Main menu

Background

ကိုရိုနာကပ်ရောဂါ၏ သက်ရောက်မှုကြောင့် ဂျပန်နိုင်ငံ၏ ပြည်တွင်းခရီးသွားလုပ်ငန်းမှ ဝင်ငွေ ယန်း လေးထရီလီယံခန့် လျော့ကျခဲ့

Thu, 10/08/2020 - 14:16 -- journal_editor

ကိုရိုနာကပ်ရောဂါပြန့်ပွားနေမှုကြောင့် ဂျပန်နိုင်ငံသို့ ပြည်ပခရီးသွားများ ဝင်ရောက်မှု သိသိသာသာ လျော့ကျလာပြီး ပြည်တွင်းခရီးသွားလုပ်ငန်းမှ ဝင်ငွေစုစုပေါင်း၏ ၁၅ ရာခိုင်နှုန်းခန့်ကျဆင်းခဲ့ကြောင်း Resona Research Institute ၏ ခန့်မှန်းသုံးသပ်ချက်အရ သိရသည်။

Resona Research Institute  ၏ ခန့်မှန်းသုံးသပ်ချက်တွင် တိုကျို၊ အိုဆာကာနှင့် အခြားသောစီရင်စုဒေသ သုံးခုသည် စီရင်စုဒေသ ၄၇ ခုအနက် ခရီးသွားလုပ်ငန်းကဏ္ဍတွင် သိသိသာသာ ထိခိုက်နိုင်ပါကြောင်း၊ မူလလျာထားသည့် ပြည်တွင်းခရီးသွားလာမှုလုပ်ငန်း အားလုံး၏ ၆၀ ရာခိုင်နှုန်းကျော်မှာ ဖျက်သိမ်းလိုက်ရသဖြင့် ဆုံးရှုံးမှုများပြားခြင်းဖြစ်ကြောင်း ဖော်ပြ ထားပါသည်။

Resona Research Institute  မှ အကြီးတန်းသုတေသနပညာရှင် Hideyuki Araki က ပြုစုထားသည့် ခန့်မှန်းသုံးသပ်ချက်အရ  ပြည်ပနိုင်ငံများမှ ခရီးသွားများဝင်ရောက်မှုနှင့် ခရီးသွားလာမှုအတွက် သုံးစွဲမှုတို့နှင့် ပတ်သက်၍ ၂၀၂၀ ပြည့်နှစ်အတွက် လျာထားချက်မှာ ယခင်နှစ်က အခြေအနေအတိုင်း ခန့်မှန်းထားကြောင်း၊ တည်းခိုနေထိုင်မှုများနှင့် ခရီးသွားလာမှုအတွက် သုံးစွဲမှုများ၏ ခန့်မှန်းချက် အခြေအနေမှာ ဂျပန်နိုင်ငံ ခရီးသွားလုပ်ငန်း အေဂျင်စီ၏ထုတ်ပြန် ထားချက်များအပေါ်အခြေခံသုံးသပ်ထားခြင်းဖြစ်ပါကြောင်းဆိုပါသည်။

Araki ၏ အစီရင်ခံစာတွင် ၂၀၂၀ ပြည့်နှစ်အတွက် ဂျပန်တစ်ပြည်လုံးသို့ ပြည်ပ ခရီးသွားများ ဝင်ရောက်မှုမှ ဝင်ငွေရရှိမှုစုစုပေါင်းသည် ယန်း ၄၀၆၈ ဒသမ ၂ ဘီလီယံ ( အမေရိကန်ဒေါ်လာ ၃၈၇၄၄ သန်း) ရှိမည်ဟုခန့်မှန်းထား ကြောင်း၊ ၂၀၁၉ ခုနှစ်တွင် ခရီးသွားများ၏ သုံးစွဲမှုမှာ ခရီးသွားလုပ်ငန်းမှ ရရှိသည့် ဝင်ငွေစုစုပေါင်း၏ ၁၅ ရာခိုင်နှုန်း၊ တန်ဖိုးအားဖြင့် ယန်း ၂၇ ဒသမ ၉ ထရီလီယံ ရှိခဲ့ကြောင်း ဖော်ပြထားပါသည်။

အသေးစိတ်အနေဖြင့် ကုန်ပစ္စည်းများ ရောင်းချရမှုမှရရှိသည့် ဝင်ငွေမှာ ဆုံးရှုံးမှု အများဆုံးဖြစ်ပြီး ယန်း ၁၄၄၂ ဒသမ ၃ ထရီလီယံထိရှိပါကြောင်း၊ ဒုတိယအများဆုံး ဆုံးရှုံးမှုမှာ တည်းခိုနေထိုင်မှုလုပ်ငန်းမှ ရရှိသည့် ဝင်ငွေဖြစ်ပြီး ယန်း ၁၁၈၁ ဒသမ ၆ ဘီလီယံခန့် ဖြစ်ကြောင်း ဖော်ပြထားပါသည်။

အစီရင်ခံစာတွင် ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါပြန့်ပွားနေမှုကြောင့် ပြည်ပခရီးသွားများ ဝင်ရောက်လာမှုမရှိသည့်အတွက် ကုန်စုံဆိုင်များ၊ ဆေးဆိုင်များသည် ဟိုတယ်လုပ်ငန်းများ ထက် ပိုမိုထိခိုက်ခဲ့ရကြောင်း သုံးသပ်ဖော်ပြထားပါ သည်။ စီရင်စုဒေသအားဖြင့် နိုင်ငံ၏ အဓိကမြို့ပြဒေသများဖြစ်ကြသည့် တိုကျို၊ အိုဆာကာ၊ ချီဘာ၊ ကျိုတိုနှင့် ဟော့ကိုင်းဒိုးတို့ တွင် အထိခိုက်ဆုံးဖြစ်ပြီး တစ်နိုင်ငံလုံး ခရီးသွားလုပ်ငန်းမှ ရရှိိသည့်ဝင်ငွေ၏ ၆၀ ရာခိုင်နှုန်းခန့် ဆုံးရှုံး ခြင်းဖြစ်ကြောင်း ဖော်ပြထားပါသည်။

အလားတူ ခရီးသွားလုပ်ငန်းထိခိုက်ခဲ့ရသည့် အခြားသော စီရင်စုဒေသငါးခုဖြစ်သည့် အအိချိ၊ နာရာ၊ ကာနာဂါဝါ၊ အိုကီနာဝါနှင့် ဖူကူအိုကာတို့ကိုအပါအဝင်  စီရင်စုဒေသ ၁၀ ခု အနေဖြင့် စုစုပေါင်းဝင်ငွေ၏ ၈၀ ရာခိုင်နှုန်းနီးပါးရှိကြောင်း သုံးသပ်ဖော်ပြထားပါသည်။ အထက်ပါ စီရင်စုဒေသများသည် အပြည်ပြည်ဆိုင်ရာလေဆိပ်များ၊ ပြည်ပခရီးသွားများ လာရောက်လေ့ရှိသည့် အထင်ကရဒေသများ၊ ကမ္ဘာ့ရှေးဟောင်းအမွေအနှစ်နေရာများနှင့် အပန်းဖြေ လည်ပတ်ရာနေရာများ တည်ရှိကြသည့် ဒေသများ ဖြစ်ကြပါသည်။

Araki ၏ အစီရင်ခံစာတွင် ခရီးသွားလုပ်ငန်းဝင်ငွေ အထိခိုက်ဆုံးဒေသမှာ မြို့တော် တိုကျိုတည်ရှိသည့် ကန်တိုဒေသဖြစ်ပြီး ယန်း ၁၅၀၆ ဒသမ ၄ ဘီလီယံ ခန့်ရှိကြောင်း၊ အိုဆာကာမြို့တော်ပါဝင်သည့် ခန်းဆိုင်ဒေသတွင် ခရီးသွားဝင်ငွေ ဆုံးရှုံးမှုမှာ ယန်း ၁၂၁၉ ဘီလီယံခန့် ရှိနိုင်ကြောင်း  ခန့်မှန်းထားပါသည်။

သို့သော် ဒေသအသီးသီး၏ စီးပွားရေးအနေအထားပေါ် မူတည်၍ ခန်းဆိုင်ဒေသသည် ကန်တိုဒေသထက်ပိုမိုထိခိုက်ခဲ့ရပါကြောင်း၊ ယခင်နှစ်က ခန်းဆိုင်ဒေသမှ ခရီးသွားလုပ်ငန်းမှ ဝင်ငွေရရှိမှုသည် ကန်တိုဒေသမှ ရရှိသည့် ဝင်ငွေ ထက် ၁ ဒသမ ၅ ရာခိုင်နှုန်း ပိုမိုခဲ့ကြောင်း၊ သိသာသည့် ဥပမာတစ်ခုအနေဖြင့် အိုဆာကာမြို့တော်၊ မီနာမီခရိုင်မှ ပြည်ပခရီးသွားများ အတွက် ဖွင့်လှစ်ထားသည့် ဆေးဆိုင်အုပ်စုများ ပိတ်သိမ်းလိုက်ရသဖြင့် ဝင်ငွေများစွာ ထိခိုက် နစ်နာခဲ့ရကြောင်း ဖော်ပြထားပါသည်။

အာရှနိုင်ငံများနှင့် နီးကပ်သည့် ခန်းဆိုင်ဒေသသည် Budget Airlines ဝန်ဆောင်မှုများ စတင်ခဲ့သည့်နောက်တွင် ပြည်တွင်းခရီးသွားများကို ပိုမိုအားထားလာရသည့် ဒေသဖြစ်လာကြောင်း၊ ရလဒ်အနေဖြင့် နိုင်ငံ၏ စီးပွားရေးတိုးတက် မှုအပေါ် သက်ရောက်လာ နိုင်ပါကြောင်း Araki က ဆိုပါသည်။

ဂျပန်နိုင်ငံသို့ ပြည်ပခရီးသွားများဝင်ရောက်မှုသည် ဝန်ကြီးချုပ် ရှင်ဇိုအာဘေး တာဝန်ယူစဉ် ၂၀၁၂ ခုနှောင်းပိုင်း၌ ဗီဇာဖြေလျော့ပေးမှုနှင့် ယန်းစျေးကျဆင်း နေချိန်မှစ၍ ပိုမို တိုးတက်လာခဲ့ကြောင်း တွေ့ရပါသည်။ ၂၀၁၉ ခုနှစ်တွင် ပြည်ပခရီးသွားဝင်ရောက်မှုသည် ၃၁ ဒသမ ၈၈ သန်းရှိပြီး ၂၀၁၂ ခုနှစ်ကထက် ၃ ဒသမ ၈ ဆခန့်ထိ တိုးတက်လာခဲ့ကြောင်း တွေ့ရပါသည်။ ၂၀၂၁ ခုနှစ်သို့ရွှေ့ပြောင်းကျင်းပရန် ပြင်ဆင်နေသည့် တိုကျိုအိုလံပစ်ပွဲတော် ကြောင့် မြို့တော်တိုကျိုသို့ ပြည်တွင်းခရီးသွားအရေအတွက် ပိုမိုများပြားလာနိုင်ကြောင်း ကိုလည်း ခန့်မှန်းသုံးသပ်ထားပါသည်။

ကိုရိုနာဗိုင်းရပ်စပ်ကပ်ရောဂါပြန့်ပွားနေမှုကြောင့် ပြီးခဲ့သည့် ၂၀၂၀ ခုနှစ် ဧပြီလမှ အစပြုကာ ဂျပန်နိုင်ငံအတွင်းသို့ ပြည်ပခရီးသွားများ ဝင်ရောက်မှု တားမြစ်ကန့်သတ်လိုက်သည့်အတွက် ပြည်ပခရီးသွားဝင်ရောက်မှု ၉၉ ရာခိုင်နှုန်း ကျော် ကျဆင်းခဲ့ပါသည်။  ဂျပန်အစိုးရက အောက်တိုဘာ ၁ ရက်မှအစပြုကာ ကာလလတ်နှင့်  ကာလရှည် လာရောက် မည့် ဆေးဘက်ဆိုင်ရာနှင့် အခြားသော ပညာရပ်နယ်ပယ်မှ အကြောင်းတစ်ခုခုဖြင့် ဝင်ရောက်လာမည့် ကမ္ဘာ့ ခရီးသွားများကို ပြည်ဝင်ခွင့်ပြုသွားမည်ဖြစ်ပါသည်။

ကမ္ဘာ့လှည့်ခရီးသွားများအနေဖြင့် ခရီးသွားလာမှုဖြေလျော့ခြင်းတွင် သက်ဆိုင်အကျုံးဝင်မည်မဟုတ်ဘဲ ပြည်တွင်းခရီးသွားများ၏ သုံးစွဲမှုမှ ရရှိသည့် ဝင်ငွေအနေဖြင့် ဂျပန် နိုင်ငံ၏ ခရီးသွားလုပ်ငန်းကဏ္ဍ တိုးတက်မှုအတွက် မည်မျှအကျိုးသက်ရောက်မှုရှိနိုင်မည်ဟူသည့်ကိစ္စမှာ ခန့်မှန်းရန် ခက်ခဲနေပါကြောင်း အစီရင်ခံစာက သုံးသပ်ထားပါသည်။

ရင်းမြစ်။ The Cabinet Office of Japan, METI, Japan, The Japan Times, The Japan News, The Yomiuri Shimbun., The Nikkei Asian Review.

      နန္ဒာဝင်း၊ စီးပွားရေးသံမှူး၊  မြန်မာသံရုံး၊ တိုကျိုမြို့