Main menu

Background

ပြည်ပချုပ်ထည် တင်ပို့မှုအတွက် CMP စက်ရုံပေါင်း ၇၀ဝ ကျော်ဖြင့်လည်ပတ်နေ

Fri, 01/20/2023 - 14:27 -- journal_editor

မြန်မာနိုင်ငံအတွင်း ပို့ကုန်တင်ပို့နိုင်ခြေ၏ ထိပ်ဆုံးတွင် ရပ်တည်နေသည့် CMP စနစ် လုပ်ငန်းများမှာ လက်ရှိတွင် စက်ရုံပေါင်း ၇၀ဝ ကျော် ဖြင့် လုပ်ငန်းလည်ပတ်လျက်ရှိကြောင်း အလုပ်သမားဝန်ကြီးဌာနမှ သိရသည်။

CMP စနစ်ဆိုသည်မှာ ပြည်ပမှ ကုန်ကြမ်းတင်သွင်း၍ ပြည်တွင်း၌ ကုန်ချောထုတ်လုပ်ကာ ပြည်ပသို့ ပြန်လည်တင်ပို့သည့်လုပ်ငန်းဖြစ်ပြီး ကုန်ကြမ်းပေး၊ ကုန်ချောယူ ဆောင်ရွက်နေသည့် လက်ခစားလုပ်ငန်းများ ဖြစ်သည်။

အဆိုပါ CMP လုပ်ငန်းများမှာ ရန်ကုန်တိုင်းဒေသကြီးတွင် ၆၀၂ ရုံ၊ ပဲခူးတိုင်းဒေသကြီးတွင် ၇၁ရုံ၊ မန္တလေးတိုင်းဒေသကြီးတွင် ကိုးရုံ၊ စစ်ကိုင်းတိုင်းဒေသကြီးတွင် တစ်ရုံ၊  ဧရာဝတီတိုင်းဒေသကြီးတွင် ၁၈ ရုံ၊ မကွေးတိုင်းဒေသကြီးတွင် သုံးရုံ၊ ကရင်ပြည်နယ်တွင် နှစ်ရုံ၊ နေပြည်တော်တွင် သုံးရုံ စသည်ဖြင့် အသီးသီးရှိနေခြင်းဖြစ်ကြောင်း သိရသည်။

လုပ်ငန်းများအနေဖြင့် အထည်ချုပ်လုပ်ငန်း ၅၀၅ရုံ ၊ ဖိနပ်ချုပ်လုပ်ငန်း ၄၈ရုံ၊ ဆံပင်တုစက်ရုံလုပ်ငန်း ရှစ်ရုံ အပြင် အခြားသော အိတ်ချုပ်လုပ်ငန်း၊ အားကစားဝတ်စုံ၊ ဖိနပ်၊ ခြေအိတ်ချုပ်လုပ်သည့်လုပ်ငန်းများပါဝင်သော စက်ရုံ၊ အလုပ်ရုံ စုစုပေါင်း ၁၄၈ ရုံ ရှိပြီး သတ်မှတ် စည်းမျဉ်းစည်းကမ်းများနှင့်အညီ ခွင့်ပြုပေးနေခြင်းဖြစ်ကြောင်း သိရသည်။

ပြည်တွင်း၌ရှိသည့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများအနက် လက်ခစား (CMP) လုပ်ငန်းများမှာ ကျယ်ပြန့်သည့် ရင်းနှီးမြှုပ်နှံမှုကဏ္ဍတွင် ပါဝင်နေသည့်အပြင် ယင်းလုပ်ငန်းများမှနေ၍ ပြည်တွင်းအလုပ်အကိုင်အခွင့်အလမ်းများစွာနှင့် လုပ်သား အလုပ်အကိုင် များစွာဖန်တီးပေးလျက်ရှိကြောင်း သိရသည်။ ပြီးခဲ့သည့် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အလိုက် ပို့ကုန်တင်ပို့နိုင်ခြေကို ကြည့်မည်ဆိုပါက CMP ပို့ကုန်ပါဝင်သည့် စက်မှုကုန်ချောထည်၏ ပို့ကုန်ပမာဏမှာ အမေရိကန်ဒေါ်လာသန်းပေါင်း ၈၂၅၃  သန်းကျော်ရှိခဲ့ပြီး ကျန်ပို့ကုန်ပစ္စည်းများအနက် ဝင်ငွေရရှိမှု အမြင့်ဆုံးဖြစ်သည်။

လက်ရှိ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင်လည်း အောက်တိုဘာလအထိ စာရင်းများအရ စက်မှုကုန်ချောပို့ကုန်မှ ရရှိထားသည့် ဝင်ငွေမှာ အမေရိကန်ဒေါ်လာ သန်းပေါင်း ၆၉၀ဝကျော် ရှိနေပြီဖြစ်ကြောင်း သိရသည်။      

ပန်းဆု