Main menu

Background

မိုးသီးနှံစိုက်ပျိုးထွက်ရှိနိုင်မှု ကနဦးခန့်မှန်းချက်အား အိန္ဒိယအစိုးရက သတင်းထုတ်ပြန်ခြင်း

Mon, 09/28/2020 - 13:55 -- journal_editor

အိန္ဒိယ စိုက်ပျိုးရေးနှင့် တောင်သူလယ်သမားများဖူလုံရေး ဝန်ကြီးဌာနသည် ၂၀၂၀-၂၀၂၁ သီးနှံစိုက်ပျိုးနှစ် မိုးရာသီကာလအတွင်း အဓိကသီးနှံများ စိုက်ပျိုးထွက်ရှိနိုင်မည့်အခြေအနေ ပထမအကြိမ် ကနဦးခန့်မှန်းချက်ကို ၂၂.၉.၂၀၂၀ နေ့တွင် ထုတ်ပြန်ခဲ့ပါသည်။ ယခုနှစ် မုတ်သုံ ရာသီ၌ စက်တင်ဘာလ ၁၆ ရက်နေ့အထိ ကာလရှည်ပျမ်းမျှ မိုးရေချိန်ထက် ၇% ခန့် ပိုမိုလျက် အဓိက သီးနှံများစိုက်ပျိုးသည့် ပြည်နယ်များတွင် မိုးရွာသွန်းမှု ကောင်းမွန်သဖြင့် သီးနှံများထွက် ရှိမှုမှာ ပုံမှန်ထက်ပိုမိုနိုင်ကြောင်း၊ တစ်နိုင်ငံလုံး၌ ပဲမျိုးစုံနှင့် နှံစားသီးနှံများ စုစုပေါင်းတန်ချိန် ၁၄၄.၅၂ သန်းခန့် ထွက်ရှိနိုင်မည်ဖြစ်ကြောင်း ၎င်းသတင်းထုတ်ပြန်ချက်၌ ဖော်ပြပါရှိသည်။

          ၁၈.၉.၂၀၂၀ နေ့တွင် အိန္ဒိယစိုက်ပျိုးရေးဦးစီးဌာနက သီးခြားထုတ်ပြန်ခဲ့သော  ကောက်ပဲ သီးနှံနှင့် ရာသီဥတုစောင့်ကြည့်လေ့လာရေးအဖွဲ့ (Crop Weather Watch Group) ၏ ၂၀၂၀-၂၁ ခုနှစ် သီးနှံစိုက်ပျိုးပြီးစီးမှု အခြေအနေစာရင်းအရ ၎င်းနေ့ရက်အထိ အိန္ဒိယနိုင်ငံတစ်ဝန်း၌ မိုးသီးနှံစုစုပေါင်း ဧရိယာ ဟက်တာ ၁၁၁၃.၆၃ သိန်း စိုက်ပျိုးပြီးဖြစ်ရာ ယခင်နှစ်ကာလတူနှင့် နှိုင်းယှဉ်ပါက ဟက်တာ ၆၀.၁၁ သိန်း ပိုမိုစိုက်ပျိုးထားကြောင်း သိရှိရပါသည်။ အဆိုပါစာရင်းတွင် ယခုနှစ် မိုးစပါးစိုက်ဧရိယာ ဟက်တာ ၄၀၆.၉၇ သိန်း စိုက်ပျိုးပြီးဖြစ်ရာ ယခင်နှစ်ကာလတူထက် ဟက်တာ ၂၈.၂၆ သိန်း ပိုမိုလျက်ရှိကြောင်း တွေ့ရှိရပါသည်။ သို့ဖြစ်ရာ ယခုနှစ် မိုးစပါးစိုက်ပျိုး ထုတ်လုပ်မှုအား တန်ချိန် ၁၀၂.၃၆ သန်းအထိ ထွက်ရှိရန် အိန္ဒိယစိုက်ပျိုးရေးဝန်ကြီးဌာနက ခန့် မှန်းလျက်ရှိပြီး လွန်ခဲ့သည့် ၅ နှစ်တာကာလ ပျမ်းမျှမိုးစပါးထွက်ရှိမှုနှင့် နှိုင်းယှဉ်လျှင် တန်ချိန် ၆.၇ သန်းခန့် ပိုမိုဖွယ်ရှိပါသည်။ အလားတူ အခြားနှံစားသီးနှံများအား ၁၈.၉.၂၀၂၀ နေ့အထိ ဟက်တာ ၁၈၂.၁၇ သိန်း ကျော် စိုက်ပျိုးထားပြီးဖြစ်ရာ သီးနှံတန်ချိန် ၃၂.၈၄ သန်း ထွက်ရှိနိုင် ကြောင်း ခန့်မှန်းလျက်ရှိပြီး ၅ နှစ်တာကာလ ပျမ်းမျှထုတ်လုပ်မှု ပမာဏထက် တန်ချိန် ၁.၄၅ သန်းခန့် ပိုမိုမည်ဖြစ်ပါသည်။

          ၂၀၂၀-၂၁ ခုနှစ် မိုးသီးနှံ ပဲမျိုးစုံအား ၁၈.၉.၂၀၂၀ နေ့အထိ ဟက်တာပေါင်း ၁၃၈.၆၂ သိန်း စိုက်ပျိုးထားပြီးဖြစ်ကြောင်း၊ ယခင်နှစ်ကာလတူနှင့် နှိုင်းယှဉ်ပါက ဟက်တာ ၆.၂၈ သိန်းခန့် ပိုမို ကြောင်း  အိန္ဒိယစိုက်ပျိုးရေးဦးစီးဌာနက စာရင်းထုတ်ပြန်ထားပြီး ၂၀၁၉-၂၀ ခုနှစ် မိုးသီးနှံ ပဲမျိုးစုံ ထုတ်လုပ်မှု စတုတ္ထအကြိမ်ခန့်မှန်းချက်ထက် တန်ချိန် ၁.၅၉ သန်းပိုမိုလျက် အထွက်ပမာဏ တန်ချိန် ၉.၃၁ သန်း ရရှိရန် ခန့်မှန်းထားပါသည်။ အဆိုပါစာရင်းအရ ၁၈.၉.၂၀၂၀ နေ့အထိ ယခင် နှစ်ကာလတူထက် ပဲစင်းငုံအား ဟက်တာ ၂.၇၈ သိန်း၊ မတ်ပဲအား ဟက်တာ ၀.၅၉ သိန်းနှင့် ပဲတီစိမ်းကို ဧရိယာဟက်တာ ၅.၀၄ သိန်း ပိုမိုတိုးချဲ့စိုက်ပျိုးထားကြောင်း တွေ့ရှိရသည်။ ယခုနှစ် ရာသီဥတု ကောင်းမွန်မှုအရ မိုးသီးနှံပဲမျိုးစုံထွက်ရှိနိုင်မှုမှာ ပဲစင်းငုံ၌  ယခင်နှစ်ကထက် တန်ချိန် ၂.၁ သိန်း ပိုမိုလျက် အထွက်တန်ချိန် ၄၀.၄ သိန်း၊ မတ်ပဲတွင် ယခင်နှစ်ကထက် ၈.၅ သိန်းပိုမို၍ အထွက်ပမာဏ တန်ချိန် ၂၁.၅ သိန်းနှင့် ပဲတီစိမ်း၌ တန်ချိန် ၃ သိန်းပိုမိုလျက် အထွက်တန်ချိန် ၂၀.၉ သိန်း ရရှိနိုင်ကြောင်း အိန္ဒိယစိုက်ပျိုးရေးဝန်ကြီးဌာနက ခန့်မှန်းထားသည်။ 

          ၂၀၂၀-၂၁ ခုနှစ် မိုးရာသီကာလတွင် ပြည်နယ်အချို့ရှိ မြေပဲနှင့် ပဲပုတ်စေ့ စိုက်ခင်းများမှာ ရေကြီးမှုများကြောင့် ထိခိုက်ပျက်စီးမှုများရှိသော်လည်း  ယခင်နှစ်ကထက် ဆီထွက်သီးနှံ ဧရိယာ ဟက်တာ ၁၈.၆၈ သိန်း ပိုမိုတိုးချဲ့စိုက်ပျိုးနိုင်သဖြင့် အထွက်ပမာဏ တန်ချိန် ၂၅.၇၃ သန်း ရရှိနိုင်ကြောင်း ခန့်မှန်းထားရာ ၂၀၁၉-၂၀ ခုနှစ် မိုးရာသီ ဆီထွက်သီးနှံထုတ်လုပ်မှု စတုတ္ထအကြိမ် ခန့်မှန်းချက်ထက် တန်ချိန် ၃.၄၁ သန်း ပိုမိုဖွယ်ရှိသည်။ မိုးသီးနှံစိုက်ပျိုးထုတ်လုပ်ရာတွင် ဝါဂွမ်း ၁၇၀ ကီလိုဂရမ်ဝင် ဘေထုတ် ၃၇.၁၂ သန်း၊ ဂုန်လျှော်နှင့် ချဉ်ပေါင်လျှော် (Mesta) တို့အား  ၁၈၀ ကီလိုဂရမ်ဝင် ဘေထုတ် ၉.၆၆ သန်းနှင့် ကြံသီးနှံ တန်ချိန် ၃၉၉.၈၃ သန်း ထွက်ရှိရန် ခန့်မှန်းထား သည်။

          ပြည်နယ်များမှပေးပို့သည့် အချက်အလက်များနှင့် အခြားသော သတင်းအရင်းအမြစ်များ အပေါ် အခြေပြု၍ တွက်ချက်ခြင်းဖြစ်ရာ ပိုမိုတိကျသော အချက်အလက်များကို ရရှိလာသည် နှင့်အမျှ ယခုခန့်မှန်းချက်များမှာ ပြောင်းလဲနိုင်မည်ဖြစ်ကြောင်း၊ ပြည်နယ်များမှ ပေးပို့လာမည့် တုန့်ပြန်ချက်များအရ ပြန်လည်သုံးသပ်ဆောင်ရွက်လျက် ပိုမိုနီးစပ်သည့် စိုက်ပျိုးထွက်ရှိမှု ခန့် မှန်းချက်များကို ထပ်မံထုတ်ပြန်မည်ဖြစ်ကြောင်း အိန္ဒိယစိုက်ပျိုးရေးဝန်ကြီးဌာနက ဖော်ပြထား ပါသည်။

 

 

(နေအေးလွင်)

စီးပွားရေးသံမှူး

မြန်မာသံရုံး၊ နယူးဒေလီမြို့