Main menu

Background

Brexit bill အား ဗြိတိန်မှ အတည်ပြုပြီးနောက် အီးယူဘက်မှ ဥပဒေအရ ဆောင်ရွက်မှုများစတင်ပြုလုပ်

Wed, 10/07/2020 - 13:16 -- journal_editor

ဗြိတိန်ခွဲထွက်မှု (Brexit) ဆိုင်ရာသဘောတူညီချက်အား လိုက်နာခြင်းမရှိသည့် ဗြိတိန်၏ Internal Market Bill နှင့်ပတ်သက်၍ ဥပဒေကြောင်းအရ ဆောင်ရွက်ချက်များ၏ ပထမအဆင့် အဖြစ် ဗြိတိန်နိုင်ငံအားတရားဝင်အသိပေး အကြောင်းကြားခဲ့ကြောင်း ဥရောပကော်မရှင် ဥက္ကဌ Ursula von der Leyen  ကပြောကြားခဲ့သည်။ Internal Market Bill ကို ပြဌာန်းခြင်းသည် ဗြိတိန်နိုင်ငံအနေဖြင့် နိုင်ငံတကာဥပဒေတစ်ရပ်ကို ချိုးဖောက်သကဲ့သို့ ဖြစ်စေနိုင်သည်ဟု ဗြိတိန်နိုင်ငံ၏ ဝန်ကြီးအချို့က ဝန်ခံပြောကြားထားသော်လည်း အဆိုပါ Bill ကို ပြီးခဲ့သည့် သီတင်းပတ်အစောပိုင်း တွင်ဗြိတိန်နိုင်ငံက အတည်ပြုခဲ့ပြီးနောက် အီးယူဘက်မှ ယခုကဲ့သို့ တရားဝင်အသိပေးချက် ပေးပို့ ခြင်းဖြစ်သည်ဟု သိရသည်။

ဗြိတိန်နိုင်ငံ၏ အဆိုပြု ဥပဒေပြဌာန်းချက်သည်  House of Lords ၏ အတည်ပြုချက် ရယူရန်လိုအပ်မည်ဖြစ်ပြီး ၎င်း bill ကို အတည်ပြုခဲ့ပါက ဗြိတိန်နိုင်ငံ၏ အီးယူမှ နှုတ်ထွက်မှုသဘော တူညီချက်ပါ အစိတ်အပိုင်းများကိုဗြိတိန် ဘက်မှ တစ်ဖက်သတ်ပြင်ဆင် ဆောင်ရွက်ခွင့်ရရှိမည် ဖြစ်သည်။ post-Brexit အကူးအပြောင်းကာလအတွင်း ကုန်သွယ်ရေးသဘောတူညီချက်အတွက် ဆွေးနွေးမှုများကို ထိခိုက်စေနိုင်သည့် ခြိမ်းခြောက်မှုများနှင့်အတူ ဗြိတိန်နှင့်အီးယူ တို့အကြား သဘောထားကွဲလွဲမှုများ ပိုများလာနေကြောင်းသိရသည်။ ဗြိတိန်နိုင်ငံ၏ Internal Market Bill ကို လက်ရှိအတိုင်း အတည်ပြုချမှတ်ခဲ့ပါက အိုင်ယာလန်-မြောက်အိုင်ယာလန် ပရိုတိုကောနှင့် အပြည့်အဝသွေဖည်လိမ့်မည်ဖြစ် ကြောင်း Ursula von der Leyen  က ပြောကြားခဲ့သည်။

Internal Market Bill ၏ ပြဿနာရှိသော အစိတ်အပိုင်းများကို ဗြိတိန်နိုင်ငံဘက်မှ ဖယ်ရှား ပေးရန် စက်တင်ဘာလကုန်အထိ အီးယူဘက်မှ အချိန်ပေးထားခဲ့ပြီး ယခုအခါ သတ်မှတ်ရက်မှာ ကျော်လွန်သွားပြီဖြစ်သော်လည်း၎င်းပြဌာန်း ချက်များသည် ဆက်ရှိနေဆဲဖြစ်ကြောင်း၊ ထို့ကြောင့် ဥရောပကော်မရှင်သည် ဗြိတိန်နိုင်ငံအစိုးရထံသို့ တရားဝင်အသိပေးစာပေးပို့ရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်ပြီး၊ ထိုသို့တရားဝင်အကြောင်းကြားမှုသည်ဥပဒေအရဆောင်ရွက်သည့် လုပ်ငန်း စဉ်၏ ပထမ အဆင့်ဖြစ်ကြောင်းသိရသည်။ ဗြိတိန်အစိုးရအနေဖြင့် အီးယူဘက်မှ အကြောင်းကြားစာအပေါ် ပြန်ကြားရန် အချိန် တစ်လရရှိမည်ဖြစ်ပြီး၊ ဥရောပကော်မရှင်အနေဖြင့် ခွဲထွက်ရေး သဘောတူညီချက်ကို အချိန်မီအပြည့် အဝအကောင်အထည်ဖော်နိုင်ရေးအတွက် ဆက်လက် ကြိုးပမ်းသွားမည်ဟု Ursula von der Leyen ကပြောကြားသည်။ ဗြိတိနိုင်ငံ၏ Internal Market Bill သည် ခွဲထွက်ရေး သဘောတူညီချက်အပေါ် ချိုးဖောက်မှုတစ်ရပ်ပါဝင်နေ ကြောင်းကို အီးယူဘက်မှ ယခင်ကတည်းက ပြောကြားမှုရှိထားပြီး ဗြိတိန်အနေဖြင့် အဆိုပါပြဌာန်းချက် (bill) ကိုပြင်ဆင်ရန် ပျက်ကွက်ခဲ့ပါက အီးယူဘက်အနေဖြင့် ဥပဒေအရ ဆောင်ရွက်နိုင်သော နည်းလမ်းများအားလုံးကိုအသုံးပြု သွားမည် ဖြစ်သည်ဟု သတိပေးထားကြောင်း သိရသည်။

ကျော်စိန်ဝင်း၊ စီးပွားရေးသံမှူး၊ မြန်မာသံရုံး၊ ဘရပ်ဆဲလ်မြို့။

ရင်းမြစ် -  (https://www.cnbc.com)