Main menu

Background

ထိုင်းအပြင်တရုတ်ကိုပါပြောင်းတင်ပို့ရန်လုပ်ဆောင်နေ

Mon, 08/14/2023 - 11:46 -- journal_editor

မြန်မာနိုင်ငံမှ ထွက်ရှိသည့် ပြောင်းဆန်များကို ထိုင်း နိုင်ငံသို့   အခွန်ကင်းလွတ်ခွင့်ဖြင့် တင်ပို့လျက်ရှိရာ တရုတ် နိုင်ငံသို့ပါ ပင်လယ်ရြေေ‌ကောင်းနှင့်  နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းများမှတစ်ဆင့် တင်ပို့ရန် တရုတ်ကုန်သည်များ နှင့် မြန်မာကုန်သည်များ  ဈေးနှုန်းညှိနှိုင်းဆောင်ရွက်မှုများ လုပ်ဆောင်နေကြောင်း မြန်မာနိုင်ငံ ပြောင်းလုပ်ငန်းအသင်းမှ သိရသည်။
ထိုင်းနိုင်ငံသို့ အခွန်ကင်းလွတ်ခွင့်ဖြင့် ပြောင်းဆန် တင် ပို့မှုကို ယခု ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်မှ သြဂုတ် ၃၁ ရက်အထိ ဆောင်ရွက်လျက်ရှိရာ ယင်းကာလ ကုန်ဆုံးချိန် တွင် တရုတ်သို့ ဆက်လက်တင်ပို့နိုင်ရန် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြောင်းအသင်း ဒုတိယဥက္ကဋ္ဌ ဦးသန့်ဇင်ထွန်းက သြဂုတ် ၁၀ ရက်တွင် ပြောသည်။ "ဒီလကုန်ပြီးရင်တော့ ထိုင်းဘက်ကတော့ သူတို့ အခွန် ကင်းလွတ်ခွင့်ပေးထားတဲ့အချိန်ကတော့ ပြီးသွားပြီပေါ့နော်။ ဒါပေမဲ့လည်း  ပင်လယ်ရေကြောင်းကနေ သွားတာရှိမယ်။ ပြည်တွင်း အစာစက်တွေ ရှိမယ်။ တခြား နေရာတွေမှာသုံးဖို့ အတွက်ပေါ့၊ ဥပမာ-တရုတ်နယ်စပ်မှာ   ဘိန်းအစားထိုးတို့ ဘာတို့ပေါ့နော်။ ဒေသဖွံ့ဖြိုးရေးအတွက် အဲဒီလို ခွင့်ပြုတာ ရှိတယ်။ အဲဒီဟာတွေ ဆက်သွားကြမှာပေါ့။ အလားအလာက တော့ ဒီဘက်ကတော့   ထိုင်းပြီးသွားရင်တော့ ပင်လယ်ရေ ကြောင်းက သွားတာတွေ၊ ပြည်တွင်းအစာစက်တွေ၊ သုံးနေရာ လောက်ကို သွားဖို့တော့ ရှိပါတယ်"ဟု ၎င်းက ပြောသည်။ ထို့ပြင် ယခုလအတွင်း  တရုတ်နိုင်ငံတွင် ကျင်းပမည့် ကုန်စည်ပြပွဲသို့ မြန်မာနိုင်ငံမှ ဌာနဆိုင်ရာများနှင့် ကုန်သည် များကို ဖိတ်ခေါ်ထားသည့်အတွက်   ယင်းပြပွဲတွင် မြန်မာ့ ပြောင်းတင်ပို့ခွင့်ရရှိရန်   အခွင့်အလမ်းများ ရရှိနိုင်သည်ဟု ဆိုသည်။ အခု တရုတ်ပြည်မှာလည်း ဒီလထဲမှာတင်ပဲ ကုန် စည်ပြပွဲတစ်ခုကို မြန်မာပြည်က ကုန်သည်တွေနဲ့ တိုင်းရင်းသား ပြည်နယ် ငါးခုက ဌာနဆိုင်ရာတွေနဲ့ကုန်သည်တွေကိုဖိတ် ကြားထားတာရှိတယ်။ အဲဒီမှာလည်း တကယ်လို့ ပြောင်းနဲ့ ပတ်သက်တဲ့အခန်းကဏ္ဍတွေ ပါလာလို့၊ ဈေးနှုန်းကိုက်ညီလို့ ရောင်းလို့ရတယ်ဆိုရင်တော့လည်း    တရုတ်နဲ့က  အရောင်း အဝယ်မလုပ်တာ နည်းနည်းလေးကြာတော့ ပြန်ပြီး အရောင်း အဝယ်ဖြစ်ကောင်းဖြစ်နိုင်တယ်ပေါ့ဟု  ၎င်းကပြောသည်။
တရုတ်နိုင်ငံသို့ မြန်မာ့ပြောင်းတင်ပို့မှုသည်  တရုတ်- မြန်မာနယ်စပ်ဒေသတွင်  ဘိန်းအစားထိုးသီးနှံအဖြစ် စိုက်ပျိုး ထားသည့် ပြောင်းများကိုသာ တင်ပို့မှုရှိနေခြင်းဖြစ်ပြီး တခြား ဒေသမှထွက်ရှိသည့် ပြောင်းများကို တင်ပို့မှုမရှိသည်မှာကြာမြင့် နေပြီဖြစ်ကာ ဘိန်းအစားထိုးသီးနှံအဖြစ်  တင်ပို့ခွင့်ရရှိ သည့် ကာလသည်လည်း  သုံးလခန့်သာရှိသေးကြောင်း သိရသည်။
ပြောင်းဆန်က အခုက တရုတ်ကို   နှစ်နိုင်ငံ နယ်စပ် ကနေပဲ ဘိန်းအစားထိုးသီးနှံအဖြစ် သွားနေတာပါ။ အကယ် ၍ ဒီလထဲ တရုတ်မှာလုပ်မယ့် ကုန်စည်ပြပွဲမှာ တရုတ်နိုင်ငံရဲ့ ပေးတဲ့ဈေးနဲ့ မြန်မာနိုင်ငံမှာ ဈေးချင်းကိုက်ညီတယ်ဆိုရင် တရုတ်ကိုလည်း ပင်လယ်ရေကြောင်းကနေ သွားလို့ရကောင်း ရနိုင်တယ်။ နယ်စပ်ဂိတ်ကလည်း သွားကောင်းသွားနိုင်တယ် ပေါ့။   အဲဒါလေးတစ်ခုတော့ ရှိတယ်ဟု  ဦးသန့်ဇင်ထွန်းက ပြောသည်။
ပြည်တွင်းရှိ ပြောင်းကုန်သည်များအနေဖြင့် တရုတ် နိုင်ငံသို့ ပြောင်းတင်ပို့မှုများ ပြုလုပ်လိုသော်လည်း တရုတ် နိုင်ငံမှ   ဝယ်ယူသည့် ဈေးနှုန်းနည်းပါးခြင်းနှင့် တင်ပို့ရာတွင် ကုန်ကျစရိတ်များ ကြီးမြင့်ခြင်းတို့ကြောင့် ပြောင်းတင်ပို့မှုများ ကို ရပ်နားလာကြကြောင်း သိရသည်။
လက်ရှိတွင် ထိုင်းနိုင်ငံသို့ ပြောင်းကို အခွန်ကင်းလွတ် ခွင့်ကာလဖြင့် တင်ပို့မှု  ကုန်ဆုံးတော့မည်ဖြစ်သည့်အတွက် တရုတ်နိုင်ငံက မြန်မာ့ပြောင်းကို ဝယ်ယူပြီး ဈေးနှုန်းအဆင် ပြေမည်ဆိုပါက  ကုန်သည်များအနေဖြင့်  တရုတ်နိုင်ငံသို့ ပြန်လည်တင်ပို့ကြမည်ဖြစ်ကြောင်း သိရသည်။

ပန်းဆု