Main menu

Background

အဆင်သင့်ပြင်ဆင်ထားကြပါစို့(၁)

Thu, 01/19/2023 - 14:40 -- journal_editor

ဥရောပသမဂ္ဂနိုင်ငံများသို့ ပဲပင်ပေါက်ဖောက်ရန်အတွက် မြန်မာပဲတီစိမ်းများ တင်ပို့ရမည့် ၂၀၂၃ ခုနှစ်၏ ရာသီချိန်နီးလာပြီ ဖြစ်ပါသည်။ ဥရောပသမဂ္ဂနိုင်ငံများသို့ ပဲပင်ပေါက်ဖောက်ရန်အတွက် မြန်မာပဲတီစိမ်းများ တင်ပို့နိုင်ရေး၊ အဆိုပြုကုမ္ပဏီများ မှန်ကန်မှုရှိစေရေး၊ တောင်သူပညာပေးသင်တန်းများ ပို့ချနိုင်ရေး၊ တောင်သူ(Farmer)၊ အဝယ်တော်(Collector) နှင့် ပဲတင်ပို့ရေးလုပ်ငန်းစဉ်ဆောင်ရွက်သည့် စက်ရုံများ၏ ထုတ်လုပ်မှု(Processor Level) များ စစ်ဆေးခြင်းတို့ကို ဆောင်ရွက်နိုင်ရန် ရည်ရွယ်ပြီး ၂၀၂၂ ခုနှစ် နိုဝင်ဘာ ၅ ရက်က မြန်မာ့ပဲတီစိမ်းများတင်ပို့နိုင်ရေ းလုပ်ငန်းကြီးကြပ်ရေးအဖွဲ့ ညှိနှိုင်းအစည်းအဝေးကျင်းပခဲ့ပြီးဖြစ်သည်။

ဥရောပသမဂ္ဂနိုင်ငံများသို့ ပဲပင်ပေါက်ဖောက်ရန်အတွက် မြန်မာ့ပဲ(ပဲတီစိမ်း)များ တင်ပို့နိုင်ရေးကို ၂၀၁၄ ခုနှစ်မှစပြီး စီမံကိန်းအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည်။ ဥရောပသမဂ္ဂနိုင်ငံများ၏ အစားအသောက်ဘေးကင်းလုံခြုံရေး(Food Safety) စည်းမျဉ်းစည်းကမ်းများနှင့်အညီ ဆောင်ရွက်နိုင်ရေး အဆင့်တိုင်းအတွက် သင်တန်းများကို ဥရောပသမဂ္ဂနိုင်ငံနှင့် GIZ တို့မှပူးတွဲ၍ တာဝန်ယူဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

ဥရောပသမဂ္ဂနိုင်ငံ ဝယ်လက်များကလည်း အိမ်နီးချင်းနိုင်ငံများ၏ ပဲထက် မြန်မာ့ပဲများကိုသာ ကြိုက်နှစ်သက်ကြသည်။ သတ်မှတ်ချက်မြင့်မားသည့် ဥရောပသမဂ္ဂနိုင်ငံများမှမြန်မာ့ပဲကို တရားဝင် ဝယ်ယူသည့်အတွက် ဈေးကွက်ပေါက်ဈေးရရှိစေသည့်အပြင် အခြားနိုင်ငံများသို့ ဈေးကွက်ထိုးဖောက်ရန် လွယ်ကူမှုရှိစေမည်ဖြစ် ပါသည်။

ယခုအခါ ဥရောပသမဂ္ဂနိုင်ငံများသို့ တင်ပို့နေသည်မှာ ရှစ် နှစ်မြောက်နှစ်သို့ ရောက်ရှိလာပြီဖြစ်ပါသည်။ စတင်တင်ပို့စဉ်က ကုမ္ပဏီ ၂၀ ခန့်ရှိခဲ့ပြီ ယခုနှစ်တွင် ကုမ္ပဏီခြောက်ခုမှ တင်ပို့ကြမည်ဟု သိရှိသည်။ ယခုကဲ့သို့ကုမ္ပဏီအရေအတွက် လျော့နည်းသွားရခြင်းမှာ ဝယ်ယူသည့် ပမာဏနည်းခြင်း၊  တရုတ်ဈေးကွက်သို့လည်း တင်ပို့နေရခြင်းကြောင့်ဟု သိရှိရသည်။

ဥရောပသမဂ္ဂနိုင်ငံများသို့ ပဲပင်ပေါက်ဖောက်ရန် မြန်မာ့ပဲတီစိမ်းတင်ပို့သည့် ဈေးကွက်အနေဖြင့် ပမာဏသေးသော်လည်း တင်ပို့နိုင်သည့်တန်ချိန်မှာ တန်ချိန် ၇၀ဝ၀ မှ အမြင့်ဆုံး ၁၄၀ဝ၀ ဝန်းကျင်ထိ တင်ပို့ခဲ့ရသည်ဟုသိရသည်။ တင်ပို့ခဲ့သည့် ခုနစ်နှစ်တာကာလအတွင်း အငြင်းပွားမှု တစ်စုံတစ်ရာမရှိခဲ့ကြောင်းနှင့် အာမခံချက်ရှိသော ဈေးကွက်ဖြစ်၍ တောင်သူ၊ အဝယ်တော်နှင့် နိုင်ငံ့အတွက်ပါ အကျိုးရှိ၍ ကြိုးစားဆောင်ရွက်နိုင်သည်နှင့်အမျှ နောင်လာမည့် နှစ်များအတွက် အကျိုးဖြစ်ထွန်းစေနိုင်ကြောင်း၊ ဥရောပသမဂ္ဂနိုင်ငံများသို့ မြန်မာ့ပဲများ တင်ပို့ရေးလုပ်ငန်းကြီးကြပ်ရေးအဖွဲ့ ဒုတိယဥက္ကဋ္ဌလည်းဖြစ် ဘုရင့်နောင်ကုန်စည်ဒိုင်ဥက္ကဋ္ဌလည်းဖြစ်သည့် ဒေါက်တာမျိုးလွင်က ၅-၁၁-၂၀၂၂ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာန၌ ပြုလုပ်သည့် လုပ်ငန်းကြီးကြပ်ရေးကော်မတီအစည်းအဝေးမှာ ဆွေးနွေးခဲ့သည်ဟုသိရသည်။

ဥရောပသမဂ္ဂနိုင်ငံများသို့ မြန်မာပဲများတင်ပို့ရာတွင် ထုတ်လုပ်မှုလုပ်ငန်းစဉ် (Processor Level)၌ ကုန်ပစ္စည်းစစ်ဆေးရေးနှင့် စမ်းသပ်မှုလုပ်ငန်းလီမိတက် (MITS) အနေဖြင့် သေချာစစ်ဆေးပေးရန် လိုအပ်ကြောင်းလည်း စားသုံးသူရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ ဥရောပသမဂ္ဂနိုင်ငံများကို မြန်မာ့ပဲများ တင်ပို့ရေးလုပ်ငန်းကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌကလည်း အဆိုပါ အစည်းအဝေးတွင် အလေးထားမှာကြားခဲ့သည်။

ယခုနှစ်အတွက် ရာသီချိန်လည်း နီးကပ်လာပြီဖြစ်ရာ အစစ်ဆေးခံမည့် ကုမ္ပဏီများအနေဖြင့် နှစ်စဉ်တင်ပို့နေကျဖြစ်သော်လည်း အစစ်ဆေးခံရမည့် သတ်မှတ်ချက်များ(Criteria) ကိုက်ညီအောင် ပြင်ဆင်ရန်ရှိသည်များ ကြိုတင်ပြင်ဆင်ထားနိုင်ရန်အတွက် စစ်ဆေးခံရမည့်အချက်များကို အသိပေးလိုက်ရပါသည်။ ဝယ်ယူခြင်းနှင့် ပဲအိတ်များ လက်ခံရရှိခြင်း၊ ကုန်ကြမ်းနှင့် ကုန်ချောများ သိုလှောင်ရုံတွင်ထားရှိခြင်း၊ ပဲတီစိမ်းကို သန့်စင်ခြင်း၊ ကုန်သေတ္တာများတွင် ထည့်သွင်းခြင်းနှင့် ပြည်ပတင်ပို့ခြင်း၊ အရည်အသွေးထိန်းချုပ်ခြင်းနှင့် လုပ်သားများ ကျန်းမာရေးနှင့် တစ်ကိုယ်ရေသန့်ရှင်းခြင်းဆိုပြီး အပိုင်း(၆)ပိုင်းခွဲ စစ်ဆေးကာ သတ်မှတ်ချက်များနှင့် ကိုက်ညီမှုရှိခြင်း/ မကိုက်ညီခြင်း/ စစ်ဆေးချိန်တွင် အကျုံးမဝင်ခြင်းဆိုပြီး စစ်ဆေးတွေ့ရှိချက်များကို C, NC, NA  ဟု အဆင့်များ  သတ်မှတ်ပေးမည် ဖြစ်သည်။

(က) ဝယ်ယူခြင်းနှင့် ပဲအိတ်များ လက်ခံမှုရှိခြင်းအပိုင်းတွင်

-  ဝင်လာသည့်ပဲများတွင်ရှိရမည့် သန့်ရှင်းရေးဆိုင်ရာ အပါအဝင် အချက်အလက်များ၊

-  ပဲအိတ်များတင်ဆောင်လာသည့် ယာဉ်အခြေအနေ (သယ်ဆောင်လာစဉ် ညစ်ညမ်းမှုဖြစ်နိုင်ခြေ ရှိ/မရှိ)

-  အကာအရံများ/တာပေါ်လင်နှင့် အုပ်ဆိုင်းလာခြင်း ရှိ/ မရှိ၊

-  ဝင်လာသည့် ပဲအိတ်များသည် အိတ်ခွံအသစ် သုံး/မသုံး၊

-  ဓာတုပစ္စည်းထည့်သုံးထားသည့် အိတ်များမဖြစ်စေရန်နှင့် ပေါက်ပြဲခြင်း ရှိ/မရှိ၊ သန့်ရှင်းခြင်း ရှိ/မရှိ

-  အဝင်ပဲများ၏ နမူနာရယူပြီး အရည်အသွေးကိုစစ်ဆေးခြင်း (မှို၊ မျိုးရောခြင်း၊ ကျောက်ခဲများပါခြင်း၊ ပိုးများ ပါ/မပါ)

-  ယာဉ်ပေါ်မှချသော အိတ်များပိုင်ခြင်း (ကုန်ချစဉ် ကိုင်တွယ်ဆောင်ရွက်ပုံ၊ ကြမ်းခင်း သုံး/မသုံး၊ အိတ်ပိုင်ခြင်းကို အသုတ်လိုက် ခွဲခြားပုံခြင်း)

-  စံနှင့်မကိုက်ညီသည့် ပဲများအား ကိုင်တွယ်မှု (ခွဲခြားနိုင်အောင် သီးသန့်ခွဲထားခြင်း၊ သိုလှောင်ခြင်း၊ စွန့်ပစ်ခြင်း)

-  အဝင်ပဲများနှင့်စပ်လျဉ်းပြီး ပဲပို့သူ၏ အသေးစိတ်အချက်အလက်များ၊ အရည်အသွေး၊ အရေအတွက်၊ လက်ခံရရှိသည့် ရက်စွဲနှင့် ကုန်တင်ယာဉ်မှတ်တမ်း ရေးသွင်းမှုတို့ကို စစ်ဆေးမည်ဖြစ်သည်။

(ခ) ကုန်ကြမ်းနှင့် ကုန်ချောများ သိုလှောင်ရုံတွင်ထားခြင်းအပိုင်းတွင်

-  သိုလှောင်မှုအတွက် အခြေခံအဆောက်အအုံလုံလောက်မှု (ကြမ်းခင်းအနေအထား၊ အမိုး၊ အကာ၊ တံခါး၊ ပြတင်းပေါက်၊ လေဝင်လေထွက်အခြေအနေ၊ ငှက်တားထားရှိမှု၊

-   ကြွက်နှင့်ဖျက်ပိုး တားဆီးနှိမ်နင်းမှု၊

-  ကုန်ကြမ်းနှင့် ကုန်ချောများကို သီးခြားသိုလှောင်ခြင်း (သိုလှောင်ရုံတစ်ခုထဲတွင် ထားသိုပါက ခွဲခြားနိုင်ခြင်း ရှိ/မရှိ)

-  သိုလှောင်စဉ်အတွင်း ပဲအိတ်များအခြေအနေ(အသစ်၊ အသန့်၊ ကြမ်းခင်းအသုံးပြုမှု၊ သိုလှောင်သည့်နေရာအခြေအနေ၊ နံရံ နှင့်ပိုင်ပုံများ ကပ်လွန်းခြင်း ရှိ/မရှိ)

-  သိုလှောင်ထားသည့် ပဲအိတ်များအား နောက်ကြောင်းပြန်လိုက်နိုင်ရန် ခွဲခြားနိုင်ရန် မှတ်မှတ်သားသား သိုလှောင်ထားခြင်း ရှိ/မရှိ၊

-  ရှေးဦးပထမ ဝင်လာသည့်အိတ်များ အရင်ထုတ်သုံးနိုင်ရန်(First come First Out) စီစဉ်ထားခြင်း ရှိ/မရှိ

-  ပိုးမွှားထိန်းချုပ်မှု ထိရောက်ခြင်း ရှိ/မရှိ (ပိုးမွှား၊ ကြွက်နှင့် ငှက် တားနိုင်ရန် လုပ်ဆောင်ထားမှု၊

-  ကြွက်ထောင်ခြောက်ထားရှိမှု၊

-  စုဆောင်းရရှိသည့် ပိုးများနှင့်စပ်လျဉ်း၍ စိုက်ပျိုးရေးဦးစီးဌာန၊ အပင်ပိုးမွှားနှင့် ကာကွယ်ရေးဌာန၏အတည်ပြုချက် ရရှိထားမှု အခြေအနေ

-  အဆိပ်ငွေ့မှိုင်းတိုက်ခြင်းနှင့်စပ်လျဉ်း၍ အသုံးပြုသည့် ဓာတုပစ္စည်း၊ ပမာဏ၊ မှိုင်းတိုက်သည့်ရက်စွဲ၊ လုပ်ထုံးလုပ်နည်း စံသတ်မှတ်ချက် (SOP)၊ ထိရောက်မှု အတည်ပြုချက်များကို စစ်ဆေးပေးသွားမည်ဖြစ်သည်။

ဥရောပသမဂ္ဂနိုင်ငံများသို့ ပဲပင်ပေါက်ဖောက်ရန် ပဲတီစိမ်းတင်ပို့မည့်ကုမ္ပဏီများအနေဖြင့် ယခုနှစ် ပဲရာသီတွင် ထုတ်လုပ်မှုလုပ်ငန်းစဉ်(Processor Level) အစစ်ဆေးခံနိုင်ရန် အဆင်သင့်ပြင်ဆင်ထားနိုင်ရေးအတွက် ပညာပေးအစီအစဉ်တစ်ခုအနေနဲ့ ယခုကဲ့သို့ တင်ပြလိုက်ရခြင်းဖြစ်ပါသည်။

ပဲတီစိမ်းကို သန့်စင်ခြင်း၊ သန့်စင်နေစဉ် နမူနာယူ၍ ဓာတ်ခွဲစမ်းသပ်ခြင်း၊ ကုန်သေတ္တာပေါ် အိတ်သွတ်ခြင်းနှင့် ပြည်ပတင်ပို့ခြင်း၊ အရည်အသွေးထိန်းချုပ်ခြင်း၊ လုပ်သားများ၏ ကျန်းမာရေးနှင့် တစ်ကိုယ်ရေသန့်ရှင်းရေးအပိုင်းများကိုရှေ့အပတ်များတွင် ဆက်လက်ဖော်ပြပေးသွားပါမည်။

ပန်းချယ်ရီ(MITS)