Main menu

Background

အာဆီယံနိုင်ငံများနှင့် ဘဏ္ဍာရေးဆိုင်ရာပူးပေါင်းဆောင်ရွက်မှုများ အားကောင်းလာသည့် ကွမ်ရှီးကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ

Fri, 09/25/2020 - 18:45 -- journal_editor

တရုတ်နိုင်ငံအနောက်ပိုင်း အပြည်ပြည်ဆိုင်ရာ ကုန်းလမ်းနှင့် ပင်လယ် ရေကြောင်း ကုန်သွယ်ရေးစင်္ကြံသစ်တွင် ပုဂ္ဂလိကအစုရှယ်ယာရင်းနှီးမြှုပ်နှံမှုရန်ပုံငွေအား စုစုပေါင်းပမာဏ ယွမ်ငွေ (၁၀)ဘီလီယံ (အမေရိကန်ဒေါ်လာ ၁.၄၈ ဘီလီယံ) တန်ဖိုးဖြင့် ကွမ်ရှီးကျွမ့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၏ မြို့တော် နန်နင်းမြို့တွင် တည်ထောင်လိုက်ပြီ ဖြစ်ကြောင်း စက်တင်ဘာလ (၁၈)ရက်နေ့တွင် ကျင်းပခဲ့သော အစည်းအဝေး၌ ဒေသတွင်း ဘဏ္ဍာရေးဆိုင်ရာကြီးကြပ်မှုဗျူရို၏ ညွှန်ကြားရေးမှူး Fan Shixiangက ကြေငြာလိုက်သည်။

ပုဂ္ဂလိက အစုရှယ်ယာ ရင်းနှီးမြှုပ်နှံမှု ရန်ပုံငွေအား ကွမ်ရှီးရင်းနှီးမြှုပ်နှံမှု အုပ်စု နှင့် စင်ကာပူမှ UOB Venture Management Private Limitedတို့အပါအဝင်  မိတ်ဖက်များ မှ ပူးပေါင်းစတင်ခဲ့ခြင်းဖြစ်ကာ၊ ၎င်းရန်ပုံငွေမှာ နိုင်ငံစုံ မတည်ငွေရင်းဆိုင်ရာပူးပေါင်း ဆောင်ရွက်ရေး ကြားခံနေရာ (platform)ဖြစ်သည်။ လက်ရှိအချိန်တွင် ပုဂ္ဂလိက အစု ရှယ်ယာရင်းနှီးမြှုပ်နှံမှုရန်ပုံငွေကို အငှားယာဉ်မျှဝေအသုံးပြုသည့် သယ်ယူပို့ဆောင်ရေး ဝန်ဆောင်မှုလုပ်ငန်းဆောင်ရွက်နေသည့် စင်ကာပူအခြေစိုက်နည်းပညာကုမ္ပဏီဖြစ်သော Grabကဲ့သို့ လုပ်ငန်းများ၏ အစုရှယ်ယာပိုင်ဆိုင်မှုဖြင့် စတင်ထားပါသည်။

အာဆီယံအတွက် ကွမ်ရှီးက တံခါးဖွင့်ပေးထားသောဘဏ္ဍာရေးဆိုင်ရာ ဝင်ပေါက်အဖြစ်တည်ဆောက်ရန် ၂၀၁၈ ခုနှစ်မှစတင်အတည်ပြုပြီးကတည်းက အာဆီယံ နှင့် ကွမ်ရှီးတို့မှာ လက်တွေ့ကျသော ပူးပေါင်းဆောင်ရွက်ရေးသဘောတူညီချက်များကို ပြုလုပ်ခဲ့ကြသည်။

ကွမ်ရှီးသည် ထိုင်း၊ အင်ဒိုနီးရှားနှင့် မလေးရှားကဲ့သို့သော အာဆီယံနိုင်ငံများမှ ဘဏ်များနှင့် ကောင်းမွန်သည့်ပူးပေါင်းဆောင်ရွက်မှုဆက်ဆံရေးကို တည်ထောင်ထား သည်။ ထို့ပြင် ၎င်းဒေသမှာ ယွမ်ငွေကြေးနှင့် ကမ္ဘောဒီးယားငွေကြေးဖြစ်သည့် ရီယယ်လ်တို့ကို ပထမဆုံးအကြိမ် ပြည်တွင်းဘဏ်အချင်းချင်း အရောင်းအဝယ်ပြုရာတွင်  ပါဝင်ဆောင်ရွက်ရန်  တရုတ်နိုင်ငံအတွင်း နိုင်ငံခြားဘဏ်များအား မိတ်ဆက်ပေးရာတွင် အစောဆုံးပြုလုပ်ပေးခဲ့သည့် ဒေသလည်းဖြစ်သည်။ ယခုနှစ် ပထမ(၇)လတွင်း ကွမ်ရှီးနှင့် အာဆီယံနိုင်ငံများအကြား  ယွမ်ငွေဖြင့် ပေးချေမှုများနှင့် လက်ခံရရှိမှုများမှာ ယွမ်ငွေနှင့် နိုင်ငံခြားငွေကြေးများအကြား ပေးချေမှုနှင့် လက်ခံရရှိမှုစုစုပေါင်း၏ (၆၀.၅၈)ရာခိုင်နှုန်း ခန့်ရှိသည်။

သြဂုတ်လအတွင်း တရုတ်-မလေးရှား ချင်းကျိုးစက်မှုဇုန်တွင် ဘဏ္ဍာရေး ဆိုင်ရာတီထွင်ဆန်းသစ်မှုများ အကောင်အထည်ဖော်ရေးအတွက် ကွမ်ရှီးက ခွင့်ပြုချက် ရရှိခဲ့ပြီး၊ ပထမဆုံးအသုတ် လုပ်ငန်းများအတွက် စာချုပ်များအား ဗွီဒီယိုကွန်ဖရင့်မှတဆင့် လက်မှတ်ရေးထိုးနိုင်ခဲ့သည်။

  အာဆီယံနှင့် ဘဏ္ဍာရေးပူးပေါင်းဆောင်ရွက်မှု စတင်ဖွင့်လှစ်ပေးစဉ်အတွင်း ဘဏ္ဍာရေးဆိုင်ရာကျွမ်းကျင်သူများနှင့် စဉ်းစားတွေးခေါ်နိုင်သည့်ဝန်ဆောင်မှုများအတွက် လိုအပ်သော လူ့စွမ်းအားရင်းမြစ်လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရန် စက်တင်ဘာ လဆန်းတွင် ကွမ်ရှီးတက္ကသိုလ်၌ တရုတ်-အာဆီယံ ဘဏ္ဍာရေးဆိုင်ရာပူးပေါင်း ဆောင်ရွက်ရေးတက္ကသိုလ်ကို ဖွင့်လှစ်ခဲ့သည်။

နိုင်ငံဖြတ်ကျော်ငွေပေးချေမှုများ၊ သိပ္ပံနှင့် နည်းပညာ ဘဏ္ဍာရေး၊ ကုန်စည် ထောက်ပို့သယ်ယူပို့ဆောင်ရေး ဘဏ္ဍာရေး၊ ကုန်သွယ်မှုဘဏ္ဍာရေးစသည့် နယ်ပယ် များတွင် ပူးပေါင်းဆောင်ရွက်မှုအားကောင်းခိုင်မာစေရန် အာဆီယံအတွက် တံခါးဖွင့် ပေးထားသော ဘဏ္ဍာရေးဆိုင်ရာ တံခါးပေါက်အတွက် မူဝါဒများနှင့် ကုန်းလမ်း-ပင်လယ် ရေကြောင်း ကုန်သွယ်ရေးစင်္ကြံအတွက် မူဝါဒများအကြားဆုံတွေ့နိုင်စေရေး ကွမ်ရှီးက ဆက်လက်တွန်းအားပေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ရင်းမြစ်၊ en.gxzf.gov.cn (၂၁-၉-၂၀၂၀)

ဒေါက်တာရွှေစင်ကို၊ စီးပွားရေးသံမှူး

နန်နင်းမြို့