Main menu

Background

မြန်မာတို့၏ ကွမ်းစားခြင်းဓလေ့နှင့် စီးပွားဖြစ် ကွမ်းစိုက်ပျိုးခြင်း

Tue, 04/25/2023 - 11:57 -- journal_editor

ကွမ်းစားခြင်းသည် မြန်မာလူမျိုးတို့၏ ရိုးရာဓလေ့တစ်ခု သဖွယ်ဖြစ်သည်။ မြန်မာနိုင်ငံတွင် ရိုးရာဓလေ့ထုံးတမ်းများစွာရှိပါသည်။ ယင်းဓလေ့ထုံးတမ်းများအနက် ကွမ်းစားခြင်းဓလေ့သည်လည်း တစ်ခုအပါအဝင်ဖြစ်သည်။ အလှူပွဲတွင်လည်းကွမ်းပါသည်။ မင်္ဂလာပွဲတွင်လည်း ကွမ်းပါသည်။ နောက်ဆုံးအသုဘအခမ်းအနား၌ပင် ကွမ်းပါသည်။ ကွမ်းဖြင့် ဧည့်ခံလေ့ရှိကြသည်။ မြန်မာဓလေ့တွင် ကွမ်းသည် ဤမျှအထိနေရာယူထားသည်။ကွမ်းစားခြင်း ဓလေ့သည် တကောင်းခေတ်၊ ပုဂံခေတ်မှစ၍  ယနေ့အထိစဉ်ဆက်မပြတ် တည်ရှိလာခဲ့သည်။ ပုဂံခေတ်အနော်ရထာမင်းကြီး၏ ခမည်းတော်သည် ကွမ်းတော်ဆက်သရသဖြင့် ကွမ်းဆောင်ကြောင်ဖြူမင်း ဟုအမည် တွင်သည်။ဤ ကား ကွမ်းစားခြင်းဓလေ့နှင့် ပတ်သက်သော အထောက်အထား တစ်ခုဖြစ်သည်။ ပုဂံခေတ် ဗုဒ္ဓဝင်ပန်းချီကား တချို့တွင် ကွမ်းရွက်နှင့် တွဲဖက်၍စားရသော ကွမ်းသီးပင်ကို ထည့်သွင်းရေးဆွဲထားသည်ကို ကြည့်ခြင်းအားဖြင့် ထိုခေတ် ကတည်းက ကွမ်းစားခြင်းဓလေ့ စတင်ခဲ့သည်ကို သိနိုင်ပါသည်။ စာရေးသူတို့ မြန်မာလူမျိုးများ ယနေ့တိုင်အောင် အလေးအမြတ် စိုက်ပျိုးအသုံးပြု နေသော အပင်နှစ်မျိုးရှိ သည်။  ထိုအပင်နှစ်မျိုးမှာ သပြေပင်နှင့် ကွမ်းပင်တို့ ဖြစ်သည်။ သပြေရွက် အောင်နိမိတ်ဆောင်သော အရွက်ဖြစ်ပြီး ကွမ်းရွက်သည် မြန်မာ့ ဓလေ့ရိုးရာပွဲများ၏ အလေးအမြတ်ပြု၍ ဧည့်ခံသော အရွက်တစ်မျိုး ဖြစ်သည်။ ယနေ့ခေတ်တွင် ကွမ်းစားသူဦးရေသည် အလွန်များပြား လာ သဖြင့် ကွမ်းစိုက်ပျိုးသူများအနေဖြင့် တွက်ခြေကိုက်လှသည်။ မြန်မာနိုင်ငံတွင် ကွမ်းကို စီးပွားဖြစ်စိုက်ပျိုးကြသည်။  ထို့ကြောင့် စာရေးသူအနေဖြင့်  စီးပွားဖြစ် ကွမ်းစိုက်ပျိုးခြင်းအကြောင်းကို လေ့လာတင်ပြသွားမည်ဖြစ်ပါသည်။

ကွမ်းပင်၏မူရင်းဒေသနှင့် ကွမ်းစားခြင်းဓလေ့အစ
ကမ္ဘာ့နိုင်ငံများ၌ ကွမ်းစားခြင်းဓလေ့သည် ယနေ့တိုင်ရှိပါသည်။ ထိုနိုင်ငံအသီးသီးအနက် ကွမ်းစားခြင်းကို အိန္ဒိယနိုင်ငံမှစတင် ခဲ့သည်ဟုသိရသည်။ ရုက္ခဗေဒပညာရှင်များ၏ အဆိုအရ ကွမ်းပင်၏ မူရင်းဒေသမှာ မလေးရှားနိုင်ငံ အလယ်ပိုင်းနှင့် အရှေ့ပိုင်းဒေသဖြစ်သည်ဟု သိရသည်။ ယင်းမှတစ်ဆင့် အိန္ဒိယ၊ အင်ဒိုနီးရှားနှင့် အာရှ နိုင်ငံများအထိ ပျံ့နှံ့သွားကြောင်း သိရသည်။ အိန္ဒိယနိုင်ငံသည် မြန်မာနိုင်ငံနှင့် အိမ်နီးချင်းနိုင်ငံ ဖြစ်သည့်အပြင် ထိုအချိန်က ကျန်စစ်သားမင်း၏ သမီးတော် ရွှေအိမ်စည်နှင့် ပဋိတ်ခရားမင်းသားတို့၏ ဆက်နွှယ်မှုကို ထောက်ရှုခြင်းအားဖြင့် အိန္ဒိယနိုင်ငံနှင့် မြန်မာနိုင်ငံသည် ကူးလူးဆက်ဆံမှုရှိကြောင်း သိနိုင်သည်။  ထို့ကြောင့် ကွမ်းစားခြင်း ဓလေ့သည်လည်း အိန္ဒိယမှတစ်ဆင့် မြန်မာနိုင်ငံသို့ ရောက်လာသည်ဟုလည်း ယူဆနိုင်ပါသည်။ သို့သော်တချို့က  "ကွမ်းစားခြင်း အစ တကောင်းက" ဟုလည်း ဆိုကြပါသည်။ မည်သို့ပင် ဆိုစေကာမူ ကွမ်းစားခြင်းဓလေ့သည် စာရေးသူတို့နိုင်ငံတွင် တွင်ကျယ်နေသည်ကို တော့ အားလုံးအသိပင် ဖြစ်ပါသည်။
ကွမ်းပင်၏သဘာဝ
ကွမ်းပင်သည် ပင်ပျော့နွယ်ပင်မျိုးဖြစ်သည်။ တစ်ခုခုကိုမှီတွယ်၍ ရှင်သန်ရသော အပင်မျိုးဖြစ်သည်။ တစ်နည်းအားဖြင့် နွယ်ပင်မျိုး ဖြစ်သည်။ အမြင့်ပေ၃၀ဝ၀အထိ ပေါက်ရောက်ရှင်သန်ကြပြီး ပူအိုက် စွတ်စိုသော  မုတ်သုံသစ်တော များတွင် ပေါက်ရောက်ရှင်သန်ကြောင်း သိရသည်။ အပွင့်သည် အလွန်သေးငယ်၍ အဖိုပွင့်ခိုင်သည် အမပွင့်ခိုင်ထက် ပိုသေးပြီး အမပန်းခိုင်သည် ၁ စင်တီမီတာခန့်ရှည်၍  အချင်းသည် နှစ်ပိုင်း တစ်ပိုင်း  စင်တီမီတာရှိတတ်သည်။  အရွက်တွင် ရွက်ကြောငါးခု ရှိသည်။ ကွမ်းပင်သည် နှစ်ရှည်ခံပင်တစ်မျိုးဖြစ်သော်လည်း အခြားသော နှစ်ရှည်ခံပင်ကြီးများကဲ့သို့ ရေသောက်မြစ် မပါရှိဟု သိရသည်။ ကွမ်းပင်သည် ရေဝပ်ခြင်းကို မနှစ်သက်ပေ။ စာရေးသူသည် အောက်မြန်မာပြည်သား ဖြစ်သည်အလျောက် စာရေးသူတို့ဒေသ၌ ကွမ်းစိုက်ပျိုးနည်းအကြောင်းကို လေ့လာတင်ပြမည်ဖြစ်ပါသည်။
မြေပြုပြင်ခြင်းနှင့်ကွမ်းစင်ဆောက်ခြင်း
မည်သည့်အသီးအနှံကိုမဆို စိုက်ပျိုးမည်ဆိုပါက စိုက်မြေကို ဦးစွာရွေးချယ်ခြင်းသည် လုပ်ရိုးလုပ်စဉ်တစ်ခုဖြစ်သည်။ ထို့နောက် ထယ်ထိုး၍ မြေပြင်ရသည်။ ထို့နောက် ၄ လက်မနှင့် အနံ ၂ ပေရှိစိုက် ဘောင်များကိုပြုလုပ်ရသည်။ စိုက်ဘောင်တစ်ဘောင်နှင့်တစ်ဘောင် သုံးပေခြားထားသည်။ စိုက်ဘောင်အလျားကို  စိုက်ခြံပေါ်မူတည်၍ ထားနိုင်ပါသည်။ တီစူပါမြေသြဇာထည့်ခြင်း၊ ထုံးမှုန့်နှင့်ပြာများလည်း ထည့်လေ့ရှိကြသည်။ တချို့က နွားချေးဆွေး ထည့်သော်လည်း တချို့က မထည့်ပေ။ စိုက်ဘောင်ပြုလုပ်၍ မြေသြဇာထည့်ပြီး ရေဖျန်းကာ ၄-၅ ရက်နှပ်ထားရသည်။   ထို့နောက် ကွမ်းစင်ပြုလုပ်ရသည်။ ကွမ်းစင်ကို ၇ ပေခန့်အထိ ပြုလုပ်လေ့ရှိသည်ဟု သိရသည်။အနည်း ငယ်ကွဲပြားမှု ရှိကောင်း ရှိနိုင်ပါသည်။ ထို့နောက် စိုက်ဘောင် တစ်ဘောင်ချင်းစီ၏ ဘေးနှစ်ဖက်ကို စာရေးသူတို့ဒေသခေါ် ကွမ်းခြံတိုင် ဝါးစိုက်ပေးရသည်။ ထိုတိုင်၏ ၇ ပေခန့်လောက်တွင် အမိုးဝါးများကို ချည်ရသည်။ ထိုနည်းအတိုင်း စိုက်ဘောင်အားလုံးကို တိုင်စိုက်ပေး ရသည်။ကွမ်းခြံတိုင်ကို တစ်တိုင်နှင့်တစ်တိုင်   ၁၀ ပေ ၁၂ ပေခန့်ခွာ ထားရသည်ဟုသိရသည်။ တချို့က ထိုစင်အပေါ်ကို အုန်းလက်ခပ်ပါးပါးအုပ်ပေးလေ့ရှိသလို ယခုအခါ အပူခံ ဇာစိမ်းစများကို အုပ်ပေး လေ့ရှိကြသည်။ ဤသို့ပြုလုပ်ခြင်းသည် နေရောင်ခြည် တိုက်ရိုက်မျှတစေရန်နှင့် အပူအအေး မျှတစေရန်ဟု ယူဆပါသည်။

ကွမ်းစိုက်ပျိုးခြင်း
စာရေးသူတို့ဒေသတွင်မူ ကွမ်းစိုက်ရာတွင် ကွမ်းညွန့်ကိုဝယ်ယူ၍ စိုက်ပျိုးကြသည်။ မျိုးကွမ်းညွန့်များကို တစ်ပေခွဲ နှစ်ပေခန့် ဖြတ်ယူ၍ စိုက်ပျိုးလေ့ရှိကြသည်။ ထို့နောက် ထိုကွမ်းခြံတိုင် တစ်တိုင်တွင် ကွမ်းညွန့်၏ အရင်းပိုင်း အရွက်နှစ်ရွက်ကို ဖြုတ်၍ မြေအတွင်း နှစ်ဆစ် မြှုပ်၍ စိုက်ရသည်။ ထိုစိုက်နည်းသည် စိုက်ဘောင်ပေါ်တွင် ကွမ်းခြံ တိုင်ဝါးသုံးလုံးတွင် ကွမ်းညွန့်သုံးညွန့်ဖြင့်  စိုက်ပျိုးခြင်းဖြစ်သည်။ ထို့နောက် ကွမ်းညွန့်ကလေးများ ထောင်မတ် နေစေရန် ကွမ်းညွန့်များကို ကွမ်းခြံတိုင်နှင့်ကပ်၍   ချည်ပေးရသည်။  နောက်တစ်နည်းမှာ စိုက်ဘောင်ပေါ်တွင် တစ်ပေကား မြောင်းဆွဲ၍   မြောင်းထိပ်တွင် တစ်ပေကြား ကွမ်းခြံတိုင်များစိုက်ပြီး ကွမ်းညွန့်များကို ကွမ်းခြံတိုင် နှစ်တိုင်ကြား အဆစ်နှစ်ဆစ်မြှုပ်ကာ မျက်နှာချင်းဆိုင်စိုက်ပျိုးခြင်း ဖြစ်သည်။ ထို့နောက် အညွန့်လေးများကို ကြိုးချည်ပေးရသည်။ အပင်ပြုစုခြင်းနှင့် အာဟာရဓာတ်ကျွေးခြင်း၊ စိုက်ပျိုးပြီးပါက ဇီဝတီစူပါအပြင် ထုံးမှုန့်လည်း သုံးလေ့ရှိသည်။ ဓာတ်မြေသြဇာကို အသုံးပြုမည် ဆိုပါက ယူရီးယားဓာတ်မြေသြဇာကို သုံးလေ့ရှိကြောင်း သိရသည်။ တချို့ကစိုက်ဘောင်ပေါ်တွင် သစ်ရွက်များအပြင် တချို့က ကုက္ကို ရွက်များ ဖုံးပေးလေ့ရှိကြသည်။ ကွမ်းခြံများကို အများအားဖြင့်တော့ ၃-၄ နှစ်ခန့် ထားလေ့လည်း ရှိကြသည်။ ကွမ်းပင်တွင် ရောဂါကျရောက်ပါက သင့်လျော်သောဆေးကို ဖျန်းပေးသင့်ပါသည်။ ဒါ့အပြင် ပေါင်းမြက်များကို ဂရုတစိုက် ရှင်းလင်းပေးရပါမည်။  ရေလောင်းရာတွင် တချို့က ကွမ်းခြံအတွင်း ပိုက်တန်းများထား၍  လောင်းကြသည်။ ကွမ်းပင်ကို စိုက်ပျိုးပြီးပါက ရောဂါကျရောက်မှု ရှိ/မရှိကို စောင့်ကြည့်စစ်ဆေးရပါမည်။ ရောဂါကျရောက်သော လက္ခဏာတွေ့ပါက ထိုအပင်ကို ချက်ချင်း နုတ်ပစ်ရ မည်။ သတိပြုရမည့် အချက်တစ်ချက်မှာ ကွမ်းသည် အရွက်သုံးအပင်ဖြစ်သဖြင့်   အကိုင်းအခက်ကြီး ထွားစေသော မြေသြဇာကို အချိုးကျကျ အသုံးပြုဖို့လိုပါသည်။အများ အားဖြင့်သီးနှံပင်များအတွက်   လိုအပ်သော အာဟာရဓာတ် ၁၁ မျိုး ရှိရာ ထို ၁၁ မျိုးအနက်မှ  ပထမအရေးကြီးသော ဓာတ် သုံးမျိုးနှင့် ဒုတိယအရေးကြီးသောဓာတ် သုံးမျိုး မြေတွင်းထည့်ပေးရန် လိုအပ်ပါ သည်။ ကွမ်းတွင်မူ ထိုဓာတ် ခြောက်မျိုးစလုံး မြေတွင်းရှိဖို့ လိုအပ် သည်။ ယင်းဓာတ် ခြောက်မျိုးမှာ နိုက်ထရိုဂျင်၊ ဖော့စဖောရပ်၊ ပိုတက် ဆီယမ်၊ ထုံးဓာတ်၊ မဂ္ဂနီဆီယမ်နှင့် ကန့်ဓာတ်တို့ဖြစ်သည်။

ကွမ်းရွက် ခူးဆွတ်ခြင်း
ကွမ်းကိုစိုက်ပျိုးပြီးနောက် ခူးဆွတ်ချိန်ရောက်လျှင် ၁၅ ရက် တစ်ချိန်ခူးကြသည်။ တချို့က ၁၀ ရက်တစ်ခါလည်း  ခူးလေ့ရှိကြသည်ဟု ဆိုပါသည်။ ကွမ်းခူးယူရာတွင် ပဉ္စမမြောက်အရွက်ကို ခူးယူသည်ဟုလည်း သိရသည်။ ကွမ်းကိုခြံမြေဧရိယာ အကျယ်အဝန်းပေါ် မူတည်၍ အပင် ၄၀ဝ-၅၀ဝ မှ ၅၀ဝ၀-၁၀ဝ၀ဝ အထိ စီးပွားဖြစ်စိုက် ကြသည်။ အပင် ၁၀ဝ၀ ဆိုလျှင်   ပျမ်းမျှအားဖြင့် ၁၅ ရက်တစ်ကြိမ် ခူးလျှင် ခုနစ်ပိဿာ၊ ရှစ်ပိဿာအထိ  ရနိုင်သည်။ ကွမ်းသည် တစ် နှစ်ကျော် နှစ်နှစ်ခံသဖြင့် တစ်ကြိမ်စိုက်၍ စနစ်တကျပြုစုပေးပါက စိုက်ပျိုးသူအတွက် အကျိုးအမြတ်များလှပါသည်။ ကွမ်းသည် ဈေးကွက်ဝင် အရွက်ဖြစ်သဖြင့် ဈေးနှုန်းမြင့်တက်နေပါက တစ်ဆယ်သား ကျပ် ၇၀ဝ မှ ၈၀ဝ အထိ ပေးဝယ်ရသည်။ ထို့ကြောင့် စီးပွားဖြစ် စိုက်ပျိုးသင့်သည်။
ကွမ်းသည်စားသုံးသူများသဖြင့် ဈေးကွက်ဝင်အရွက်ဖြစ်သလို ဈေးကွက်လိုအပ်ချက်ရှိသော အရွက်လည်းဖြစ်သဖြင့် တစ်နှစ်ပတ်လုံး ခူးဆွတ်ရောင်းချနိုင်သော အပင်ဖြစ်သည်။ ထို့ကြောင့် တစ်နှစ်ပတ်လုံး ဝင်ငွေရနိုင်သော အပင် ဖြစ်သည်။ ထို့ကြောင့် မြန်မာလူမျိုးတို့ စားသုံးသည့်ဓလေ့ရှိသော ကွမ်းသည်စီးပွားဖြစ် စိုက်ပျိုးခြင်းဖြင့် ဝင်ငွေတိုးပွားနိုင်သော စိုက်ပျိုးပင်ဖြစ်ပါကြောင်း ရေးသားတင်ပြ လိုက်ပါသည်။

ကျော်စွာ(ကျိုက်ပိ)