Main menu

Background

ယခင်နှစ်များထက် ထန်းလျက် ဈေးကောင်းရနေ

Thu, 01/19/2023 - 14:11 -- journal_editor

အညာဒေသ၌ ထန်းတက်လုပ်ငန်းခွင် စတင်လုပ်ကိုင် နေကြပြီဖြစ်ရာ ယခင်နှစ်များကထက် ထန်းလျက်ဈေးကောင်း ရနေသောကြောင့် ထန်းတက်သူများ  ပိုမိုအားထား လုပ်ကိုင် လျက်ရှိကြောင်း ရေနံချောင်းမြို့နယ်  ဒေသခံများထံမှ သိရ သည်။ အညာဒေသ၌ ထန်းဖိုဦးရာသီကို ပြာသိုလတွင် ထန်းစ ပြင်ကြပြီး ထန်းဖိုရာသီ ပြာသို၊ တပို့တွဲ၊ တပေါင်း၊ ထန်းအလယ် ရာသီကို တပေါင်း၊ တန်ခူးလ၊ ထန်းမ ရာသီမှာ ကဆုန်၊ နယုန် လဖြစ်ပြီး လက်ရှိ ထန်းရာသီမှာ ထန်းဖိုဦးစတင်ချိန်ဖြစ်သည်။ 
ထန်းပြင်သည့်လုပ်ငန်း  ထန်းရာသီ ပြာသို၊ တပို့တွဲလ မှာ   ထန်းပင်၏ ထန်းလက်အခြောက်များ၊ ထန်းရွက်များကို ထန်းပင်၏ ထန်းစစ်များကို ထန်းတက်သမားက ခုတ်ချခြင်းအပြင် ထန်းပင်၌ ထွက်ရှိသော ထန်းနို့အသစ် ထန်းနို့ချောင်း ခေါ် ထန်းနို့ကို ထန်းဖူးဖြင့် စည်းရကြောင်း ထန်းစထိပ်ကို ထန်းလှီးဓားဖြင့်  အနည်းငယ် ခပ်ပါးပါးလှီးရသည်။ ၎င်း ထန်းနို့ကနေ ထန်းရည်ရရှိပြီး ထန်းဖိုဦး ပြင်သည်ဟု ခေါ်ဆို သည်။
ထန်းရည်ချိုရရှိရန်အတွက် ထန်းပြင်သည့်လုပ်ငန်းကို ထန်းဖိုပင်များမှာ ထန်းဖိုဦး၊ ထန်းတက်လုပ်သားတစ်ဦးလျှင် ထန်းပင်ရေ ၂၀ ကို နံနက်တစ်ကြိမ်၊ ညနေတစ်ကြိမ် နှစ်ကြိမ် တက်ပြီး ထန်းရည်ရယူရသည်။ ထန်းတက်လုပ်ငန်းတွင် ထန်း တစ်ပင်လျှင် ထန်းနို့သုံးခုကနေ ငါးခုအတွင်းရှိပြီး ထန်းနို့တွင် ဆွဲသည့် မြေအိုးမှာလည်း မြေအိုးသုံးလုံးကနေ ငါးလုံးအတွင်း ရှိသည်။ ထန်းပင်တက်သည့် ရင်းဆွဲအတွက်  ဝါးမှာ ထန်းပင် အနေအထားမူတည်ပြီး အသုံးပြုရသည်။ ထန်းလျက် ကျို ချက်သည့် လောင်စာမှာလည်း တစ်ရာသီစာအတွက် ပဲစင်း ငုံရိုး (ပဲစင်းငုံကိုင်း)ကို ကြိုတင်၍ စုဆောင်းရသည်။ 
ထန်းလျက်ဈေး တစ်ပိဿာ ကျပ်ငါးရာ၊ ကျပ်ရှစ်ရာ ကနေ ကျပ်တစ်ထောင် ရောင်းရခြင်း၊ ဈေးမကောင်းခြင်း ကုန် ကျစရိတ်များပြီး တွက်ခြေ မကိုက်သောကြောင့် ထန်းတက်သူ ရှားပါးကာ ဒေသခံ ထန်းတက်သူအချို့   ပြည်တွင်းရှိ နယ် အဝေးသို့ သွားရောက်ခြင်း၊ ပြည်ပနိုင်ငံများသို့  သွားရောက် လုပ်ကိုင်ကြရသည်။ ရေနံချောင်းမြို့နယ်တွင် ထန်းပင် စိုက် ဧက ၁၅၆၇ ဧက စိုက်ပျိုးထားရှိကာ ထန်းလျက်ထွက်သည့် ထန်းပင် ၁၂၃၆ ဧကရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန စာရင်းအရသိရသည်။ မကွေးတိုင်းဒေသကြီးတွင် ထန်းစိုက် ဧက နှစ်သောင်းကျော်ရှိကာ နှစ်စဉ်  ထွက်ရှိမှုမှာ ပိသာချိန် သိန်း ၅၅၀ဝ ခန့်  ထွက်ကြောင်း တိုင်းဒေသကြီး စိုက်ပျိုးရေး ဦးစီးဌာနစာရင်းအရသိ ရသည်။ 
အညာဒေသတွင် ထန်းတောများကို ယာခင်းစည်းရိုး၌ ထန်းပင်ကို   စီတန်းပြီး စိုက်ကြသည့်အပြင် ယာခင်းထဲ၌ စိုက် ပျိုးထားရှိကြကြောင်း၊ အချို့တောင်သူများ ယာခင်းနှင့် ထန်း ပင်ကို တွဲပြီးပိုင်သော်လည်း အချို့ တောင်သူများသည့် ယာ ခင်းသာ ပိုင်သော်လည်း ထန်းပင် မပိုင်ဘဲ   ထန်းပင်ပိုင်ရှင် သီးသန့်ရှိကြောင်းသိရသည်။
အညာဒေသတွင် ထန်းပင်ကနေ  ထန်းလျက်၊ ဆီးထန်း လျက်၊ အုန်းထန်းလျက်၊  ပေါက်ပေါက်ဆုပ်ထန်းလျက်၊ မန် ကျည်းထန်းလျက်၊  ဆီးယိုနှင့် ယိုအမျိုးမျိုးကို ထန်းလျက်နှင့် စားချင်စဖွယ် ထုတ်လုပ်ရောင်းချကြသည့်အပြင် မြန်မာ့ရိုးရာ မုန့်များတွင်လည်း ထန်းလျက်ကို  အသုံးပြုကြကြောင်း၊ တစ် ပိုင်တစ်နိုင် မုန့်လုပ်ငန်းများတွင်လည်း ကုန်ကြမ်းအဖြစ်သုံးကြ ကြောင်း၊ ထန်းသီးကနေ   ထန်းသီးဆံအဖြစ်လည်းကောင်း၊ ထန်းပင်မြစ်ကိုလည်း ရာသီစာအဖြစ် ရောင်းချနိုင်သည်။ ၎င်း အပြင် ထန်းရွက်ကို အမိုးအကာ၊ ထန်းလက်ကို ကုလားထိုင် တန်းလျား၊ စားပွဲအပြင် လက်ဆွဲခြင်းများကိုလည်း ထုတ်လုပ် ရောင်းချနိုင်သောကြောင့် ထန်းတစ်ပင်လုံး အသုံးဝင်ကြောင်း သိရသည်။                                          
ဆန်းညွန့်(ရေနံချောင်း)