Main menu

Background

Brexit အကူးအပြောင်းကာလ မပြီးဆုံးမီ ကုန်ပစ္စည်းများအား စုဆောင်းထားရှိရန် ဆေးဝါးကုမ္ပဏီများအား ဗြိတိန်အစိုးရတိုက်တွန်း

Wed, 10/07/2020 - 13:20 -- journal_editor

ဗြိတိန်နိုင်ငံသည် အီးယူ၏ဘုံဈေးကွက်နှင့် အကောက်ခွန်သမဂ္ဂမှ ယခုနှစ် ဒီဇင်ဘာ ၃၁ ရက်တွင် ထွက်ခွာနိုင်ရေးပြင်ဆင်ဆောင်ရွက်လျက်ရှိရာ သွင်းကုန်အပိုင်းတွင် နှောင့်နှေးမှုရှိလာခဲ့ပါက အဆင်ပြေစေရန်အတွက် သီတင်းပတ် ခြောက်ပတ်စာ ဆေးဝါးကုန်စည်များကို အရန်အဖြစ် စုဆောင်းထားရှိရန် ဗြိတိန်အစိုးရက ဆေးဝါးကုမ္ပဏီများအား တိုက်တွန်းထားကြောင်း သိရသည်။ ကမ္ဘာ့ထုတ်လုပ်မှုကွင်းဆက်သည် COVID-19 ကပ်ရောဂါကြောင့်ဖိအားများရှိနေ သဖြင့် အရေးပေါ် အစီအမံများ၏ အဓိကအစိတ်အပိုင်းတစ်ရပ်အဖြစ် ဆေးဝါးကုမ္ပဏီများအား ကုန်ပစ္စည်းများကိုအရန် စုဆောင်းထားရှိရန် တိုက်တွန်းထားခြင်းဖြစ်သည်ဟု ဗြိတိန်၏ ကျန်းမာရေးဝန်ကြီးဌာနက ဆေးဝါးကုမ္ပဏီများသို့ ပေးပို့သည့် အကြောင်းကြားစာတွင်ဖော်ပြထားကြောင်း သိရသည်။

ဗြိတိန်နိုင်ငံနှင့် အီးယူတို့သည် ဗြိတိန်ခွဲထွက်မှုအလွန်ကာလအတွက် လွတ်လပ်စွာ ကုန်သွယ်ရေး သဘောတူညီချက်တစ်ရပ်အား ညှိနှိုင်းဆွေးနွေးနေပြီး ဒီဇင်ဘာ ၃၁ ရက်တွင် ကုန်ဆုံးမည့် သတ်မှတ်ရက်မတိုင်မီသဘောတူညီမှုရရှိ နိုင်ခြင်း ရှိ/မရှိဆိုသည်မှာ ရှင်းရှင်းလင်းလင်း မသိရသေးသည့် အခြေအနေဖြစ်သည်။ လက်ရှိဖြစ်ပွားနေဆဲ ကပ်ရောဂါအခြေအနေ၊ ဗြိတိန်နိုင်ငံ၏ အမျိုးသားကျန်းမာရေးဌာန (National Health Service-NHS) ၏ လုပ်ငန်းရပ်များအား တဖြည်းဖြည်းချင်း ပြန်လည်ဆောင်ရွက်နေမှုနှင့် ဆောင်းရာသီတွင် ရာသီတုပ်ကွေးဖြစ်ပွားမှုကဲ့သို့သော ဖိအားများရှိလာနိုင်မှုတို့ကြောင့် Brexit အကူးအပြောင်းကာလမကုန်ဆုံးမီ ကြိုတင်ပြင်ဆင်ထားရမည်ဖြစ်ကြောင်း ဗြိတိန်အစိုးရ ၏ အကြောင်းကြားစာကဆိုသည်။

လူနာများအား ဆေးဝါးကုသစောင့်ရှောက်မှု ဆက်လက်လုပ်ဆောင်နိုင်ရေးအတွက် ဆေးဝါးကုမ္ပဏီများအနေဖြင့် နှောင့်နှေးနိုင်ဖွယ်ရှိသည့် ကုန်စည်သယ်ယူပို့ဆောင်မှုလမ်းကြောင်းများကို ရှောင်လွှဲနိုင်စေရန်ကြိုတင်ပြင်ဆင်ထားသင့် ကြောင်း၊ ကုမ္ပဏီများအနေဖြင့် ၎င်းတို့၏ထောက်ပံ့သယ်ယူပို့ဆောင်ရေးအစီအစဉ်များကို ပြန်လည်သုံးသပ်ရန် ဗြိတိန်အစိုးရကတိုက်တွန်းထားကြောင်း သိရသည်။ ဆေးဝါးကုမ္ပဏီများ၏ ကြိုတင်ပြင်ဆင်မှုအစီအမံများနှင့်ပတ်သက်၍ လိုအပ်သလို အကူအညီပေးသွားရန် အဆင်သင့်ရှိသည်ဟု ဗြိတိန်နိုင်ငံကျန်းမာရေးဝန်ကြီးဌာနက ပြောကြားခဲ့ကြောင်းလည်း သိရသည်။

 ကျော်စိန်၀င်း၊ စီးပွားရေးသံမှူး၊ မြန်မာသံရုံး၊ ဘရပ်ဆဲလ်မြို့။

ရင်းမြစ် -  (Euractiv)