Main menu

Background

၂၀၁၇-၁၈ ဘဏ္ဍာနှစ်တွင် အိန္ဒိယနိုင်ငံ၏ ပဲတင် သွင်းမှု တန်ချိန် ၁သန်းခန့် လျော့ကျ

Thu, 06/07/2018 - 15:22 -- journal_editor

အိန္ဒိယအစိုးရ၏ တောင်သူလယ်သမား ဦးစားပေးမူဝါဒများကြောင့် နိုင်ငံအတွင်းသို့ ပဲမျိုးစုံ၊ ဂျုံနှင့်စားသုံးဆီ  တင်သွင်းမှုများ လျှော့ချနိုင်ရေး အထောက်အကူဖြစ်စေခဲ့သည်ဟု စိုက်ပျိုးရေးဝန်ကြီးက မေ ၁၇ရက်တွင်   ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

သို့ဖြစ်၍ ၂၀၁၇-၁၈ ဘဏ္ဍာနှစ်တွင် အိန္ဒိယနိုင်ငံအတွင်းသို့ ပဲတင် သွင်းမှု တန်ချိန်မှာ ယခင်နှစ်ထက် တန်ချိန် ၁၀ သိန်းခန့် လျော့နည်းခဲ့ပြီး စုစုပေါင်း တန်ချိန် ၅၆ ဒသမ ၅ သိန်းသာ တင်သွင်းခဲ့ကြောင်း၊ သို့ဖြစ်၍  နိုင်ငံ၏ နိုင်ငံခြားငွေသုံးစွဲမှုကိုလည်း သက်သာစေခဲ့ပြီး ယခင်ထက် ရူပီး ကုဋေ ၉၇၇၅  လျော့နည်းစေခဲ့သည်ဟု ဝန်ကြီးဌာန၏ ကြေညာချက်တစ်ခု ၌ ဖော်ပြထားပါသည်။

၂၀၁၆-၁၇ ဘဏ္ဍာနှစ်တွင် အိန္ဒိယနိုင်ငံ၏ ပဲထုတ်လုပ်မှုပမာဏမှာ တန်ချိန် ၂၃ ဒသမ ၁၃ သန်းခန့်ထိ စံချိန်တင်ခဲ့ရာ အိန္ဒိယစိုက်ပျိုးရေး ဝန်ကြီးဌာန၏ တတိယအကြိမ်မြောက် ခန့်မှန်းချက် 3 rd Advanced Estimates)

 အရ  အဓိကကျသည့် ပဲအမျိုးအစားများ၏စိုက်ဧကနှင့်  ထုတ် လုပ်မှုတိုးလာခြင်းတို့ကြောင့် ၂၀၁၇-၁၈ တွင် ပဲမျိုးစုံတန်ချိန် ၂၄ ဒသမ ၅၁ သန်းခန့်ထွက်ရှိမည်ဟု ခန့်မှန်းထားပြီး ကုလားပဲ၊ မတ်ပဲနှင့် ပဲတီစိမ်း များ အထွက်ကောင်းနိုင်ကြောင်း သိရှိရပါသည်။

အိန္ဒိယသည် ကမ္ဘာပေါ်တွင် ပဲအများဆုံးထုတ်လုပ်သည့်နိုင်ငံဖြစ် ပြီး  ပဲအများဆုံးတင်သွင်းသူနှင့် ပဲအများဆုံး စားသုံးသည့် နိုင်ငံလည်း ဖြစ်ရာ နှစ်စဉ်ပဲ တန်ချိန် လေးသန်းမှ ခြောက်သန်းဝန်းကျင်ထိ ပြည်ပမှ တင်သွင်းကြောင်း၊ နှစ်စဉ် ပဲစားသုံးမှုပမာဏမှာလည်း တန်ချိန် ၂၆ သန်းမှ ၂၇ သန်း ဝန်းကျင်ထိရှိကြောင်း သိရှိရသည်။

ပဲသီးနှံသည် အိန္ဒိယနိုင်ငံအတွက် မရှိမဖြစ်အရေးပါသည့် ကုန် စည်တစ်ခုဖြစ်ရာ ပြည်တွင်း၌ ပဲဈေးနှုန်းကြီးမြင့် မှုအား ထိန်းညှိနိုင်ရန် အတွက်  ပဲထုတ်လုပ်မှုမြင့်တက်လာရေး လုပ်ငန်းစဉ်များကို ဗဟိုအစိုးရ ကအကောင် အထည်ဖော်လျက်ရှိသကဲ့သို့ ပြည်တွင်းရှိပဲသီးနှံစိုက်တောင် သူများ၏ ထွက်ကုန်များအတွက် သင့်တင့်သည့် ဈေးနှုန်းများရရှိစေရေး အတွက် ပဲသွင်းကုန်ခွန်များ တိုးမြှင့်စည်းကြပ်ခြင်း၊ ပဲတင်သွင်းမှုပမာဏများ ကန့်သတ်ခြင်းတို့ကိုလည်း ဖော်ဆောင်လျက်ရှိပါသည်။

ပြည်တွင်း၌ပဲဈေးနှုန်းများ တည်ငြိမ်မှုရှိစေရေးအတွက် ဗဟိုအစိုးရ က မျက်ခြည်မပြတ် စောင့်ကြည့်လေ့လာ နေပြီး အရန်ပဲများဝယ်ယူထားရှိ ခြင်း၊ ပို့ကုန်သွင်းကုန်မူဝါဒများ ပြင်ဆင်၊ပြောင်းလဲခြင်း တို့ဖြင့် စဉ်ဆက် မပြတ် ထိန်းညှိကွပ်ကဲလျက်ရှိကြောင်း သိရပါသည်။

ယဉ်ယဉ်နွယ်၊ စီးပွားရေးသံမှူး

မြန်မာသံရုံး၊ နယူးဒေလီမြို့