Main menu

Background

စတော်ဘယ်ရီ  စိုက်ခင်းအကြောင်း တစေ့တစောင်း    

Tue, 03/28/2023 - 15:28 -- journal_editor

ကျောက်မဲခရိုင် ကျောက်မဲမြို့နယ် ငြိမ်းချမ်းရေးကုန်းအနီးရှိ ရွှေကံ့ကော် စတော်ဘယ်ရီခြံမှ စိုက်ခင်းရှင် ဒေါ်နန်းအေးပွဲနှင့်တွေ့ဆုံပြီး သီးနှံနှင့် စပ်လျဉ်း၍ မေးမြန်းခဲ့ရာ စတော်ဘယ်ရီသီး စိုက်ပျိုးထားမှု အခြေအနေများ၊ စိုက်ပျိုးထွက်ရှိမှုအခြေအနေများ၊ ရာသီဥတုနှင့် သီးနှံထွက်နှုန်းများ၊ သီးနှံဈေးကွက်နှင့် ရောင်းချမှုအခြေအနေများကို သိရှိခဲ့ရသည်။
စတော်ဘယ်ရီသီး စိုက်ပျိုးရာတွင် မျိုးစေ့ဖြင့် စိုက်ပျိုးနည်းနှင့် ပင်ပျိုဖြင့် စိုက်ပျိုးနည်းဟူ၍ နှစ်မျိုးရှိကြောင်းသိရပြီး ၎င်းတို့သည် ပင်ပျိုဖြင့် စိုက်ပျိုးကြကြောင်း၊ ယင်းပင်ပျိုများကို ပြင်ဦးလွင်မှ မှာယူ၍ ပျိုးပင်တစ်ပင်လျှင် ကျပ် ၅၀ဝ ဖြစ်ကြောင်းနှင့် မျိုးအရ အမာသီး၊ ချိုမွှေးသီးနှင့် ထိုင်ဝမ်သီးဟူ၍ သုံးမျိုးရှိကြောင်း သိရသည်။
နေရာဒေသအလိုက် မြေဆီမြေနှစ် ကွာခြားမှရှိကြောင်းနှင့် ၎င်းတို့ စိုက်ပျိုးထားရှိသောမြေသည် မြေစေးအမည်းဖြစ်ကြောင်း၊ တစ်ဧကလျှင် ဒေါင်လိုက်စိုက်ခင်းများဖြစ်ပြီး  စိုက်ခင်းတစ်ကွက်လျှင်  ၂၅ ဘောင် စိုက်ပျိုးထားရှိကြောင်း သိရသည်။
စတော်ဘယ်ရီသီးများကို သီတင်းကျွတ်လတွင် စတင်စိုက်ပျိုးပြီး သုံးလအကြာ၌ သီးနှံထွက်ရှိကြောင်း၊ မတ်လနှင့် ဧပြီလလယ် အချိန်များသည် သီးနှံထွက်ရှိမှု ပေါများချိန်ဖြစ်ကြောင်း သိရှိရသည်။ နေသာသော နေ့အချိန်များနှင့် အေးမြသော ညအချိန်များသည် စတော်ဘယ်ရီသီးများကို ပို၍ချိုမြစေကြောင်း၊ ထို့ပြင် ပူပြင်းသောရက်များသည် အသီးများ အရွယ်မတိုင်မီ မညီမညာရင့်မှည့်လာခြင်းကို တားဆီးပေးကြောင်း၊ သို့သော် အပူလွန်ကဲခြင်းသည် စတော်ဘယ်ရီ စိုက်ပျိုးသူများအတွက် အဓိကပြဿနာ ဖြစ်ကြောင်းနှင့် စတော်ဘယ်ရီသီးများသည် အသင့်အတင့်ဖြစ်သော အပူချိန်ကိုသာ နှစ်သက်ကြောင်း သိရသည်။ မိုးနည်းပါက သီးနှံထွက်နှုန်း များပြားပြီး မိုးများလျှင် သီးနှံထွက်နှုန်း နည်းပါးကြောင်း သိရှိရသည်။ သီးနှံထွက်ရှိမှုနှုန်းသည် ရာသီဥတုနှင့် ဒေသပေါ် မူတည်၍ ပုံမှန်မရှိကြောင်း သိရသည်။
၎င်းတို့ စိုက်ပျိုးထွက်ရှိလာသည့် စတော်ဘယ်ရီသီးများကို ကျောက်မဲမြို့အတွင်း ရောင်းချလျက်ရှိသကဲ့သို့ အနီးရှိ  ရွာငယ်များကလည်း ဝယ်ယူကြောင်း၊ စတော်ဘယ်ရီသီး တစ်ပိဿာလျှင် ကျပ် ၁၅၀ဝ၀ ဖြစ်ပြီး ပျမ်းမျှအားဖြင့် တစ်နေ့လျှင် ၁၅ ပိဿာခန့် ရောင်းချရကြောင်း သိရှိရသည်။  

DOCA (ကျောက်မဲ)