Main menu

Background

တောင်ကိုရီးယားသမ္မတနိုင်ငံသည်AIIB ၏ ပဉ္စမမြောက်အကြီးဆုံးရှယ်ယာဝင်ဖြစ်လာ

Mon, 07/27/2015 - 20:57 -- journal_editor

အတွဲ(၁၅)၊ အမှတ် (၂၈)

တရုတ်နိုင်ငံက ဦးဆောင်သည့် Asian Infrastructure Investment Bank (AIIB) တွင် ကိုရီးယားနိုင်ငံမှ ရှယ်ယာ ၃ ဒသမ ၈၁ ရာခိုင်နှုန်း ပါဝင်ခဲ့သဖြင့် ပဉ္စမမြောက်အကြီးဆုံး ရှယ်ယာရှင်ဖြစ်ပြီး  မဲပေးနိုင်မှု ရာခိုင်နှုန်း(voting bloc)  ၃ ဒသမ ၅ ရာခိုင်နှုန်းရရှိ မည်လည်းဖြစ်သည်။ အာရှတိုက် အတွင်း စီးပွားရေးနှင့် လူမှုရေးကဏ္ဍများ တိုးတက်စေရန် အထောက်အကူ ပေးခြင်းနှင့်အခြေခံ အဆောက်အအုံ ပိုင်းဆိုင်ရာ ရင်းနှီး မြှုပ်နှံမှုကို တွန်းအား ပေးမည့်AIIB ၏ Articles of Agreement  ကို အခြား အဖွဲ့ဝင်နိုင်ငံများနှင့် အတူ ကိုရီးယား ဘဏ္ဍာရေးဝန်ကြီး ချွိုင်ကျွန်ဝှန်က လွန်ခဲ့သည့် ဇူလိုင်လ ၆ ရက်နေ့က ဘေဂျင်းတွင် လက်မှတ် ရေးထိုးခဲ့ပြီး ဖြစ်သည်။
စတင်ထူထောင်ခဲ့သည့် အဖွဲ့ဝင် ပေါင်း ၅၇ ဦးလက်မှတ်ရေးထိုးခဲ့ကြသည့် သဘောတူညီချက်အရAIIB ၏ ထည့် ဝင်ပြီး ရင်းနှီးမြှုပ်နှံငွေ(paid-up capi-tal) သည်ဒေါ်လာ ၂၀ ဘီလီယံ ဖြစ်ပြီး၊ ရင်းနှီးမြှုပ်နှံရန် လျာထားငွေ (authorized capital) သည် ဒေါ်လာ ဘီလီယံ ၁၀ဝ ဖြစ်သည်။ အာရှတိုက်မှ အဖွဲ့ဝင် နိုင်ငံပေါင်း ၃၇ နိုင်ငံတွင် ကိုရီးယား သည် စတုတ္ထအကြီးဆုံး ရှယ်ယာရှင် နိုင်ငံဖြစ်ပြီးWorld Bank နှငInter American Development Bank တွင် ပါဝင်ထားသည့် ရှယ်ယာပမာဏ ထက် AIIB တွင် ပါဝင်ထားသည့် ရှယ်ယာ ပမာဏက ပိုမိုများပြားသည်။  တောင်ကိုရီးယားနှင့် GDP တူညီသော အင်ဒိုနီးရှားနှင့် ဩစတြေးလျနိုင်ငံတို့ ပါဝင် သည့် ရှယ်ယာပမာဏထက်လည်း ပိုမိုသာလွန်နေသည်ကို တွေ့ရသည်။ ထို့ကြောင့် AIIB ဘဏ်တွင် ကိုရီးယားအနေဖြင့် ပြောရေးဆိုခွင့်များစွာ ရှိနေမည်ဖြစ်သည်။
တရုတ်နိုင်ငံသည်   ရှယ်ယာ အများဆုံး   ထည့်ဝင်ပိုင်ဆိုင်ပြီး၊ ၃၀ ဒသမ ၃၄ ရာခိုင်နှုန်းရှိကာ ၎င်းနောက်တွင် အိန္ဒိယက ၈ ဒသမ ၅၂ ရာခိုင်နှုန်း၊ ရုရှားက ၆ ဒသမ ၆၆ ရာခိုင်နှုန်းနှင့် ဂျာမနီက ၄ ဒသမ ၅၇ ရာခိုင်နှုန်းတို့ အသီးသီးပါဝင်ကြသည်။ AIIB သည် အာရှတိုက်၏ အခြေခံအဆောက်အအုံ ပိုင်းတွင် စီမံကိန်းများစွာ ဖန်တီးနိုင်မည် ဟု ကိုရီးယားအစိုးရက မျှော်လင့်ထား ပြီး၊ ကိုရီးယားကုမ္ပဏီများအတွက်လည်း အလုပ်အကိုင်အခွင့်အလမ်းများ များ စွာရရှိနိုင်မည်ဖြစ်သည်။
နှစ်စဉ် အာရှတိုက်ရှိ အခြေခံ အဆောက်အအုံပိုင်းတွင် စီမံကိန်းများ ၏ တန်ဖိုးသည် ဒေါ်လာ ဘီလီယံ ၇၀ဝ ကျော်ရှိပြီး၊ ဘဏ္ဍာငွေထောက်ပံ့နိုင်မှု မှာ ဒေါ်လာဘီလီယံ ၃၀ဝ ခန့်သာရှိနေ ကြောင်း ဘဏ္ဍာရေးဝန်ကြီးက ဆိုသည်။ ကိုရီးယား၏ မဟာမိတ်ဖြစ်သော အမေရိကန် လွှမ်းမိုးထားသည့် ကမ္ဘာ့ ဘဏ်နှင့်အပြိုင်ဖြစ်လာနိုင်သည့် AIIB တွင် ကိုရီးယားပါဝင်ပတ်သက်မှုသည် တရုတ်နှင့်      စီးပွားရေးအရများစွာ ဆက်စပ်ပတ်သက်မှုနှင့်အာရှတိုက်၏ အခြေခံအဆောက်အအုံ ဈေးကွက်ကို လျစ်လျူရှုမထားနိုင်ခြင်းက    အဓိက အကြောင်းအရင်းဖြစ်သည်။    တရုတ် နိုင်ငံသည်    အနောက်တောင်အာရှ၊ ဗဟိုအာရှနှင့်အရှေ့အလယ်ပိုင်းဒေသ တို့ကို ဆက်သွယ်ပေးသည့် ပိုးလမ်းမ သစ်ကြီး တည်ဆောက်ရန် ရည်ရွယ် ထားသည်။
ကိုရီးယားကုမ္ပဏီများသည် အခြေခံအဆောက်အအုံကဏ္ဍတွင် ကမ္ဘာ့အဆင့်မီ နည်းပညာများကို ပိုင်ဆိုင်ထားသည်။ မြောက်ကိုရီးယား နိုင်ငံသည်IBRD (International Bank for Reconstruction and Development) ၏ အဖွဲ့ဝင်နိုင်ငံတစ် နိုင်ငံ မဟုတ်သဖြင့် AIIB တွင်ပါဝင်ခွင့် မရ ရှိခဲ့ပေ။  သို့သော် တောင်ကိုရီးယား အနေဖြင့် AIIB အဖွဲ့ဝင်နိုင်ငံ မဟုတ် သော မြောက်ကိုရီးယားကို AIIB ၏ သဘောတူညီချက်ဖြင့် ကူညီပံ့ပိုးပေး သွားမည်ဖြစ်ကြောင်း ဘဏ္ဍာရေး ဝန်ကြီးကပြောဆိုခဲ့သည်။
သန့်ဇင် ၊ စီးပွားရေးသံမှူး၊ မြန်မာသံရုံး၊ ဆိုးလ်မြို့