Main menu

Background

Toshiba ကုမ္ပဏီ၏ memory chip ထုတ်လုပ်သည့် ကုမ္ပဏီဟောင်း စတော့စျေးကွက်အတွင်း ဝင်ရောက်ရေး ဆိုင်းငံ့လိုက်ပြီဖြစ်

Tue, 10/06/2020 - 11:28 -- journal_editor

ဂျပန်နိုင်ငံရှိ Memory chip ထုတ်လုပ်သည့် လုပ်ငန်းကြီးတစ်ခုဖြစ်သည့် Kioxia Holdings သည် အဆိုပါလုပ်ငန်း၏ အနေအထားမရေမရာဖြစ်နေချိန် စတော့စျေးကွက်အတွင်း ရှယ်ယာရောင်းဝယ်ရေးပြုလုပ်မည့် အစီအစဉ်ကို ဆိုင်းငံ့လိုက်ပြီဖြစ်ကြောင်း သိရပါသည်။ အမေရိကန်နှင့် တရုတ်တို့အကြား  နည်းပညာဆိုင်ရာကုမ္ပဏီများနှင့်ပတ်သက်၍ လွန်ဆွဲမှုများ အရှိန်အဟုန်မြင့်တက်လာနေခြင်းက နောက်ခံအကြောင်းအရင်းတစ်ခု ဖြစ်ကြောင်းသိရပါသည်။

Kioxia Holdings သည် ဂျပန်၏အီလက်ထရွန်နစ်ကုမ္ပဏီကြီးဖြစ်တဲ့ Toshiba ၏ Memory Chip လုပ်ငန်းကို အဓိကထုတ်လုပ်ဆောင်ရွက်နေသည့်ကုမ္ပဏီ ဖြစ်ပါသည်။ NAND အမျိုးအစား flash memory chip ထုတ်လုပ်သည့် ကမ္ဘာ့ထိပ်တန်းကုမ္ပဏီများတွင် တစ်ခုပါဝင်သည့် Kioxia Holdings ၏ အမှုဆောင်ဘုတ်အဖွဲ့သည် စက်တင်ဘာလ နောက်ဆုံးပတ်တွင် ထုတ်လုပ် မှုကို ဆိုင်းငံ့မည်ဖြစ်ကြောင်း ဆုံးဖြတ်ချက်ချခဲ့ပါသည်။  

Kioxia Holdings အနေဖြင့် အောက်တိုဘာလ ၆ ရက်နေ့တွင် ဒေါ်လာ ၁၄ ဘီလီယံကျော်တန်ဖိုးရှိ ရင်းနှီးမြှုပ်နှံမှုပမာဏဖြင့် တိုကျိုစတော့စျေးကွက်တွင်းဝင်ရောက်ရန် ပြင်ဆင်ခဲ့ပါသည်။ ထိုပမာဏသည် ယခု ၂၀၂၀ ပြည့်နှစ်အတွင်း အများပြည်သူများ တိုကျိုစတော့ စျေးကွက်တွင် ဝင်ရောက်ကာ ရှယ်ယာအရောင်းအဝယ်ပြုလုပ်နိုင်သည့် တန်ဖိုးအကြီးဆုံးပမာဏဖြစ်ကြောင်း ဆိုပါသည်။

သို့သော် Kioxia က အမေရိကန်၏ သတ်မှတ်ချက်စည်းမျဉ်းစည်းကမ်းများကြောင့် ၎င်း၏အဓိကဖောက်သည်ဖြစ်သည့် Huawei ကုမ္ပဏီထံ semiconductor များတင်ပို့ရန် မဖြစ်နိုင်ကြောင်း ပြောကြားခဲ့ပါသည်။

 အမေရိကန်အစိုးရက စက်တင်ဘာ ၁၅ ရက်နေ့ကစတင်ကာ တရုတ်ဆက်သွယ်ရေးလုပ်ငန်းကြီးဖြစ်သည့် Huawei ထံ ကွန်ပျူတာ chip များရောင်းချခြင်းများအပေါ်  တင်းကျပ်သည့် ဖိအားပေးမှုများ ရှိခဲ့ပါသည်။ Kioxia ၏ စီမံခန့်ခွဲရေးတာဝန်ရှိသူများက ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါ၏ ဒုတိယလှိုင်းပြန့်ပွားမှုနှင့်ပတ်သက်၍လည်း စိုးရိမ်မိပါကြောင်း ပြောကြားခဲ့ပါသည်။

နန္ဒာဝင်း၊ စီးပွားရေးသံမှူး၊ မြန်မာသံရုံး၊ တိုကျိုမြို့