Main menu

Background

တရုတ်နိုင်ငံ၏ စီးပွားရေးတိုးတက်နှုန်းပြန်လည်ကောင်းမွန်လာပြီဖြစ်ခြင်း

Tue, 10/06/2020 - 13:30 -- journal_editor

တရုတ်အမျိုးသားစာရင်းအင်းဗျူရိုမှ ထုတ်ပြန်ကြေညာခဲ့သည့် အချက်အလက်များအရ တရုတ်နိုင်ငံ၏ စီးပွားရေးဆိုင်ရာ အညွှန်းကိန်းများ မျှော်မှန်းသည်ထက် ပိုမို ကောင်းမွန်လာခဲ့ကြောင်း၊ ၂၀၂၀ ပြည့်နှစ် တတိယလေးလပတ်ကာလ အတွင်း ပြည်တွင်းအသားတင်ထုတ်လုပ်မှုတန်ဖိုးသည် တိုးတက်မည့်လက္ခဏာရပ်များ ဖြစ်ပေါ်လျက်ရှိပြီး တစ်နှစ်ပတ်လုံးအနေဖြင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုသည် နှစ်ရာခိုင်နှုန်းထက်ကျော်လွန်နိုင်ဖွယ်ရှိသည်ဟု ခန့်မှန်းထားကြောင်း၊ ယခုကဲ့သို့ ဖွံ့ဖြိုးတိုးတက်သည့်အရှိန်အဟုန်သည် ၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလအတွင်း ဆက်လက်ကောင်း မွန်မည်ဆိုပါက တရုတ်နိုင်ငံ၏ တတိယလေးလပတ်၏ ပြည်တွင်းအသားတင်ထုတ် လုပ်မှုတန်ဖိုးသည်ဒုတိယလေးလပတ် ထက်ကျော်လွန်မည်ဖြစ်ကြောင်း စီးပွားရေးဆိုင်ရာ လေ့လာစောင့်ကြည့်သူများမှ ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

၂၀၂၀ ပြည့်နှစ် ဩဂုတ်လအတွင်း၌ တရုတ်နိုင်ငံ၏ အခြေခံနှင့်အလယ်အလတ်အဆင့်ကဏ္ဍများသည် နိုဗယ်ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှု မဖြစ်ပေါ်မီကာလများ အတိုင်း ပြန်လည်နလန်ထူလာပြီဖြစ်ကြောင်း၊ သို့ရာတွင်တတိယအဆင့် ကဏ္ဍများမှာမူ နဂိုမူလအခြေအနေသို့ ပြန်လည်ရောက်ရှိခြင်းမရှိသေးကြောင်း၊  ယခုကဲ့သို့ စီး ပွားရေး ပြန်လည်ဉီးမော့လာခြင်းသည် တရုတ်နိုင်ငံ၏ ပြည်တွင်းအသားတင်ထုတ် လုပ်မှုတန်ဖိုး (၂) ရာခိုင်နှုန်းကျော် တိုးတက်ရန်သေချာ စေမည်ဖြစ်ပြီး စတုတ္ထလေးလပတ်အတွင်း၌ ခြောက်ရာခိုင်နှုန်းအထိ တိုးတက်နိုင်ဖွယ်ရှိသည်ဟု တရုတ်စီးပွားရေးပညာရှင်များက ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

စက်မှုလုပ်ငန်းများ ပြန်လည်နလန်ထူလာခြင်းသည် တရုတ်နိုင်ငံ၏ ထုတ်လုပ်ရေးလုပ်ငန်းများ၊ စက်မှုလုပ်ငန်းချိတ်ဆက်ဆောင်ရွက်မှုများ၌ တည်ငြိမ်မှုရရှိခြင်းကြောင့် ဖြစ်ကြောင်း၊ သို့ရာတွင် ပြည်တွင်းစားသုံးမှုသည် ထုတ်လုပ်မှုနှင့် နှိုင်းယှဉ်ပါကများစွာ နှေးကွေးလျက်ရှိသည်ကို လေ့လာတွေ့ရှိရကြောင်း၊ ဝန်ဆောင်မှုလုပ်ငန်းများအနေဖြင့် နဂိုမူလအခြေအနေသို့ ပြန်လည်ရောက်ရှိနိုင်ရန် အချိန်ကာလလိုအပ်လျက်ရှိပြီး ပြည်တွင်းသုံးစွဲမှုများ နဂိုမူလအခြေအနေသို့ ပြန်လည်ရောက်ရှိလာခြင်း မရှိသေးဘဲ ဝန်ဆောင်မှုလုပ်ငန်းများအပေါ် ဖိစီးမှုများဖြစ်ပေါ်လျက်ရှိကြောင်း၊ အလားတူပင် တစ်ကမ္ဘာလုံး ကပ်ရောဂါနှင့်ရင်ဆိုင်နေခြင်း၊ ပြင်ပမှ မသေချာမှုများ၊ ပြည်တွင်း၌ပြန်လည်စီးပွားရေးပြန်လည် ကောင်းမွန်လာမှုများသည် မညီမျှခြင်းကြောင့် နောင်လာမည့်ကာလများ၏ စီးပွားရေးအပေါ် ခြိမ်းခြောက်လျက်ရှိသည့် အန္တရာယ်များ ဖြစ်ကြောင်း၊ ၂၀၂၀ ပြည့်နှစ် ဩဂုတ်လအတွင်း၌ တရုတ်နိုင်ငံ၏အလုပ်အကိုင် ဈေးကွက်ဆက်လက် တည်ငြိမ်လျက်ရှိပြီး မြို့ပြ၌ အလုပ်လက်မဲ့ရာခိုင်နှုန်း ၅ ဒသမ ၆ ရာခိုင်နှုန်းသို့ ရောက်ရှိခဲ့သည့်အတွက် ပြီးခဲ့သည့်လထက် သုည ဒသမ ၁  ရာခိုင်နှုန်းကျဆင်းခဲ့ကြောင်း သိရှိရပါသည်။

ရွှေစင်ဦး၊ စီးပွားရေးသံမှူး၊ မြန်မာသံရုံး၊ ပေကျင်းမြို့။

https://www.globaltimes.cn/content/1200976.shtml