Main menu

Background

အိန္ဒိယနိုင်ငံ၏ စီးပွားရေးကဏ္ဍအချို့ ပြန်လည်ကောင်းမွန်စပြုလာခြင်း

Wed, 10/07/2020 - 13:03 -- journal_editor

အိန္ဒိယနိုင်ငံ၌ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု တားဆီးထိန်းချုပ်ရန် ချမှတ်ခဲ့သည့် တားမြစ် ကန့်သတ်ချက်များအား ၂၀၂၀ ပြည့်နှစ် ဇွန်လမှစတင်၍ အဆင့်အလိုက် ဖြေလျော့မှုများပြုလုပ်၍ စီးပွားရေးလုပ်ငန်းများအားလုပ်ဆောင်ခွင့်ပြုခဲ့ ရာ စီးပွားရေးကဏ္ဍအချို့တွင် ပြန်လည်နာလန်ထူစပြုလာကြောင်း သိရှိရပါသည်။

ဗြိတိန်နိုင်ငံ အခြေစိုက် IHS Markit စီးပွားရေးရာလေ့လာဆန်းစစ်ရေးအဖွဲ့၏ ကုန်ထုတ် လုပ်ငန်း ဝယ်ယူရေး စီမံခန့်ခွဲသူများ အညွှန်းကိန်း Purchasing Managers’ Index (PMI) ဖော်ပြချက်အရ အိန္ဒိယနိုင်ငံ၏ PMIအညွှန်းကိန်းမှာ ၂၀၂၀ ပြည့်နှစ် ဩဂုတ်လ၌ ၅၂.၀ ရှိရာမှ စက်တင် ဘာလတွင် ၅၆ ဒသမ ၈ သို့ တိုးတက်လာကြောင်းတွေ့ရှိရသည်။ ယခု PMI အညွှန်းကိန်းတန်ဖိုးသည် ၂၀၁၂ ခုနှစ် ဇန်နဝါရီလနောက်ပိုင်း ၈ နှစ်တာအတွင်းလအလိုက်အမြင့်ဆုံးဖြစ် သည်။ IHS Markit မှ ဒါရိုက်တာ Ms. Pollyanna De Lima က COVID-19 တားဆီးထိန်းချုပ်ရေးဆိုင်ရာ ကန့်သတ်မှုများအား ဖြေလျော့မှုနှင့်အတူ အိန္ဒိယပြည်ပပို့ကုန်လုပ်ငန်းများ၏ အမှာစာများ ပြန်လည်တိုးတက်ရရှိလာပြီး ကုန် ထုတ်လုပ်ငန်းများသည် လမ်းကြောင်းမှန်ပေါ်၌ ဆက်လက်ဦးတည်လျက်ရှိကြောင်း၊ သို့ရာတွင် ကုမ္ပဏီအချို့က လုပ်သားငှားရမ်းရရှိနိုင်မှု အခက်အခဲများရှိနေကြောင်းနှင့် လူမှုအလှမ်းဝေး နေထိုင်လုပ်ကိုင်ရေးဆိုင်ရာလမ်းညွှန်ချက် များအရ လုပ်သားအင်အားကို ကန့်သတ်ဆောင်ရွက်နေရသည်ဟု သတင်းပေးပို့ခဲ့ကြကြောင်း ပြောဆိုပါသည်။

အိန္ဒိယဘဏ္ဍာရေးဝန်ကြီးဌာနက ၁-၁၀၂၀၂၀ နေ့၌ အခွန်ကောက်ခံရရှိမှုအခြေအနေကို သတင်းထုတ်ပြန်ရာတွင် ၂၀၂၀ ပြည့်နှစ် စက်တင်ဘာလအတွင်း ကုန်စည်နှင့် ဝန်ဆောင်မှု အခွန် (GST) ကောက်ခံရရှိငွေ စုစုပေါင်းမှာ ရူပီး ၉၅၄ ဒသမ ၈ ဘီလီယံဖြစ်ပြီး ယခင်နှစ် ကာလတူထက် လေးရာခိုင်နှုန်းပိုမိုခဲ့ကြောင်း ဖော်ပြပါသည်။

အိန္ဒိယကူးသန်းရောင်းဝယ်ရေးနှင့်စက်မှုဝန်ကြီးဌာနမှ ၂-၁၀-၂၀၂၀ နေ့သတင်းထုတ်ပြန် ရာတွင် ၂၀၂၀ ပြည့်နှစ် စက်တင်ဘာလအတွင်း အိန္ဒိယနိုင်ငံ၏ ပြည်ပကုန်သွယ်မှုတန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၅၇ ဒသမ ၇၁ ဘီလီယံရှိပြီး ပို့ကုန်၌ ‌ဒေါ်လာ ၂၇ ဒသမ ၄၀ ဘီလီယံ ရရှိခဲ့ရာ ယခင်နှစ်ကာလတူနှင့် နှိုင်းယှဉ်ပါက ၅ ဒသမ ၂၇ ရာခိုင်နှုန်းတိုးတက်မှုရှိကြောင်း၊ သွင်းကုန်တန်ဖိုးမှာ ဒေါ်လာ ၃၀ ဒသမ ၃၁ ဘီလီယံဖြစ်ပြီး ယခင်နှစ်ကာလတူပမာဏ အောက်သို့ ၁၉ ဒသမ ၆ ရာခိုင်နှုန်းလျော့ကျခဲ့ကြောင်း၊ ယခုနှစ် စက်တင်ဘာလ၌ ကုန်သွယ်မှုလိုငွေ ဒေါ်လာ ၂ ဒသမ ၉၁ ဘီလီယံ ဖြစ်ပေါ်ပြီး ယခင်နှစ်ကာလတူနှင့် နှိုင်းယှဉ်ပါက ၇၅ ဒသမ ၀၆ ရာခိုင်နှုန်းအထိ သိသာစွာ လျှော့ချနိုင်ခဲ့ကြောင်း၊ ပို့ကုန်ကဏ္ဍ၌ ဆန်နှင့် ဆေးနှင့် ဆေးပစ္စည်းကိရိယာများ တင်ပို့မှုပိုမိုတိုးတက်ခဲ့ပြီး သွင်းကုန်ကဏ္ဍတွင် ရေနံထွက်ကုန်များ၊ စက်ပစ္စည်းများနှင့် သယ်ယူပို့ဆောင်ရေးကိရိယာများ တင်သွင်းမှု လျော့ကျခဲ့ကြောင်း သိရှိရသည်။

အိန္ဒိယကူးသန်းရောင်းဝယ်ရေးနှင့် စက်မှုဝန်ကြီး Mr. Piyush Goyal က ယခုကဲ့သို့ ပို့ကုန် ကဏ္ဍ၌ ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါ မဖြစ်ပွားမီကာလရှိ တင်ပို့နိုင်မှုပမာဏထက် ကျော်လွန်၍ ရရှိလာခြင်းသည် အိန္ဒိယ၏စီးပွားရေးအခြေ အနေမှာ လျင်မြန်စွာ ပြန်လည်တိုးတက်ကောင်းမွန်လျက်ရှိသည်ကို ညွှန်ပြကြောင်း ၎င်း၏တွစ်တာအင်တာနက်စာမျက်နှာ၌ ဖော်ပြခဲ့ပါသည်။

သို့ရာတွင် စီးပွားရေးလေ့လာဆန်းစစ်သည့်အဖွဲ့အစည်းများမှ ပညာရှင်အချို့က စီးပွားရေး ပြန်လည်နာလန်ထူလာမှုကို ညွှန်ပြသည့် လက္ခဏာများမှာ အစပျိုးဆဲသာဖြစ်ပြီး ထိလွယ်ရှလွယ်သည့် အခြေအနေမှာပင်ရှိနေဆဲဖြစ် ကြောင်း ပြောဆိုလျက်ရှိကြသည်။ ယခင်က အိန္ဒိယ ဗဟိုဘဏ်နှင့် ဝန်ကြီးချုပ်၏စီးပွားရေးအကြံပေးကောင်စီတို့၌ ဥက္ကဋ္ဌအဖြစ် တာဝန်ယူဆောင်ရွက်ခဲ့သူ Mr. C Rangarajan ကအခွန်ကောက်ခံရရှိမှုနှင့်စီးပွားရေးကိန်းဂဏန်း အချို့သည် COVID-19 အကျပ်အတည်းကာလမတိုင်မီကထက် ကျော်လွန်သည်ဟု ဆိုသော်လည်း ဧပြီလ နောက်ပိုင်း ကုန်ထုတ်လုပ်မှုကျဆင်းလာခြင်းမှ ဆုံးရှုံးရမှုများအပေါ် ကာမိရန်အတွက် လက်ရှိအရှိန်အဟုန်ကိုကာလ အတန်ကြာသည်အထိ ထိန်းသိမ်းနိုင်ရန် လိုအပ်နေဆဲဖြစ်ကြောင်း ပြောဆိုပါသည်။

ယခင်စာရင်းအင်းဌာနအရာရှိချုပ် Mr. Pronab Sen က စီးပွားရေးဆိုင်ရာ ကိန်းဂဏန်းများသည် ကပ်ရောဂါမတိုင်မီကထက် ကျော်လွန်ခြင်းမှာ ဖြေလျော့မှုများပြုချိန်၌ ဝယ်လိုအား ရုတ်ခြည်းမြင့်တက်မှုအရ ဖြစ်ပေါ်ခြင်းဖြစ်ပြီး ဤအခြေအနေသည် ရေရှည်တည်တံ့မှုရှိမရှိကို ပွဲတော်ရာသီကာလ ကုန်လွန်သည်အထိ စောင့်ကြည့်ရန် လိုအပ်ကြောင်း ပြောကြားပါသည်။ နယူးဒေလီမြို့ရှိ Institute of Social Sciences မှ ပါမောက္ခ Mr. Arun Kumar ကမူ လက်ရှိကာလ၌ လေကြောင်းလိုင်းများ၏ ၄၀ ရာခိုင်နှုန်းခန့်သာ ပျံသန်းလုပ်ကိုင်လျက်ရှိပြီး ဟိုတယ်၊ ခရီးသွားနှင့် စားသောက်ဆိုင်လုပ်ငန်းများမှာလည်း လည်ပတ်လုပ်ကိုင်နိုင်မှုမရှိသေးကြောင်း၊ အလားတူ FMCG ခေါ် လျင်မြန် စွာကုန်ဆုံး လွယ်သည့် အသုံးအဆောင်ပစ္စည်းများ၏ ဝယ်လိုအားမှာလည်း ပြန်လည်တိုးတက်လာခြင်းမရှိသေးကြောင်း၊ သို့ဖြစ်ရာ GST အခွန်ကောက်ခံရရှိမှု အချက်အလက်များမှာ မှန်ကန်ဖွယ်မရှိကြောင်း၊ လုပ်ငန်းလည်ပတ်ငွေ ရူပီးသန်း ၅၀ အထက် လုပ်ငန်း များအား ဇွန်လတွင်လည်းကောင်း၊ သန်း ၅၀ အောက်လုပ်ငန်းများအား စက်တင်ဘာလ၌ လည်းကောင်း ယခင်နှစ်အတွင်းလုပ်ငန်းဆောင်ရွက်မှုများအပေါ် အခွန်ပေးဆောင်ရန် စေ့ရောက်သည့် ကာလအဖြစ် သတ်မှတ်ထားသဖြင့် ၎င်းလများတွင် အခွန်ကောက်ခံရရှိမှုပမာဏ မြင့်တက် ခြင်းဖြစ်ကြောင်း ပြောဆိုပါသည်။ ICRA စီးပွားရေးအကဲဖြတ်လုပ်ငန်းမှ ပညာရှင် Ms. Aditi Nayar ကလည်း ဝယ်လိုအားရုတ်ခြည်းမြင့် တက်မှုနှင့် ကုန်ထုတ်လုပ်ငန်းများ၏ ကုန်စည်များ ပြန်လည်စတင်စုဆောင်းမှုတို့က အခွန်တိုးမြင့်ကောက်ခံရရှိခြင်း၏ အဓိကအကြောင်းအရင်းများဖြစ်ရာ ကာလရှည်၌ ဤသို့တိုးတက်ရရှိမည်ဟု ရှင်းလင်းခိုင်မာစွာပြောဆိုနိုင်မှု မရှိကြောင်း၊ စက်တင်ဘာလအတွင်း စီးပွားရေးအညွှန်းကိန်းများ မြင့်မားမှုဖြစ်ပေါ်ခြင်းက စီးပွားရေး ပြန်လည်နာလန်ထူထောင်လာမှုသည် အပိုင်းလိုက် ပြတ်တောင်းစွာ ဖြစ်ပေါ်လျက်ရှိကို တွေ့ရှိရကြောင်း ပြောကြားပါသည်။

စက်တင်ဘာလအတွင်း ရေနံနှင့်ရွှေမဟုတ်သော ကုန်စည်များတင်သွင်းမှုမှာ နှစ်အလိုက် နှိုင်းယှဉ်ပါက ၁၃ ဒသမ ၃ ရာခိုင်နှုန်းလျော့ကျနေဆဲဖြစ်ခြင်း၊ အတိုးနှုန်းများလျှော့ချခဲ့သော်လည်း ချေးငွေထုတ် ပေးမှုထက်ဘဏ်အပ်ငွေများ တိုးမြင့်လာပြီး ၁၁-၉-၂၀၂၀ နေ့ရှိ စာရင်းများအရ ချေးငွေနှင့်အပ်ငွေအချိုး (Credit-deposit ratio) သည် ၇၁ ဒသမ ၈ ရာခိုင်နှုန်းသို့ ကျဆင်းလာခဲ့ခြင်း၊ စုစုပေါင်းပြည်တွင်းထုတ်လုပ်မှုတန်ဖိုး၌ ပါဝင်သည့် ပင်မကဏ္ဍများ၏ တိုးတက်မှုမှာ ဩဂုတ်လ၌ အနှုတ် ၈ ဒသမ ၅ ရာခိုင်နှုန်းဖြစ်ပေါ်ခဲ့ခြင်းစသည့်အချက်များက အိန္ဒိယ၏စီးပွားရေးမှာ ပြန်လည်တိုးတက်ကောင်းမွန်လာသည်ဟု ခိုင်မာစွာပြောကြားနိုင်ရန် စောင့်ကြည့်ရဦးမည့် အခြေအနေရှိနေပါ သည်။

နေအေးလွင်၊ စီးပွားရေးသံမှူး၊ မြန်မာသံရုံး၊ နယူးဒေလီမြို့

Source:         1. “India’s Merchandise Trade: Preliminary Data for September, 2020” dated 2nd Oct 2020 of Press Information Bureau of India

2. “GST Revenue collection for September, 2020” dated 1st Oct 2020 of Press Information Bureau of India