Main menu

Background

ပို့ကုန်ခွင့်ပြုချက်ရရှိပြီး လုပ်ငန်းဆောင်ရွက်ဆဲ ကြက်သွန်နီများအား အိန္ဒိယအစိုးရက ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ဆက်လက်တင်ပို့ခွင့်ပြုခဲ့ခြင်း

Mon, 09/28/2020 - 11:28 -- journal_editor

အိန္ဒိယအစိုးရက ၁၄.၉.၂၀၂၀ နေ့တွင် အမိန့်ကြော်ငြာစာထုတ်ပြန်၍ ကြက်သွန်နီ အမျိုး အစားများအားလုံးကို ပြည်ပသို့တင်ပို့ခြင်းအား တားမြစ်ပိတ်ပင်ခဲ့ရာ အိန္ဒိယနိုင်ငံထံမှ သွင်းကုန် အပေါ် အမှီပြုနေရသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကြက်သွန်နီဈေးကွက်တွင် ဈေးနှုန်းများ ချက်ချင်း မြင့်တက်လာခဲ့ပါသည်။ ထို့နောက် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ သံတမန်လမ်းကြောင်းမှ ဆက်သွယ် ဆောင်ရွက်လာမှုအရ အိန္ဒိယပြည်ပကုန်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန (DGFT) သည် တင်ပို့မှု လုပ်ငန်းဆောင်ရွက်ဆဲ ကြက်သွန်နီတန်ချိန် ၂၅၀၀၀ အား ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ဆက်လက် တင်ပို့ခွင့်ပြုခဲ့ကြောင်း သိရှိရပါသည်။

          အိန္ဒိယအစိုးရက တားမြစ်အမိန့်ထုတ်ပြန်ချိန်၌ ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် ထိစပ်လျက်ရှိသည့် ခရိုင် ၆ ခုရှိ နယ်စပ်စစ်ဆေးရေးဂိတ်များတွင် ကြက်သွန်နီတန်ချိန် ၂၅၀၀၀ ခန့် တင်ဆောင်လာ သည့် ကုန်တင်ယာဉ်ပေါင်း ၁၀၀၀ ခန့်မှာ ပိတ်မိနေခဲ့ကြောင်း၊ အကောက်ခွန်ဌာန၌ စာရင်းသွင်း ပြီး စစ်ဆေးမှုခံယူလျက်ရှိသည့် ကုန်စည်များနှင့် ၎င်းအမိန့်မထုတ်မီက ပို့ကုန်ခွင့်ပြုချက်ရရှိပြီး သော လုပ်ငန်းဆောင်ရွက်ဆဲကုန်စည်များအား ဆက်လက်တင်ပို့နိုင်သည်ဟု DGFT က ရှင်းလင်း ချက် ထပ်မံထုတ်ပြန်ခဲ့သော်လည်း ကုန်းတွင်းဆိပ်အချို့တွင် ကြက်သွန်နီကုန်တင်ယာဉ်များ ကျန်ရှိနေဆဲဖြစ်ကြောင်း၊ နယ်စပ်ဂိတ်များ၌ ရက်သတ္တတစ်ပတ်ခန့်ကြာ စောင့်ဆိုင်းခဲ့ရသဖြင့် ကုန်တင်ယာဉ်များတွင်ပါရှိသော ကြက်သွန်နီများ၏ ၂၅% ခန့်မှာ အရည်အသွေးထိခိုက်မှုဖြစ်ပေါ် ပြီး ၎င်းတို့အနက်အချို့ကို ကောကတ္တားဒေသရှိ လက္ကားကုန်စည်ဒိုင်များသို့ ပြောင်းလဲပို့ဆောင်ခဲ့ ရကြောင်း၊  သို့ဖြစ်ရာ အနောက်ဘင်ဂေါပြည်နယ်ရှိ လက္ကားဈေးကွက်တွင် ကြက်သွန်နီဈေးနှုန်း မှာ ၁ ကီလိုလျှင် ၃ ရူပီးမှ ၅ ရူပီးအထိ ကျဆင်းခဲ့ကြောင်း၊ ဘင်္ဂလား‌ဒေ့ရှ်နယ်စပ်ရှိ အဓိက ကုန်းတွင်းဆိပ် ၃ ခုဖြစ်သော ပီထရာပို၊ ဂိုဂျဒင်္ဂနှင့် မဟာဒိပူ တို့၌ ကြက်သွန်နီ တန်ချိန် ၁၅၀၀ မှ ၂၀၀၀ ခန့် ကျန်ရှိနေပြီး၊ မဟာရတ္ထပြည်နယ် နာရှစ်ဒေသမှ ရထားဖြင့်တင်ပို့သည့် ကြက်သွန်နီ တန်ချိန် ၁၀၀၀ မှ ၁၅၀၀ ခန့်သည် ရာနာဂတ်ဘူတာရုံ၌ ဆိုက်ကပ်ထားရဆဲဖြစ်ကြောင်း စသည် ဖြင့် အနောက်ဘင်ဂေါပြည်နယ်ရှိ ပို့ကုန်လုပ်ငန်းရှင်များ၏ ပြောဆိုမှုအား The Hindu Business Line သတင်းဌာနက ရေးသားဖော်ပြပါသည်။

          ဘင်္ဂလား‌ဒေ့ရှ်နိုင်ငံရှိ Chittagong Plant Quarantine ဌာနသည် ကြက်သွန်နီ ၁၁၈၇၂၇ တန်အား ပင်လယ်ရေကြောင်းမှတင်သွင်းရန် သွင်းကုန်ခွင့်ပြုမိန့် ၂၇၄ စောင်ကို စက်တင်ဘာလ ၃ ရက်နေ့မှ ၂၁ ရက်နေ့အတွင်း ထုတ်ပေးခဲ့သည်ဟု Dhaka Tribune သတင်းဌာနထံမှ သိရှိရ ကြောင်း၊  ၎င်းတို့အနက် ကြက်သွန်နီတန်ချိန် ၁၇၃၆၅ တန်သည် တရုတ်နိုင်ငံထံမှ တင်သွင်းရန် ခွင့်ပြုခဲ့ခြင်းဖြစ်ကြောင်း၊ သို့ဖြစ်ရာ ၎င်းနှင့်နယ်စပ်ဒေသ ဆက်ဆံရေးတင်းမာမှုများ ဖြစ်ပေါ် လျက်ရှိသည့် တရုတ်နိုင်ငံနှင့် ပါကစ္စတန်နိုင်ငံတို့က အိမ်နီးချင်းနိုင်ငံများရှိ ကြက်သွန်နီဈေးကွက် ဝေစုအား ရယူနိုင်ခြင်း မရှိစေရန်အတွက် အိန္ဒိယအစိုးရအနေဖြင့် လုပ်ဆောင်သွားဖွယ်ရှိကြောင်း၊ အိန္ဒိယ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသည် Bangalore rose နှင့် Krishnapuram ကဲ့သို့ ပြည်တွင်းဈေးကွက်လိုအပ်ချက်အပေါ် သက်ရောက်မှုနည်းပါးသည့် ကြက်သွန်နီ အမျိုးအစား များကို အနိမ့်ဆုံးပို့ကုန်ဈေးနှုန်း (minimum export price) သတ်မှတ်လျက် တင်ပို့ခွင့်ပြုရန် စဉ်းစားလျက်ရှိပြီး ပြည်တွင်းဈေးနှုန်းမြင့်တက်မှုမဖြစ်စေပဲ ပို့ကုန်လုပ်ငန်းပိုင်းဆိုင်ရာ ဖြေလျော့ မှုများ လုပ်ဆောင်နိုင်ရေး ဌာနအကြီးအကဲပိုင်းအဆင့်၌ ဆွေးနွေးမှုများ ပြုလုပ်လျက်ရှိသည်ဟု ၎င်းဌာနမှအရာရှိအချို့က ပြောဆိုကြောင်းဖြင့် အိန္ဒိယနိုင်ငံရှိ Telegraph India သတင်းဌာနက ဖော်ပြပါသည်။

          ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် နှစ်စဉ်ကြက်သွန်နီတန်ချိန် ၄ သိန်းမှ ၅ သိန်းခန့်အား အိန္ဒိယ နိုင်ငံထံမှ တင်သွင်းလျက်ရှိပြီး ခန့်မှန်းတွက်ချက်မှုများအရ လစဉ်လိုအပ်ချက်မှာ တန်ချိန် ၂ သိန်း ခန့်ရှိကြောင်း၊ လက်ရှိကာလ၌ ပြည်တွင်း ကြက်သွန်နီကုန်လက်ကျန်မှာ တန်ချိန် ၅.၆ သိန်းခန့်ရှိ ကြောင်း ‌လေ့လာသိရှိရပါသည်။

 

 

(နေအေးလွင်)

စီးပွားရေးသံမှူး

မြန်မာသံရုံး၊ နယူးဒေလီမြို့