Main menu

Background

ဗြိတိန်သည် No-deal Brexit ဖြင့် ရှင်သန်နိုင်သည်ဟု ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင် ပြောကြား

Wed, 10/07/2020 - 13:12 -- journal_editor

ဗြိတိန်နိုင်ငံနှင့် အီးယူတို့အကြား Brexit အလွန်ကာလအတွက် ညှိနှိုင်းဆွေးနွေးမှုများသည်  အကူးအပြောင်းကာလကုန်ဆုံးချိန်တွင် သဘောတူညီချက်မရရှိခဲ့ပါက ဗြိတိန်အနေဖြင့် ယင်းအခြေ အနေနှင့်အတူ ရပ်တည်ရှင်သန်နိုင်သည်ဟု ဗြိတိန်ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်ကပြောကြားခဲ့ကြောင်း သိရသည်။ ဗြိတိန်နိုင်ငံသည် ယခုနှစ် ဇန်နဝါရီ ၃၁ ရက်က အီးယူအုပ်စုမှ နုတ်ထွက်ခဲ့ပြီး ဒီဇင်ဘာလ ၃၁ ရက်အထိ အီးယူ၏ စည်းမျဉ်းများကို ဆက်လက်ကျင့်သုံးမည်ဖြစ် သည်။ ဗြိတိန် ခွဲထွက်မှုအလွန်ကာလ အီးယူ-ဗြိတိန် ကုန်သွယ်မှုဆက်ဆံရေးတွင် သတ်မှတ်ရက်အတွင်း သဘော တူညီမှုမရရှိခဲ့ပါက ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့စည်းမျဉ်းများနှင့်အညီ မြင့်မားသော အကောက်ခွန်နှုန်းထားများဖြင့်နှစ်ဘက် ကုန်သွယ်ကြရမည်ဖြစ်ရာ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါ၏ ရိုက်ခတ်မှုကြောင့် အားနည်းနေသည့် ဗြိတိန်နိုင်ငံ၏ စီးပွားရေးအပေါ် ဆန့်ကျင်ဘက်အကျိုးဆက်များ သက်ရောက်လာနိုင်ခြေရှိနေခြင်းဖြစ်ကြောင်းလည်း သိရသည်။

အီးယူနှင့် ဗြိတိန်တို့မှ စေ့စပ်ညှိနှိုင်းသူများအကြား (၉) ကြိမ်မြောက် ဆွေးနွေးပွဲများအပြီး နှစ်ဘက်ညှိနှိုင်းမှုများတွင် သဘောတူညီမှုရရန် ခက်ခဲနေဆဲဖြစ်သဖြင့်  ဗြိတိန်ခွဲထွက်မှုအလွန် ကုန်သွယ်ရေးဆိုင်ရာသဘောတူညီချက်အတွက် စေ့စပ်ညှိနှိုင်းမှုများကို တိုးမြှင့်လုပ်ဆောင်သွားရန် ဗြိတိန်ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်နှင့် ဥရောပကော်မရှင်ဥက္ကဌ Ursula von der Leyen တို့အကြား သဘောတူညီခဲ့ကြသည်။ ယခုနှစ်အကုန်တွင် အီးယူနှင့် ဗြိတိန်တို့အကြားသဘော တူညီချက်ရရှိရေး နှင့်စပ်လျဉ်း၍ နှစ်ဘက်စေ့စပ်ညှိနှိုင်းသူများအကြား အချိန်အနည်းငယ်သာ ကျန်ရှိနေပြီး ဘောရစ်ဂျွန်ဆင်က အပြီးသတ်ညှိနှိုင်းမှုများပြုလုပ်ရန် သတ်မှတ်ရက်ကို အောက်တိုဘာ ၁၅ ရက်အားသတ်မှတ်ထားကြောင်း နှင့် အီးယူဘက်အနေဖြင့်မှု အောက်တိုဘာလကုန်အထိ သတ်မှတ်ထား ကြောင်း သိရသည်။

သဘောတူညီချက်ရရှိရေးအတွက် ကိစ္စရပ်များစွာကို ဖြေရှင်းဆောင်ရွက်ရန် လိုအပ်နေဆဲ ဖြစ်သော်လည်း ဗြိတိန်နိုင်ငံဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်အနေဖြင့် နှစ်ဘက်အကြား သဘောတူညီချက်ရရှိနိုင်မည်ဟုယူဆထားဆဲဖြစ်ကြောင်း၊ ဗြိတိန်နိုင်ငံအနေဖြင့် ၎င်းတို့၏ ကိုယ်ပိုင်ဥပဒေ၊ လုပ်ထုံးလုပ်နည်းများကို ထိန်းချုပ်ရန် လိုအပ်မှုကို အီးယူအနေဖြင့် နားလည်ရန် လိုအပ်ကြောင်း၊ ဗြိတိန်၏ ငါးဖမ်းဆီးမှုဇုန်နှင့်ပတ်သက်၍ အချုပ်အခြာအာဏာအပေါ်ခိုင်မာစွာဆက်လက် ရပ်တည်မှုကို ဝန်ကြီးချုပ်ဘောရစ်ဂျွန်ဆင်က သတိပေးပြောကြားခဲ့ပြီး ယင်းအချက်သည် နှစ်ဘက်ဆွေးနွေးမှုများအကြား အဓိကအခက်အခဲဖြစ်စေသည့် အချက်လည်းဖြစ်သည်ဟု ပြောကြားခဲ့ကြောင်း သိရသည်။ 

ကျော်စိန်၀င်း၊ စီးပွားရေးသံမှူး၊ မြန်မာသံရုံး၊ ဘရပ်ဆဲလ်မြို့။

ရင်းမြစ် - (ဘရပ်ဆဲလ်တိုင်းမ်)