Main menu

Background

မြန်မာ့ကြိမ်နှင့်ဝါး လက်မှုအချောထည် နယ်သာလန် အကူအညီဖြင့် အွန်လိုင်းမှတစ်ဆင့် ကမ္ဘာ့ဈေးကွက်သို့ထိုးဖောက်

Fri, 01/20/2023 - 14:14 -- journal_editor

မြန်မာ့ဒေသထွက် ကြိမ်နှင့်ဝါး လက်မှုအချောထည်ပစ္စည်းများကို နယ်သာလန်နိုင်ငံ၏ အကူအညီဖြင့် အွန်လိုင်းမှတစ်ဆင့် ကမ္ဘာ့ဈေးကွက်သို့ ထိုးဖောက်ဆောင်ရွက်လျက်ရှိကြောင်း မြန်မာနိုင်ငံ ကြိမ်နှင့်ဝါးလုပ်ငန်းရှင်များအသင်းမှ သိရသည်။

ကြိမ်နှင့်ဝါး လက်မှုအချောထည်ပစ္စည်းများမှာ အခြေခံအိမ်တွင်းပရိဘောဂအသုံးဆောင်နှင့် လက်ဆောင်ပစ္စည်းများ၊ အလှဆင်ပစ္စည်းများ၊ လက်မှုပညာအသုံးအဆောင်များ၊ ယွန်းထည်ပရိဘောဂပစ္စည်းများဖြစ်သည်။ အဆိုပါ လက်မှု ပညာပစ္စည်းများကို Burma crafts ဟု အမည်ပေးထားသည့် ဝက်ဘ်ဆိုက်မှတစ်ဆင့် ဝင်ရောက်ကြည့်ရှု၍ ဝယ်ယူမှုများ ပြုလုပ်နိုင်ပြီဖြစ်သည်။

ယင်းဝက်ဘ်ဆိုက်ကို နိုင်ငံတကာနှင့်ကမ္ဘာ့ဈေးကွက် ထိုးဖောက်နိုင်ရေး ရည်ရွယ်လုပ်ဆောင်ထားခြင်းဖြစ်ပြီး အဆိုပါ ဝက်ဘ်ဆိုက်ကို နယ်သာလန်အစိုးရ၊ နိုင်ငံရေးဝန်ကြီးဌာနက ဘဏ္ဍာရေးနှင့် နည်းပညာများ ပံ့ပိုးပေးထားခြင်းဖြစ်ကြောင်း သိရသည်။ လက်ရှိတွင်လည်း လိုအပ်သည့် လွှင့်တင်မှုများကို မြန်မာနိုင်ငံ ကြိမ်နှင့်ဝါးလုပ်ငန်းရှင်များအသင်းက ဦးဆောင်ပြီး စီမံဆောင်ရွက်နေကြောင်း သိရသည်။  ထို ကြိမ်နှင့်ဝါးလက်မှုပစ္စည်းများကို မြန်မာနိုင်ငံမှ တစ်ဆင့် ပြည်ပနိုင်ငံများသို့ နှစ်စဉ်တင်ပို့လျက်ရှိပြီး ယခုကဲ့သို့ ဝက်ဘက်ဆိုက် တည်ထောင်ခြင်းဖြင့် ဝက်ဘ်ဆိုက်မှတစ်ဆင့် ပိုမိုဖြန့်ချိနိုင်ရန် မျှော်မှန်းထားကြောင်း သိရသည်။

မြန်မာနိုင်ငံသည် အာရှတွင် တတိယမြောက် ဝါးနှင့်ကြိမ် သယံဇာတ ကြွယ်ဝသည့်နိုင်ငံဖြစ်ပြီး ဝါးမျိုးစု ၂၁ မျိုးနှင့် ဝါးမျိုးစိတ် ၁၀၂ မျိုး ပျံ့နှံ့ပေါက်ရောက်လျက်ရှိကြောင်း သိရသည်။

နှစ်စဉ် ပျမ်းမျှ ဝါးအလုံးရေ ၁၄၇ သန်းနှင့် ကြိမ်အလုံးရေ ၄ ဒသမ ၈သန်းကျော် ထုတ်လုပ်နိုင်ပြီး ဝါးထုတ်ကုန်မှနေ၍လည်း ပြည်တွင်း၊ ပြည်ပ ဈေးကွက်ဝင်ငွေ ရှာဖွေပေးလျက်ရှိကြောင်း သိရသည်။                                    

ပန်းဆု