Main menu

Background

NTT က Docomo ကို ရာနှုန်းပြည့် လက်အောက်ခံ ကုမ္ပဏီအဖြစ် ထားရှိမည်ဖြစ်ကြောင်း သိရ

Tue, 10/06/2020 - 11:32 -- journal_editor

ဂျပန်နိုင်ငံ၏ အထင်ကရ ကြေးနန်းဆက်သွယ်ရေး ကုမ္ပဏီကြီးတစ်ခုဖြစ်သည့် Nippon Telegraph and Telephone (NTT) က ၎င်း၏ ကြိုးမဲ့ဆက်သွယ်ရေးလုပ်ငန်း ကုမ္ပဏီခွဲတစ်ခုဖြစ်သည့် NTT Docomo ၏ ရှယ်ယာများ ရာနှုန်းပြည့်ရယူရန် အမေရိကန် ဒေါ်လာ ၄၀ ဘီလီယံခန့် တန်ဖိုးရှိသည့် ရှယ်ရာဝယ်ယူမှု ဆောင်ရွက်မည်ဖြစ်ကြောင်း ကြေငြာခဲ့ပါသည်။

လက်ရှိ၌ NTT သည် ၎င်း၏ကုမ္ပဏီအုပ်စုထဲတွင် အမြတ်အစွန်းအများဆုံးဖြစ်နေသည့် Docomo ၏ ရှယ်ယာ ၆၆ ရာခိုင်နှုန်းကို ပိုင်ဆိုင်ထားကြောင်း သိရပါသည်။  Docomo ကုမ္ပဏီ၏  ပြင်ပရှိ အစုရှယ်ယာ ၃၄ ရာခိုင်နှုန်းကို ရယူခြင်း အားဖြင့် Docomo ကို အပြည့်အဝ ထိန်းချုပ်နိုင်မည်ဖြစ်ကြောင်း မိခင်ကုမ္ပဏီဖြစ်သည့် NTT က ဆုံးဖြတ်လိုက်ခြင်းဖြစ်ပါသည်။

ဂျပန်တွင် သုံးစွဲသူပမာဏ အများဆုံးဖြစ်သည့် ကြိုးမဲ့ဆက်သွယ်ရေးလုပ်ငန်းမှ အမြတ်အစွန်းများ ပိုမိုရရှိရန် NTT ၏ စီမံအုပ်ချုပ်သူများက မျှော်မှန်းနေကြောင်း သိရပါသည်။ Docomo နှင့်ပူးတွဲ၍ ကြေးနန်းဆက်သွယ်ရေး ဝန်ဆောင်မှု များဆောင်ရွက်နေသည့် ကုမ္ပဏီများနှင့် နိုင်ငံရပ်ခြားတွင် လုပ်ငန်းဆောင်ရွက်နေသည့် ကုမ္ပဏီအုပ်စုများထဲမှ ကုမ္ပဏီများနှင့်ပါ ဆက်သွယ်မှု ပိုမိုခိုင်မာစေရန်ကိုလည်း ကြိုးပမ်းနေပါသည်။

5Gနှင့် အခြားဆက်သွယ်ရေးစနစ်သစ်နယ်ပယ်များတွင် ယှဉ်ပြိုင်နိုင်စွမ်းကို မြှင့်တင်ရန်လည်း NTTကဆောင်ရွက်နေကြောင်း သိရပါသည်။ ဂျပန်ဝန်ကြီးချုပ်အသစ် Mr.  Suga Yoshihide က ဂျပန်မှာမိုဘိုင်းဖုန်းသုံးစွဲခနှုန်းထား သက်သာလာစေရန် လိုလားနေကြောင်း ပြောကြားခဲ့ပြီးနောက် အခုကဲ့သို့ဆောင်ရွက်မှုများ ထွက်ပေါ်လာခဲ့ခြင်းဖြစ်ပါသည်။ ရှယ်ယာများဝယ်ယူမှုပြီးဆုံးပါက  NTT Docomo ကို တိုကျို စတော့ရှယ်ယာဈေးကွက်၏ စာရင်းမှ ဖယ်ရှား မည်ဖြစ် ကြောင်း ဆိုပါသည်။

ရင်းမြစ်။ The Japan Times, The Japan News, The Yomiuri Shimbun., The Nikkei Asian Review.

  နန္ဒာဝင်း၊ စီးပွားရေးသံမှူး၊ မြန်မာသံရုံး၊ တိုကျိုမြို့