Main menu

Background

မြဝတီကုန်သွယ်ရေးဇုန်မှ ကုန်သွယ်မှုပမာဏ ကန်ဒေါ်လာ ၂၅ သန်းကျော်ဖိုးဆောင်ရွက်

Tue, 01/03/2023 - 12:57 -- journal_editor

ဒီဇင်ဘာ ၁၇ ရက် မှ ၂၃ ရက်ထိကာလအတွင်း မြဝတီကုန်သွယ်ရေးဇုန်မှ ပို့ကုန် အမေရိကန်ဒေါ်လာ ၇ ဒသမ ဝ၄၈ သန်း၊ သွင်းကုန် အမေရိကန်ဒေါ်လာ ၁၈ ဒသမ ၆၇၅ သန်း ဆောင်ရွက်နိုင်၍ ကုန်သွယ်မှုပမာဏတန်ဖိုး အမေရိကန် ဒေါ်လာ ၂၅  ဒသမ ၇၂၃ သန်း ဆောင်ရွက်နိုင်ခဲ့သည်။ ယခင်တစ်ပတ်  ဆောင်ရွက်မှုနှင့်နှိုင်းယှဉ်ပါက ပို့ကုန်ပိုင်းတွင် အမေရိကန်ဒေါ်လာ ၈ ဒသမ ၈၂၁ သန်းလျော့နည်းခဲ့ပြီး သွင်းကုန်ပိုင်းတွင် အမေရိကန်ဒေါ်လာ ၂ ဒသမ ၃၆၅ သန်း ပိုမိုခဲ့သဖြင့် စုစုပေါင်း ကုန်သွယ်မှုပမာဏအနေဖြင့်  အမေရိကန်ဒေါ်လာ ၆ ဒသမ ၄၅၆သန်း လျော့နည်းခဲ့ကြောင်း သိရ သည်။
ပို့ကုန်ပိုင်းတွင် လျော့နည်းရခြင်းမှာ ရေထွက်ပစ္စည်းအုပ်စုနှင့် အခြားပစ္စည်းအုပ်စုတွင် တန်ဖိုးအမေရိကန်ဒေါ်လာ သုည ဒသမ ၁၆၉ သန်း ပိုမိုခဲ့သော်လည်း လယ်ယာထွက်ပစ္စည်းအုပ်စုတွင် တန်ဖိုး အမေရိကန်ဒေါ်လာ ၅ ဒသမ ၇၄၀ သန်း  နှင့် စက်မှုကုန်ချောပစ္စည်းအုပ်စုတွင်  တန်ဖိုး အမေရိကန်ဒေါ်လာ ၃ဒသမ ၂၅၀ သန်း လျော့နည်းခဲ့ခြင်းကြောင့်ဖြစ် သည်။ သွင်းကုန်ပိုင်းတွင် ရင်းနှီးမြှုပ်နှံမှုပစ္စည်းအုပ်စုတွင် တန်ဖိုး အမေရိကန်ဒေါ်လာ သုည ဒသမ ၄၄၄ သန်း လျော့နည်းခဲ့သော်လည်း လုပ်ငန်းသုံး ကုန်ကြမ်းပစ္စည်းအုပ်စုတွင်  အမေရိကန်ဒေါ်လာ ၁ ဒသမ ၁၈၈ သန်းနှင့် လူသုံးကုန်ပစ္စည်းအုပ်စုတွင် တန်ဖိုး အမေရိကန်ဒေါ်လာ ၁ ဒသမ ၆၂၁ သန်း ပိုမိုခဲ့သောကြောင့်ဖြစ်သည်။ 
ယခုတစ်ပတ် မြဝတီကုန်သွယ်ရေးဇုန်မှ ပို့ကုန်အမယ်များဖြစ်သော မြေပဲဆန်၊ နှမ်းဖြူ၊ ကြက်သွန်နီ၊ ကော်ဖီစေ့၊ သီဟိုဠ်စေ့ (အခွံပါ)၊  ရော်ဘာစိမ်း၊ ပြောင်းကြိတ်ဖတ်မှုန့်၊ ငရုတ်ခြောက်၊ ဆန်မှုန့်၊ ချုပ်ပြီးအထည်နှင့်  အခြား စက်မှုကုန် ချောပစ္စည်းများ တင်ပို့မှု လျော့နည်းခဲ့ပြီး ငါးမျိုးစုံနှင့် အခြား ပစ္စည်းများ ပိုမိုတင်ပို့ခဲ့သည်။ သွင်းကုန်အနေဖြင့် ဓာတုဗေဒ ပစ္စည်းများ၊ သုတ်ဆေးပေါလစ်များ၊ အခြားစက္ကူများ၊ ချည် ထည်များ၊   ဆေးဝါးပစ္စည်းများနှင့်   အလှကုန်ပစ္စည်းမျိုးစုံ တင်သွင်းမှုပိုမိုခဲ့သည်။                                      

အိမ့် (DOT)