ကယားပြည်နယ် လွိုင်ကော်မြို့ဈေးကွက်တွင် ဇူလိုင်လ နောက်ဆုံးပတ်၏ ဆီထွက်သီးနှံ ဈေးနှုန်းများမှာ တည်ငြိမ်နေကြောင်း သိရှိရသည်။
ဒေသထွက် နှမ်းမည်းတစ်ပိဿာလျှင် ကျပ် ၁၈၀ဝ၀၊ ၂၀ဝ၀ဝ ဖြစ်ပြီး ဒေသတွင်း စားသုံးကြသည်။ ဆီကြိတ်ခွဲရန် မန္တလေး၊ ကျောက်ပန်းတောင်းမြို့ဘက်မှ ဝယ်ယူသော အမျိုးအစားများမှာ နှမ်းနီ၊ နှမ်းဝါ၊ နှမ်းညိုတို့ဖြစ်၍ ဈေးနှုန်းမှာ တစ်ပိဿာလျှင် ကျပ် ၇၅၀ဝ ဖြင့် ဝယ်ယူရကြောင်း၊ ထိုနှမ်းအမျိုး အစားများသည် ဆီကြိတ်ခွဲရန်အတွက် သင့်တော်သော နှမ်းအမျိုးအစားဖြစ် သည်။ နှမ်းဆီ တစ်ပိဿာလျှင် ကျပ် ၂၂၀ဝ၀၊ နှမ်းဖတ် တစ်ပိဿာလျှင် ကျပ် ၄၈၀ဝ ဖြင့် ဒေသတွင်းဈေးနှုန်း တည်ငြိမ်နေသည်။
ဈေးကွက်အတွင်း၌ ဒေသထွက် မြေပဲဆန်တစ်ပိဿာလျှင်ကျပ် ၁၁၅၀ဝ မှ ၁၂၀ဝ၀၊ မြေပဲဆီ တစ်ပိဿာလျှင် ကျပ် ၂၂၀ဝ၀၊ မြေပဲဖတ်တစ်ပိဿာလျှင် ကျပ် ၇၅၀ဝ ဈေးဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း သိရှိရသည်။ နှမ်း၊ မြေပဲကြိတ်ခွဲခြင်းမှ ထွက်ရှိလာသော ဆီကို ဒေသခံပြည်သူများ စားသုံးကြပြီး မြေပဲဖတ်နှင့်နှမ်းဖတ်များကို တိရစ္ဆာန် ကျွဲ၊ နွား၊ ဝက်အစာအဖြစ် ပြန်လည် အသုံးပြုခြင်း၊ ရောင်းချခြင်းများပြုလုပ်ကြသည်။
ထို့ပြင် ရှမ်းပြည်နယ်(တောင်ပိုင်း) အေးသာယာစက်မှုဇုန် အစာသွတ်စက်ရုံ သို့ လွိုင်ကော်၊ တောင်ကြီးအရောက် မြေပဲဖတ်တစ်ပိဿာလျှင် ကျပ် ၇၅၀ဝ၊ နှမ်းဖတ်တစ်ပိဿာလျှင် ကျပ် ၄၈၀ဝ ဖြင့် ရောင်းချလျက်ရှိကြောင်း သိရှိရ သည်။
အေးအေးမော် (ကယား)
