လူသားတို့ အသက်ရှင်ရပ်တည်နိုင်ရေးအတွက် နေ့စဉ်နှင့်အမျှ အစာအာဟာရများ ကိုမှီဝဲနေကြရသည်။လူသားတို့နေထိုင်ရာ ဒေသအလိုက်၊ မျိုးနွယ်စုအလိုက် စားသုံးလေ့ရှိသော အစားအစာများကို လေ့လာမည်ဆိုပါက ဆန်၊ ဂျုံ၊ ပြောင်း၊ အာလူး၊ အသီးအရွက်၊ အသား၊ ငါး၊ အစေ့အဆန်၊ ဥအမျိုးမျိုး၊ ဆီနှင့် အဆီ၊ ဆား၊ သကြား၊ ဟင်းခတ်မှုန့် နှင့် ဟင်းခတ် အမွှေးအကြိုင်များ စသည်ဖြင့် ပါဝင်ကြသည်။ ယင်းတို့အနက် ဆား၊ သကြား ဟင်းခတ်မှုန့်နှင့် ဟင်းခတ် အမွှေးအကြိုင်တို့သည် အဓိကဟင်းလျာ၏ အရောင်၊ အရသာနှင့် အနံ့တို့ကို ပိုမိုကောင်းမွန်လာစေရန် ပံ့ပိုးပေးရသော အစားအစာဖြည့်စွက်ပစ္စည်းများ ဖြစ်ကြသည်။
အစားအစာ ဖြည့်စွက်ပစ္စည်းဆိုသည်မှာ အစားအစာ၏ အရည်အသွေး၊ အရသာ၊ အနံ့၊ အသွင်အပြင်နှင့် အထားအသိုခံ သက်တမ်းတို့ကို မြှင့်တင်ရန် ရည်ရွယ်ချက်ဖြင့် အစားအစာထဲတွင်ထည့်သော ပစ္စည်းများဖြစ်သည်။ အဓိကအမျိုးအစားများမှာ ကြာရှည်ခံဆေးများ (Preservatives)၊ အရောင်ပေးပစ္စည်းများ (Coloring Agents)၊ အနံ့အရသာပေးပစ္စည်းများ (Flavoring& Tasting Agents) နှင့် အသွင်အပြင် ပြုပြင်ပစ္စည်းများ (Texture Modifiers) ဖြစ်ကြသည်။
ကြာရှည်ခံဆေးများသည် ဘက်တီးရီးယားနှင့် မှိုတို့ကိုသေစေခြင်း သို့မဟုတ် ကြီးထွားမှုကိုဟန့်တားခြင်းအားဖြင့် အစားအစာကို ကြာရှည်ခံရန် ပြုလုပ်ပေးသည်။ ငါးဆားနယ်၊ ငါးခြောက်တို့တွင် အိမ်သုံးဆားထည့်ခြင်းနှင့် အသားခြောက်၊ အသားပြုတ်၊ စည်သွပ်ဘူးများတွင် ဆိုဒီယမ်နိုက်ထရိတ် ထည့်ခြင်းတို့သည် အစားအစာကို ကြာရှည်ခံရန် ပြုလုပ်ပေးနိုင်သည်။
အစားအစာကိုပိုမိုဆွဲဆောင်မှုရှိစေပြီး အစားအစာပြုပြင်စဉ်အတွင်း ဆုံးရှုံးသွားသောအရောင်ကို အရောင်ပေးပစ္စည်းများက ပြန်လည်ရရှိစေသည်။ နနွင်းကဲ့သို့ သဘာဝအရောင်ပေးပစ္စည်းရှိသကဲ့သို့ FD&CBlueno.1 (C37H34N2Na 2O9S3) ကဲ့သို့ ဓာတုအရောင်ပေးပစ္စည်းများလည်း ရှိသည်။
အနံ့အရသာပေးပစ္စည်းများသည် အစားအစာ၏ မူလအရသာနှင့် ရနံ့ကိုတိုးမြှင့်ပေးသည်။ သစ်ကြမ်းပိုးခေါက်သည် သဘာဝအနံ့ပေးပစ္စည်းဖြစ်ပြီး MSG - Monosodium Glutamate (အချိုမှုန့်)သည် ဓာတုအရသာပေးပစ္စည်းဖြစ် သည်။ အသွင်အပြင်ပြုပြင်ပစ္စည်းများသည် အစားအစာ၏ ပျစ်ခဲမှု၊ ချောမွေ့မှုနှင့် တည်ငြိမ်မှုတို့ကို ထိန်းညှိပေးသည်။ ပီလောပီနံမှုန့်သည် အစားအစာကို ပျစ်ခဲစေခြင်းဖြင့် တည်ငြိမ်စေသောကြောင့် ၎င်းကို Stabilizers &Thickeners အုပ်စုတွင် ထည့်သွင်းထားသည်။ Poly Glycerol Ester of fatty acid (PGE) သည် ရေနှင့်ဆီကဲ့သို့ မရောနိုင်သော ပစ္စည်းများကို တွဲဆက်စေခြင်းဖြင့် ရေခဲမုန့်နှင့် မာဂျရင်းတို့၏ အသွင်အပြင်ကို လှပစေသောEmulsifiers ဖြစ်သည်။
လူတို့သည် ဆီနှင့်အဆီတို့ကို စားသုံးခြင်းဖြင့် ရရှိလာသော စွမ်းအင်ကို လှုပ်ရှားသွားလာခြင်းအတွက် အသုံးပြုကြရသည်။ထို့ကြောင့် စားသုံးဆီများ၏ တည်ငြိမ်မှု မြင့်မားရန်၊ အာဟာရတန်ဖိုး မြှင့်တင်ရန်နှင့် အရသာနှင့် ခံတွင်းတွေ့မှုကို မြှင့်တင်ရန် စသည့်ရည်ရွယ်ချက်များဖြင့် စားသုံးဆီထဲသို့ အစားအစာ ဖြည့်စွက်ပစ္စည်းများကို ထည့်လေ့ရှိသည်။ စားသုံးဆီဟုဆိုရာ၌ ထုတ်လုပ်ပုံနည်းစဉ်ပေါ် မူတည်၍ ဆီရိုင်း(virgin oil) နှင့် အအေးကြိတ်ဆီ (cold pressed oil) တို့တွင် မည်သည့်အစားအစာ ဖြည့်စွက်ပစ္စည်းကိုမဆို ထည့်သုံးခွင့်မပြုကြောင်း CODEX စံချိန်စံညွှန်းပါ သတ်မှတ်ချက်ကို သတိပြုရမည်ဖြစ်သည်။
စားသုံးဆီတွင် အသုံးများသော အစားအစာ ဖြည့်စွက်ပစ္စည်းများမှာ ဓာတ်တိုးဆန့်ကျင်ပစ္စည်းများ (Anti-oxidants)၊ ရနံ့မွှေးဆီများ (Essential oils)၊ မျိုးတူအဆီအက်ဆစ်များ(Fatty Acids)၊ သက်စောင့်ဓာတ်များ(Vitamins)၊ သဘာဝအရောင်ပေးပစ္စည်းများ (Natural Colorants)၊အဏုဇီဝပိုး ထိန်းချုပ်ပစ္စည်းများ(Anti-Microbials) နှင့် ရနံ့ပေးပစ္စည်းများ (Flavorings) စသည်တို့ဖြစ်သည်။
စားသုံးဆီသည် ၎င်း၏ဓာတုဗေဒဖွဲ့စည်းပုံအရ ပြည့်ဝအဆီ အက်စစ်နှင့် မပြည့်ဝအဆီအက်စစ်တို့ ပါဝင်နေသည်။ ပြင်ပမှ အောက်ဆီဂျင်ကြောင့် ဓာတ်တိုးခြင်းဖြစ်ပေါ်ပြီး ရနံ့ဆိုး၊ အရသာဆိုးများ ထွက်ပေါ်လာကာဆီပျက်စီးမှု (rancidity) ဖြစ်တတ်သည်။ ထို့ကြောင့် စားသုံးဆီသာမက ဆီပါဝင်သော အခြားစားသောက်ကုန်များကိုလည်း ဆီပျက်စီးခြင်းမှ ကာကွယ်ပြီး အထားခံနိုင်မှုသက်တမ်း (shelf life) ပိုရှည်စေရန်BHA (Butylated Hydroxyanisole), TBHQ (Tert-Butylhydroquinone), BHT(Butylated Hydroxytoluene) စသည့် ဓာတ်တိုးဆန့်ကျင်ပစ္စည်းများကို အသုံးပြုကြသည်။ စားသုံးဆီတွင် ၎င်းဓာတ်ပစ္စည်းများထည့်ခြင်းကို နိုင်ငံတကာတွင် ခွင့်ပြုထားသော်လည်း CODEX စံချိန်စံညွှန်းတွင် ပြဋ္ဌာန်းထားသော သတ်မှတ်ချက်ကိုမူ လိုက်နာရမည်ဖြစ်သည်။
စားသုံးဆီတွင် ပါဝင်ဖွဲ့စည်းထားသော အဆီအက်ဆစ်အမျိုးအစားနှင့် အချိုးအစားတို့သည် ၎င်းဆီ၏ အသွင်အပြင်နှင့် ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုတို့ကို လွှမ်းမိုးလေ့ရှိသည်။ စားအုန်းဆီသည် ဟင်းသီးဟင်းရွက်ဆီအုပ်စုဝင်ဖြစ်သော် လည်း ၎င်း၏ဓာတုဖွဲ့စည်းပုံအရ ပြည့်ဝဆီပါဝင်မှုများသောကြောင့် ရာသီဥတုအေးလာလျှင် ဆီ၏အသွင်အပြင် မှုန်မှိုင်းလာတတ်သည်။ ထို့ပြင် စားအုန်းဆီ ထုတ်လုပ်မှုနည်းစဉ်အရ အဆီခဲနှင့် ဆီအရည်ပိုင်း ခွဲခြားသည့်အချိန်၌ ကျန်ရစ်သော အမှုန်အနည်များကြောင့် ဆီ၏အရောင် ကြည်လင်မှုမရှိဘဲ အချိန်ကြာလာသည်နှင့်အမျှ အောက်ခြေ၌ အနှစ်ထိုင်တတ် သည်။ ဤကဲ့သို့သော အခြေအနေမျိုးတွင် ဆီ၏အသွင်အပြင်ကို ကောင်းမွန်စေရန် Poly Glycerol Ester of fatty acid (PGE) ကို အစားအစာဖြည့်စွက်ပစ္စည်းအဖြစ် အသုံးပြုကြသည်။
Poly Glycerol Ester of fatty acid (PGE) သည် အဖြူရောင် အဆီခဲသဏ္ဌာန် ပုံဆောင်ခဲဖြစ်ပြီး စားအုန်းဆီတွင် ပါဝင်သော အဆီ အက်စစ်များမှတစ်ဆင့် ပြန်လည်ပြုပြင်ဖန်တီးထားသော ဓာတုပစ္စည်းတစ်မျိုးဖြစ်သည်။ ၎င်းသည် အပူချိန် ၆၀ ဒီဂရီစင်တီဂရိတ်မှ ၈၀ ဒီဂရီစင်တီဂရိတ်အတွင်း အရည်ပျော်တတ်သောကြောင့် ဆီနှင့် ရောစပ်မည်ဆိုပါက ပထမဦးစွာ အသုံးပြုမည့် ဆီကိုချိန်တွယ်ပြီး အပူချိန် ၈၀ ဒီဂရီစင်တီဂရိတ် ထိရောက်အောင် ၁၀ မိနစ်ခန့် အပူ ပေးထားရန် လိုအပ်သည်။ ဆီကိုအပူပေးနေသောအချိန်တွင် ရောစပ်မည့် ဆီပမာဏ၏ သုည ဒသမ ဝ၃ ရာခိုင်နှုန်း (အသုံးပြုမည့်ဆီ ၁၀ဝ ဂရမ်ဖြစ်လျှင် ရောစပ်ရမည့် PGE (သုည ဒသမ ဝ၃ ဂရမ်) ဖြစ် အောင် PGE ကို ချိန်တွယ်ရပါမည်။ ဤသို့ဖြင့် ဆီအပူချိန် ၈၀ ဒီဂရီ စင်တီဂရိတ်သို့ရောက်ရှိပါက ချိန်တွယ်ထားသော PGE ကို ရောထည့်ပြီး ၁၅ မိနစ်ကြာအောင် အပူဆက်ပေးထားရင်းဖြင့် ဖန်ချောင်း ဖြင့် အဆက်မပြတ် မွှေပေးထားရပါမည်။ ၁၅ မိနစ်ပြည့်ပါက အပူပေးခြင်းနှင့် ဖန်ချောင်းဖြင့် မွှေခြင်းတို့ကိုရပ်ပြီး အပူချိန် ၂၈ မှ ၃၀ ဒီဂရီစင်တီဂရိတ်ထိရောက်ရန် တစ်နာရီကြာ အအေးခံပါမည်။ အအေးခံပြီးပါကမူလဆီ အရောင်ထက် ပိုမိုကြည်လင်တောက်ပသောဆီကို ရရှိလာမည်ဖြစ်သည်။
Poly Glycerol Ester of fatty acid (PGE) ကို ဆီအရောင် ကြည်လင်စေသောပစ္စည်း Anti-clouding agent အဖြစ် နိုင်ငံတကာတွင် အသိအမှတ်ပြုထားသော်လည်း သတ်မှတ်ပမာဏထက် ကျော်လွန်အသုံးပြုပါက မရှိမဖြစ် လိုအပ်သော ဖက်တီးအက်စစ်များစုပ်ယူမှုကို အနှောင့်အယှက်ဖြစ်စေနိုင်ပြီး အသည်းနှင့်ကျောက်ကပ်တို့ကို ထိခိုက်စေနိုင်ကြောင်း အချို့သုတေသနများတွင် ဖော်ပြထားသည်။ ထို့ကြောင့် အစားအစာဘေးကင်း လုံခြုံမှု (Food Safety) အရ သတ်မှတ်ပမာဏထက် ကျော်လွန်အသုံးပြုခြင်းကို တားမြစ်ထားသည်။
ဆီအရောင်ကြည်လင်စေသည့် ပစ္စည်းအဖြစ် အသုံးပြုသော Poly Glycerol Ester of fatty acid (PGE) ၏ ဥရောပသမဂ္ဂမှ အသိအမှတ်ပြုထားသော ဓာတ်ပစ္စည်းအမှတ်စဉ်မှာ E475 ဖြစ်သည်။ ၎င်းတွင် ရေနှင့်ဆီ နှစ်မျိုးစလုံးကို ဆက်နွှယ်နိုင်သော ဂုဏ်သတ္တိရှိသောကြောင့် Emulsifiers ဟုလည်း အမည်တပ်ကြသည်။ စားအုန်းဆီနှင့် PGE တို့ကို ဓာတ်ခွဲခန်းတွင် လက်တွေ့ရောစပ် စစ်ဆေးချက်အရ PGE ရောစပ်ပြီးဆီတွင် အနယ်အနှစ် ကင်းစင်ကာ ပတ်ဝန်းကျင် အပူချိန်ပေါ်မူတည်၍ အချိန်အတိုင်းအတာတစ်ခုအတွင်း၌သာလျှင် အရောင်ကြည်လင်မှုကို ထိန်းထားနိုင်သည်မှအပ စားအုန်းဆီ၏ အရေးပါသော အရည်အသွေးများဖြစ်သည့် တိမ်ခိုးမှတ် (Cloud Point)နှင့် အိုင်အိုဒင်းတန်ဖိုး (Iodine Value) တို့ကို ပြောင်းလဲနိုင်ခြင်းမရှိကြောင်း တွေ့ရသည်။
ဈေးကွက်လေ့လာချက်အရ အချို့သော ဟင်းသီးဟင်းရွက်ဆီများတွင် E475 ပါဝင်ကြောင်း ကုန်အညွှန်းအမှတ်အသားတွင် ဖော်ပြထားပြီး ပမာဏမည်မျှသုံးထားကြောင်းကိုမူ ဖော်ပြထားခြင်းမရှိကြောင်း လေ့လာတွေ့ရှိရသည်။ စားသုံးသူအခွင့်အရေးအရ မိမိတို့ ဝယ်ယူသုံးစွဲမည့် ကုန်ပစ္စည်း၏ သတင်းအချက်အလက်ကို ပြည့်စုံစွာ သိရှိခွင့်ရှိသောကြောင့် ကုန်အညွှန်းအမှတ်အသားတွင် E475 ပမာဏမည်မျှသုံးထားကြောင်းနှင့် ယင်းသည် ကန့်သတ်ချက်အတွင်း၌သာ ဖြစ်ကြောင်း သေချာစေသင့်သည်။
အချုပ်အားဖြင့်ဆိုရလျှင် စားသုံးဆီတွင် အစားအစာဖြည့်စွက်ပစ္စည်းများ ပေါင်းထည့်ခြင်းသည် ခေတ်မီအစားအစာထုတ်လုပ်မှုနည်းစဉ်၏ အစိတ်အပိုင်းတစ်ခုအဖြစ် နိုင်ငံတကာ၌လည်း လက်ခံထားပြီးဖြစ်သော်လည်း ကောင်းမွန်သော ရည်ရွယ်ချက်များဖြင့် သတ်မှတ်ပမာဏအတိုင်းသာ အသုံးပြုသင့်ပြီး ကုန်အညွှန်းအမှတ်အသား၌ တိကျရှင်းလင်းစွာ ဖော်ပြသင့်ကြောင်း ရေးသားတင်ပြလိုက်ရပါသည်။
အိအိချော (CTQM)
