တရုတ်နိုင်ငံတွင် အော်ဂဲနစ်ထုတ်ကုန်များအတွက် ဝယ်လိုအားမြင့်တက်လာသဖြင့် ၎င်းထုတ်ကုန်များထုတ်လုပ်မှုတွင် တရုတ်ဘက်မှ လုပ်ငန်းမိတ်ဖက်များနှင့် လုပ်ငန်းလုပ်ကိုင်သွားရန် ဒိန်းမတ်နိုင်ငံမှ စားသောက်ကုန်ထုတ်လုပ် သူများက ယုံကြည်မှုမြင့်မားလျက်ရှိကြကြောင်း ဒိန်းမတ်အစားအသောက်လုပ်ငန်းလုပ်ကိုင်နေသူ ထိပ်တန်းလုပ်ငန်းရှင်တစ်ဉီးက ဆင်ဟွာသတင်းဌာနသို့ ပြောကြားခဲ့သည်ဟု သိရပါသည်။
ဒိန်းမတ်စားသောက်ကုန်လုပ်ငန်းစုမှ ဈေးကွက်မြှင့်တင်ရေးအတွက် တာဝန်ယူထားသည့် CEO Lise Walbomက တရုတ်နိုင်ငံ၏ လူလတ်တန်းစား မိသားစုများအကြား စားသောက်ကုန်စိတ်ချလုံခြုံရေး၊ ကျန်းမာရေးနှင့် ညီညွတ် သော ထုတ်ကုန်များဖြစ်ရေးနှင့် သဘာဝပတ်ဝန်းကျင်နှင့် လျော်ညီမှုရှိစွာထုတ်လုပ်ထားသည့် ကုန်စည်ဖြစ်စေရေးစသည့် စိတ်ပူပန်မှုများ တိုးပွားလာသည်ကို မြင်တွေ့နေရကြောင်း၊ ထို့ကြောင့် ဒိန်းမတ်နိုင်ငံထုတ် အော်ဂဲနစ်ထုတ်ကုန်များအတွက် ဝယ်လိုအား မြင့်မားလာသည်ကို မြင်တွေ့နေကြောင်း မှတ်ချက်ပြုပြောကြားခဲ့ပါသည်။
မကြာသေးမီက ဒိန်းမတ်နိုင်ငံမှ ကောက်ခံခဲ့သော ဈေးကွက်စစ်တမ်း၌ တရုတ်နိုင်ငံမှ ဆုံးဖြတ်ချက်ချမှတ်သူများ၏ ၈၀ ရာခိုင်နှုန်းက ထုတ်ကုန်တစ်ခု၏ ပင်ရင်းနိုင်ငံ အပေါ်များစွာ အလေးထားကြသည်ကို တွေ့ရှိခဲ့ပါသည်။ ထို့ကြောင့် ဒိန်းမတ်နိုင်ငံနှင့် လုပ်ငန်းလက်တွဲဆောင်ရွက်နေကြသည့် တရုတ်လုပ်ငန်းရှင်များက ဒိန်းမတ်နိုင်ငံအပေါ် ယုံကြည်မှုမြင့်မားစွာထားရှိကြသည်ဟု သိရှိရကြောင်း Walbomက ပြောကြားထားပါသည်။
ပတ်ဝန်းကျင်၊ သဘာဝနှင့် ရာသီဉတုတို့အပေါ်ထိခိုက်မှုအနည်းဆုံးဖြစ်အောင် အလေးထားသည့် အော်ဂဲနစ်ထုတ်ကုန်များကို ပိုမိုထုတ်လုပ်ရန် လိုအပ်ချက်အဖြစ် ကမ္ဘာတစ်ဝန်းမှ ကျွမ်းကျင်သည့် ဝယ်ယူသူများအတွက် အစဉ်ဖွံ့ဖြိုး တိုးတက်မှုမှာ အခရာအဖြစ် အရေးပါမှု တိုးပွားလာပါကြောင်း၊ ပိုမိုကောင်းမွန်သော အနာဂတ်နှင့် ပိုမိုစဉ်ဆက်မပြတ်ဖွံ့ဖြိုးသော အနာဂတ်တို့အား ဖန်တီးနိုင်သည့်အခြေအနေသို့ ရောက်ရှိစေရန် လယ်ယာစိုက်ပျိုးရေးနှင့် စားသောက် ကုန်ထုတ်လုပ်ရေးတို့မှာ နောက်ထပ်ခြေလှမ်း အဖြစ် အမှန်တကယ်အရေးပါသည့် အခန်းကဏ္ဍမှ ပါဝင်ကြောင်းလည်း Walbom က ပြောကြားခဲ့ပါသည်။
ဒိန်းမတ်နိုင်ငံသည် ၁၉၈၇ ခုနှစ်မှစ၍ အော်ဂဲနစ်စားသောက်ကုန် ထုတ်လုပ်မှု အပေါ် နိုင်ငံတော်အဆင့် ဉပဒေပြဌာန်း၍ အကောင်အထည်ဖော်နေသည့် ကမ္ဘာပေါ်တွင် ဉီးဆောင်နေသော နိုင်ငံဖြစ်ပါသည်။
နိုင်ငံတော်က ထိန်းချုပ်ထားသော "ecology-label"တံဆိပ်က စိုက်ပျိုးသူ မှသည် စားသုံးသူအထိ ကုန်စည်ထုတ်လုပ်ပံ့ပိုးသည့် ကွင်းဆက်တစ်လျှောက် အော်ဂဲနစ်စည်းမျဉ်းစည်းကမ်းများနှင့် ကိုက်ညီကြောင်း အတည်ပြုထားပါ သည်။
ယခုနှစ် ဇန်နဝါရီလမှ ဇူလိုင်လအထိ ဒိန်းမတ်နိုင်ငံမှ တရုတ်နိုင်ငံသို့ ဝက်သားနှင့်ဆေးဝါးပစ္စည်းများအား အမေရိကန်ဒေါ်လာ ၃ ဒသမ ၄၇ ဘီလီယံဖိုးတင်ပို့ခဲ့ကာ၊ ယခင်နှစ် ကထက် ၂၄ ဒသမ ၈ ရာခိုင်နှုန်းတိုးတက်လာကြောင်း စက်တင်ဘာ ၈ ရက်တွင် ထုတ်ပြန်ခဲ့သော ဒိန်းမတ်စာရင်းအင်းများအရ သိရပါသည်။
ရင်းမြစ်၊ Xinhua (၃၀-၉-၂၀၂၀)
ဒေါက်တာရွှေစင်ကို၊ စီးပွားရေးသံမှူး၊ မြန်မာသံရုံး၊ နန်နင်းမြို့။
