Main menu

Background

ပြည်ခရိုင်အတွင်းရှိ ကြံသီးနှံ စိုက်ပျိုးထုတ်လုပ်နေမှု အခြေအနေနှင့် သကြားဈေးကွက် အခြေအနေ

Tue, 01/10/2023 - 10:07 -- journal_editor

စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် ဌာနလုပ်ငန်းများနှင့်အတူ ပြည်တွင်းကုန်သွယ်မှုမြှင့်တင်ရေးလုပ်ငန်းများလည်း ဆောင်ရွက်လျက်ရှိသည့်အပြင် ကုန်ထုတ်လုပ်မှုလုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရေးအတွက်လည်း လုပ်ငန်းရှင်များနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိပြီး စက်မှုကုန်ကြမ်းသီးနှံများ ပိုမိုထွက်ရှိလာနိုင်ရေး သက်ဆိုင်ရာဌာနများ၊ တောင်သူများနှင့်လည်း ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။
ပြည်ခရိုင်တွင် ကြံသီးနှံကို ခရိုင်အတွင်းရှိ မြို့နယ်အားလုံးတွင် စိုက်ပျိုးလျက်ရှိရာ ပြည်မြို့နယ်နှင့် ပေါက်ခေါင်းမြို့နယ်တို့တွင် အများဆုံး စိုက်ပျိုးဖြစ်ထွန်းလျက်ရှိသည်။ ယခင်နှစ်က ကြံသီးနှံကို (ခင်းသစ်) ၁၈၈၉၂ ဧက၊ (လမိုင်း) ၇၇၇၈ ဧက စုစုပေါင်း ၂၆၆၇၀ ဧက  စိုက်ပျိုးခဲ့ပြီး တန်ချိန် ခြောက်သိန်းကျော် ထွက်ရှိခဲ့ကြောင်း သိရှိရသည်။

ကြံသီးနှံစိုက်ပျိုးမှု

ကြံသီးနှံ(ခင်းသစ်) ၂၀၄၉၈ ဧက စိုက်ပျိုးပြီး တစ်ဧက ခန့်မှန်း ၂၅ တန်ထွက်ရှိလျှင် တန်ချိန်  ငါးသိန်းကျော်ခန့်၊ (လမိုင်း) ၇၃၄၀ ဧက စိုက်ပျိုးပြီး အထွက်နှုန်းအနေဖြင့် ၁၇ တန်ခန့် ထွက်ရှိလျှင် တန်ချိန် တစ်သိန်းကျော်ခန့် စုစုပေါင်း ၂၇၈၃၈ ဧကမှ ပျမ်းမျှ အထွက်နှုန်း ၂၃ တန် ထွက်ရှိလျှင် ကြံတန်ချိန်ပေါင်း ၆၄၀ဝ၀ဝ ကျော်ခန့် ထွက်ရှိနိုင်မည်ဖြစ် ကြောင်း သိရှိရသည်။၊ 

တစ်ဧက စိုက်ပျိုးထုတ်လုပ်မှု ကုန်ကျစရိတ်နှင့် အကျိုးအမြတ်
၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် ခင်းသစ်တစ်ဧက ကုန်ကျစရိတ် ကျပ် ၁၂ သိန်းကျော်ခန့်ရှိပြီး  လမိုင်းတစ်ဧကလျှင် ကျပ် ၈၄၀ဝ၀ ကျော် ကုန်ကျသည်။   ခင်းသစ်အနေဖြင့် အထွက်နှုန်း ၂၅ တန်ခန့် ထွက်ရှိပါက တစ်ဧကဝင်ငွေ ကျပ် ၁၈ သိန်းကျော်ရရှိပြီး အကျိုးအမြတ်အနေဖြင့် ကျပ်ခြောက်သိန်းကျော် ရရှိနိုင်သည်။ လမိုင်းအနေဖြင့် အထွက်နှုန်း ၁၇ တန်ခန့်ထွက်ရှိပါက တစ်ဧကဝင်ငွေ ကျပ် ၁၂ သိန်းကျော်ရရှိပြီး အကျိုးအမြတ်အနေဖြင့် ကျပ်လေးသိန်းကျော် ရရှိနိုင် သည်။ 

ဈေးနှုန်းနှင့်ဈေးကွက်

ပြည်မြို့နယ် နဝဒေးသကြားစက်နှင့် ပေါက်ခေါင်း မြို့နယ်  အင်ငါးခွသကြားစက်မှ ကြံတစ်တန်လျှင် စက်အရောက် ကျပ် ၇၅၀ဝ၀ ဈေးပေးဝယ်ယူလျက်ရှိပြီး တောင်သူများအနေဖြင့် ခုတ်သိမ်းပြီးသော ကြံများကို သကြားစက်များသို့  တိုက်ရိုက်တင်ပို့ ရောင်းချလျက်ရှိကြောင်း သိရသည်။ အချို့တောင်သူများအနေဖြင့် တစ်ပိုင်တစ်နိုင် ကြံသကာချက် လုပ်၍ ကြံသကာအဖြစ် ရောင်းချခြင်း၊ ကြံသကာပြုလုပ်သည့် ဖိုများသို့ ရောင်းချခြင်းများဖြင့် ဈေးကွက်ရရှိလျက်ရှိသည်။

သကြားစက်များ၏ ကြိတ်ခွဲထုတ်လုပ်နိုင်မှု
ပြည်ခရိုင်အတွင်းရှိ ပြည်မြို့နယ်တွင် နဝဒေးသကြားစက်နှင့် ပေါက်ခေါင်းမြို့နယ်တွင် အင်ငါးခွသကြားစက် စုစု ပေါင်း နှစ်စက်ရှိသည်။ နဝဒေးသကြားစက်မှ ယခုဘဏ္ဍာနှစ်တွင် ကြံတန်ချိန် ၂၀ဝ၀ဝ၀ ခန့်ကြိတ်ခွဲရန်လျာထားပြီး သကြား တန်ချိန် ၂၀ဝ၀ဝ ခန့် ထုတ်လုပ်ရန်  လျာထားလျက်ရှိရာမှ ယခု ဒီဇင်ဘာလတတိယပတ်ထိ ကြံတန်ချိန် ၃၁၄၀၉ ဒသမ ၇၂ ကြိတ်ပြီး သကြားတန်ချိန် ၃၁၄၁ တန်ထွက်ရှိပြီးဖြစ်သည်။ အင်ငါးခွ သကြားစက်အနေဖြင့် ကြံတန်ချိန် ၁၅၀ဝ၀ဝ ခန့် ကြိတ်ခွဲရန်လျာထားပြီး သကြားတန်ချိန် ၁၅၀ဝ၀ ခန့် ထုတ် လုပ်ရန် လျာထားသည်။ ဒီဇင်ဘာလ  တတိယပတ်ထိ ကြံတန်ချိန် ၁၃၄၉၃ ဒသမ ၈၅ ကြိတ်ဝါးပြီး သကြားတန်ချိန် ၁၃၄၉ တန်ထွက်ရှိပြီးဖြစ်သည်။ စက်ရုံများမှ သကြားတစ် ပိဿာလျှင် ကျပ် ၂၁၀ဝ ဖြင့် ထုတ်လုပ်ရောင်းချလျက်ရှိသည်။
ပြည်ဈေးကွက်တွင် ယခင်က သကြားတစ်ပိဿာလျှင် လက်လီဈေး ကျပ် ၂၃၀ဝ၊ လက်ကားဈေး ကျပ် ၂၂၀ဝ ဈေး ရှိပြီး ယခုကြံရာသီ ခုတ်သိမ်းကာလအချိန်တွင် လက်လီဈေး ကျပ် ၂၈၀ဝ၊ လက်ကားဈေး ကျပ် ၂၄၀ဝ ထိဈေးမြင့်လာသည်။ သကြားဈေးကောင်းနေတာကြောင့်  စက်ရုံများအနေဖြင့် ကြံစိုက်တောင်သူများအား ယခင်နှစ်ထက် ဈေးကောင်းပေး ဝယ်ယူခဲ့သည့်အတွက် တောင်သူများအနေဖြင့်လည်း အကျိုး အမြတ်များ ပိုမိုရရှိကြောင်း သိရှိရသည်။

ဆုမွန်ဆွေ(ပြည်)