Main menu

Background

ကမ္ဘာ့သကြားဈေး မြင့်တက်နေသည့်အတွက် ပြည်တွင်းသကြားဈေး လိုက်ပါမြင့်တက် 

Wed, 05/10/2023 - 11:57 -- journal_editor

ကမ္ဘာ့သကြားဈေး မြင့်တက်နေသည့်အတွက် လက်ကျန် နည်းနေသည့် ပြည်တွင်း  သကြားဈေးမှာလည်း လိုက်လံမြင့်တက်နေကြောင်း   မြန်မာနိုင်ငံသကြားနှင့် ကြံထွက်ပစ္စည်းလုပ်ငန်းရှင်များအသင်းမှ သိရသည်။
ကမ္ဘာ့သကြားဈေးမှာ ယခင်က တစ်တန်လျှင်  ဒေါ်လာ ၆၇၀ ၊ ၆၈၀ သာရှိခဲ့ပြီး လက်ရှိတွင် တစ်တန် လျှင် ၇၁၁ ဒေါ်လာအထိ မြင့်တက်နေခြင်းဖြစ်ကြောင်း ယင်းအသင်း အတွင်းရေးမှူး ဦးစိန်ထွန်းက မေ ၄ ရက် တွင် ပြောသည်။ 
“လက်တလော ကမ္ဘာ့သကြားဈေးက တော်တော်တက်နေတယ်။ ဒါကြောင့် ပြည်တွင်းဈေးက လိုက်လံမြင့်တက်လာတဲ့ သဘောပါ။   နောက်ပြီး export ထွက်ထားတော့ ပြည်တွင်းမှာ သကြားလက်ကျန်လည်း တော်တော်နည်းနေတယ်”ဟု ၎င်းက ပြော သည်။
ပြည်တွင်း သကြားဈေးမှာ ယခင်က တစ်ပိဿာ လျှင် ၂၉၃၀ ကျပ်သာ ပေါက်ဈေးရှိပြီး လက်ရှိတွင်တော့ တစ်ပိဿာလျှင် ၃၁၇၅ ကျပ်အထိ အမြင့်ဈေးတွင် ရှိနေကြောင်း သိရသည်။
ပြည်ပတင်ပို့မှုတွင်   ဗီယက်နမ်သို့ အများဆုံး တင်ပို့နေခြင်းဖြစ်ပြီး ကြံမကြိတ်မှကတည်းက ကြိုတင် စာချုပ်ချုပ်ဆိုထားသည့် သကြားများကို တင်ပို့နေခြင်းဖြစ်ကာ လက်ရှိအချိန်အထိ  အဆိုပါနိုင်ငံသို့ ပျမ်းမျှတန်ချိန် ၉၀ဝ၀ဝ ခန့် တင်ပို့ထားကြောင်း သိရသည်။ ယခု ၂၀၂၃ ခုနှစ်တွင် သကြားဈေးကွက် ကောင်းမွန်နေသည့်အတွက် ပြည်တွင်းသကြားစက်ရုံ အသီးသီးမှ ကြံဈေးနှုန်းများကို တိုးမြှင့်ပေးခဲ့ကြောင်း ကြံစိုက် တောင်သူများထံမှ သိရသည်။ 
ပြည်တွင်း သကြားစက်ရုံများအနေဖြင့် ကြံကြိတ်ရာသီအတွက် ယခင်က ကြံတစ်တန်ဈေး ကျပ် ၉၀ဝ၀ဝ သတ်မှတ်ထားရာမှ လက်ရှိ သကြားဈေး ကောင်းမွန်နေသည့်အတွက် စက်ရုံအလိုက် ကြံဈေးများကို ကျပ် ၉၅၀ဝ၀ မှ ၁၀ဝ၀ဝ၀ အထိ ထပ်တိုးပေးဝယ်နေခြင်း ဖြစ်သည်။ 
ကိုဗစ်ကြောင့် ပြီးခဲ့သည့်နှစ်များက သကြားဈေးကွက်မှာ အရှုံးပေါ်ခဲ့ပြီး တောင်သူများအနေဖြင့် ကြံစိုက်ဧကများကို လျှော့ချစိုက်ပျိုးခြင်းများ ရှိခဲ့သော်လည်း ယခုနှစ်တွင် ဈေးကောင်းရရှိနေသည့်အတွက် ကြံစိုက်ဧကများ တိုးချဲ့စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။ 
မြန်မာနိုင်ငံ၏ ကြံကြိတ်ခွဲရာသီသည် နှစ်စဉ် ဒီဇင်ဘာလတွင် စတင်ကာ ဧပြီလဆန်းပိုင်းတွင် ကုန်ဆုံးလေ့ရှိပြီး ကြံကို အဓိကအားဖြင့် စစ်ကိုင်းတိုင်း၊ ပဲခူးတိုင်း (အရှေ့ခြမ်းနှင့် အနောက်ခြမ်း)၊ ရှမ်းပြည်နယ် (တောင်ပိုင်းနှင့် မြောက်ပိုင်း) တို့တွင် စိုက်ပျိုးနေခြင်း ဖြစ်ကြောင်း သိရသည်။
ပန်းဆု