါက်နှုန်း ကောင်းစေရန် စိုက်ပျိုးခြင်းမပြုမီ မျိုးစေ့အား  မှိုသတ်ဆေးဖြင့် လူးနယ်၍ မြေဖုံးစိုက်ပျိုးခြင်းက အပင်များကောင်းမွန် ထွားကျိုင်းမည်ဖြစ်ပြီး  အပွင့်လှ၍  အစေ့ထွက်နှုန်း ပိုကောင်းစေမည်ဖြစ်သည်။
ရေဝပ်ခြင်းကို လုံးဝမနှစ်သက်သောကြောင့်  ရေစီးရေလာကောင်းမွန်သောမြေမျိုးတွင် စိုက်ပျိုးပါက အပင်အမြစ်များပုပ်ခြင်းနှင့် မှိုရောဂါဖြစ်ပွားမှုကို ကာကွယ်နိုင်မည်ဖြစ်သည်။ ရေဝပ်သောမြေမျိုးတွင် စိုက်ပျိုးပါက အပင်များ အမြစ်ပုပ်၍ အပင်သေစေနိုင်သောကြောင့် ရေဝပ်မြေကို ရှောင်ရှားရန်သင့်သည်။ မြေအချဉ်ဓာတ် အနည်းငယ်ပါသော  မြေ (သို့မဟုတ်) ဓာတ်မပြယ်မြေများတွင် ကောင်းစွာကြီးထွားနိုင်သော်လည်း ငန်လွန်းသော မြေနေရာတွင် စိုက်ပျိုးပါက အထွက်နှုန်းလျော့ကျနိုင်သည်။ နေကြာသည် စိုက်ပျိုးရန်လွယ်ကူပြီး အခြားသီးနှံများနှင့်ယှဉ်လျှင် ရေလိုအပ်ချက်သိပ်မများဘဲ အပင်ပြုစုရန်လွယ်သည်။ နေကြာဆီတွင်ပါသည့် မပြည့်ဝဆီသည် ခန္ဓာကိုယ်အတွက် လိုအပ်သည့်စွမ်းအင်ကို ထောက်ပံ့ပေးခြင်း၊ ကျန်းမာရေးကို အထောက်အကူပြုပြီး ဝမ်းချုပ်ခြင်းကို သက်သာစေသည့်အပြင် ဗီတာမင် E ပါဝင်သောကြောင့် အရေပြားကိုစိုပြည်စေပြီး  အရေးအကြောင်းများဖြစ်ပေါ်ခြင်းကို တားဆီးပေးသော   ကြောင့် စားသုံးရန်သင့်တော်သော မပြည့်ဝဆီဖြစ်သည်။      
နေကြာဆီသည် အာဟာရဓာတ်ပြည့်ဝသော်လည်း ဆီအမျိုးအစားဖြစ်သည့်အတွက် ကယ်လိုရီမြင့်မားသောကြောင့် အလွန်အကျွံ စားသုံးပါက ကိုယ်အလေးချိန်တက်လာခြင်းနှင့် အဝလွန်ခြင်းကို ဖြစ်စေနိုင်သည်။ ဆီးချိုရောဂါရှိသူများ သွေးတွင်းသကြားဓာတ်အနည်းငယ် သက်ရောက်မှုရှိတာကြောင့် ချင့်ချိန်စားသုံးသင့်သည်။ 
နေကြာစိုက်ပျိုးခြင်းကြောင့် မိသားစုစားသုံးရန်အတွက် ကိုယ်တိုင်စိုက်၊ ကိုယ်တိုင်ကြိတ်စနစ်ဖြင့် ကျန်းမာရေးနှင့် ညီညွတ်သော နေကြာဆီကိုသုံးစွဲရခြင်း၊ နေကြာအစေ့ကိုကြိတ်ခွဲ၍ ဆီအဖြစ်အသုံးပြုနိုင်သည့်အပြင် နေကြာဖတ် သည် ပရိုတင်းဓာတ်ကြွယ်ဝစွာ ပါဝင်ခြင်းကြောင့် မိမိ၏အိမ်မွေးတိရစ္ဆာန်ဖြစ်သော ကျွဲ၊ နွား၊ ဝက် အစာအဖြစ်အသုံးပြု၍သော်လည်းကောင်း၊ ပြန်လည်ရောင်းချခြင်းများဖြင့် မိသားစုဝင်ငွေအဖြစ် တစ်ဖက်တစ်လမ်းမှ အထောက်အကူ ပြုစေသည်။ နေကြာဖတ်သည် ဈေးကွက်၌ မွေးမြူရေးလုပ်ငန်းများတွင် အရေးပါသော ဘေးထွက်ပစ္စည်း ဈေးကွက်တစ်ခုဖြစ်သည်။     
ဆီထွက်သီးနှံတွင်ပါဝင်သော နေကြာကို ကယားပြည်နယ်အတွင်း ဆီစက်၌ ကြိတ်ခွဲ၍ ကြိတ်ဖတ်များကို တိရစ္ဆာန်အဖြစ် ကျွဲ၊ နွား၊ ဝက်အစာဖြင့် ပြန်လည်အသုံးပြုခြင်း၊ ရောင်းချခြင်းများပြုလုပ်ကြသည်။ ဆီစက်တွင် နေကြာဆီ  တစ်ပိဿာလျှင်  ကျပ် ၂၂၀ဝ၀-၂၃၀ဝ၀ ဖြင့် ရောင်းချလျက်ရှိကြောင်း သိရသည်။

အေးအေးမော်(ကယား)