Main menu

Background

နိုင်ငံတကာ အငြင်းပွားမှုဖြေရှင်းရေးတရားရုံး၌ Vodafone ကုမ္ပဏီသို့ အမှုရှုံးနိမ့်ခဲ့မှုအပေါ် တုံ့ပြန်ရန် အိန္ဒိယအစိုးရက ချိန်ဆလျက်ရှိခြင်း

Tue, 10/13/2020 - 11:45 -- journal_editor

အိန္ဒိယနိုင်ငံအခြေစိုက်ကုမ္ပဏီတစ်ခုက ပိုင်ဆိုင်သည့် ပြည်ပရှိ အစုရှယ်ယာများအား လွှဲပြောင်းရယူခဲ့မှုအပေါ်  ဝင်ငွေခွန်၊ ဒဏ်ကြေးနှင့် အတိုးငွေ စုစုပေါင်း ရူပီးငွေ ၂၂၁ ဘီလီယံကို ပေးဆောင်ရန် အိန္ဒိယအစိုးရ၏ တောင်းဆိုမှုအား တရားရင်ဆိုင်ဖြေရှင်းခဲ့ရာတွင် နယ်သာလန်နိုင်ငံ The Hague မြို့ရှိ အငြင်းပွားမှုဖြေရှင်းရေး အမြဲတမ်းတရားရုံး (Permanent Court of Arbitration) က Vodafone အများပိုင်ကုမ္ပဏီအုပ်စုအနေဖြင့် ၎င်းငွေများကို ပေးဆောင်ရန် တာဝန်မရှိကြောင်း ၂၅-၉-၂၀၂၀ နေ့၌ စီရင်ဆုံးဖြတ်ချက်ချမှတ်ခဲ့ပါသည်။

Vodafone တယ်လီဖုန်းဆက်သွယ်ရေး ကုမ္ပဏီလုပ်ငန်းစုအနေဖြင့် အဆိုပါအမှုအား ဆယ်စုနှစ်တစ်ခုကျော်ကြာရင်ဆိုင်ခဲ့ပြီး ယခုစီရင်ဆုံးဖြတ်ချက်မှာ ဒုတိယအကြိမ် အနိုင်ရရှိ ခဲ့ခြင်းဖြစ်သည်။ Vodafone ကုမ္ပဏီသည် ကာရစ်ဘီယံဒေသရှိ Cayman Islands တွင် အခြေစိုက်ထူထောင်ထားရှိသော Hutchison Telecommunications ကုမ္ပဏီထံမှ အစုရှယ်ယာ ပိုင်ဆိုင်မှုများ ကို ၂၀၀၇ ခုနှစ်အတွင်း၌ လွှဲပြောင်းရယူခဲ့ရာ ၎င်းတို့အနက် အိန္ဒိယနိုင်ငံ အခြေစိုက် Hutchison Essar ကုမ္ပဏီက စီမံခန့်ခွဲပိုင်ခွင့်ရှိသော အစုရှယ်ယာပမာဏ ၆၇ ရာခိုင်နှုန်း၊ တန်ဖိုးအားဖြင့် ဒေါ်လာ ၁၁ ဒသမ ၂ ဘီလီယံခန့် ပါဝင်ခဲ့ပါသည်။ သို့ဖြစ်ရာ အိန္ဒိယဝင်ငွေ ခွန်ဦးစီးဌာနက ပင်ရင်းမှထုတ်နှုတ် ကောက်ခံသည့်အခွန် ရူပီးငွေ ၇၉ ဒသမ ၉ ဘီလီယံအား ပေးဆောင်ရန် အိန္ဒိယနိုင်ငံ၌ မှတ်ပုံတင်၍ လုပ်ငန်းဆောင်ရွက်လျက်ရှိသည့် Vodafone ကုမ္ပဏီထံသို့ သတိပေးနှိုးဆော်စာ ပေးပို့ခဲ့သည်။ ထိုသို့တောင်းဆိုမှုအပေါ် ၂၀၁၂ ခုနှစ် ၌ အိန္ဒိယတရားလွှတ်တော်ချုပ်ရုံးတွင် နှစ်ဘက်အမှုရင်ဆိုင်ခဲ့ရာ တည်ဆဲဥပဒေအရ စီရင်ပိုင်ခွင့် အာဏာ၌ အကျုံးဝင်ခြင်းမရှိသဖြင့် Vodafone ကုမ္ပဏီကအနိုင်ရခဲ့သည်။ ထို့နောက် အိန္ဒိယအစိုးရက အခွန်စည်းကြပ်မှုဆိုင်ရာ ဥပဒေကို ပြင်ဆင်ပြဌာန်းလျက် ၂၀၁၄ ခုနှစ်၌ ဝင်ငွေခွန်နှင့် ဒဏ်ကြေး စုစုပေါင်း ရူပီးငွေ ၁၉၁ ဒသမ ၁၈ ဘီလီယံ (ဒေါ်လာ ၂ ဒသမ ၂ ဘီလီယံကျော်) ကို တောင်းဆိုခဲ့ရာ Vodafone ကုမ္ပဏီအုပ်စုက The Hague မြို့ရှိ PCA အငြင်း ပွားမှု ဖြေရှင်းရေးတရားရုံး၌ အိန္ဒိယ-နယ်သာလန် နှစ်နိုင်ငံ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ သဘောတူ စာချုပ်ကို အကိုးအကားပြုလျက် ထပ်မံအမှုရင်ဆိုင်ခဲ့ခြင်းဖြစ်သည်။

PCA အငြင်းပွားမှု ဖြေရှင်းရေးတရားရုံးက အိန္ဒိယဝင်ငွေခွန်ဌာန၏ အခွန်ပေးဆောင်ရန် တောင်းဆိုချက်သည် အိန္ဒိယ-နယ်သာလန် ရင်းနှီးမြှုပ်နှံမှု သဘောတူစာချုပ်ပါ အချက်များနှင့် ညီညွှတ်မရှိကြောင်း၊ Vodafone ကုမ္ပဏီသည် ၎င်းစာချုပ်ပါ တရားမျှတ၍ သာတူညီမျှရှိစွာ ဆက် ဆံရေးအာမခံချက်အပေါ် အကျိုးခံစားခွင့်ရှိကြောင်းနှင့် အိန္ဒိယအစိုးရအနေဖြင့် ယခုအမှုအတွက် ကျသင့်တရားစရိတ်၏ ၆၀ ရာခိုင်နှုန်း ဖြစ်သော ပေါင်စတာလင်ငွေ ၄ ဒသမ ၃ သန်းကို Vodafone ကုမ္ပဏီသို့ ပေးလျော်ရန်ဖြစ်ကြောင်း ဆုံးဖြတ်ချက်ချမှတ်ခဲ့သည်။

အိန္ဒိယသတင်းဌာနများ၏ ရေးသားဖော်ပြမှုများအရ နောက်ကြောင်းပြန် အာဏာသက်ရောက်မှုရှိသည့် အခွန်ပေးဆောင်ရေးဆိုင်ရာ အငြင်းပွားမှု၌ ရှုံးနိမ့်ခဲ့ပြီး တရားရုံးစရိတ်ပေးလျော်ရမည့် အခြေအနေရှိသည့်အပေါ် အိန္ဒိယ ဝင်ငွေခွန်ဌာနသည် ရှေ့နေချုပ်ထံမှ သဘောထား မှတ်ချက် တောင်းခံဆောင်ရွက်လျက်ရှိကြောင်း၊ အိန္ဒိယအစိုးရအနေဖြင့် စင်ကာပူနိုင်ငံရှိ အငြင်း ပွားမှုဖြေရှင်း‌ရေး တရားရုံးတွင် ထပ်မံ၍ အယူခံလျှောက်ထားသည့် နည်းလမ်းကို ရွေးချယ်နိုင် ကြောင်း၊ သို့သော် အမှုဖြစ်ပေါ်ရသည့် ပိုင်ဆိုင်မှုအရပ်ရပ်မှာ အိန္ဒိယနိုင်ငံ၏ပြင်ပ၌ တည်ရှိသဖြင့် အနိုင်ရရှိရန် ခက်ခဲမည်ဟု ဥပဒေအတိုင်ပင်ခံလုပ်ငန်းများမှ ပညာရှင်များက ပြောဆိုလျက်ရှိ ကြောင်း သိရှိရသည်။

Hutchison Telecommunications ကုမ္ပဏီထံမှ ပိုင်ဆိုင်မှုများအား Vodafone ကုမ္ပဏီ က ပြည်ပ၌လွှဲပြောင်းရယူဆောင်ရွက်မှုသည် အိန္ဒိယနိုင်ငံ၏ ဥပဒေအရ အရင်းအနှီးများ လွှဲ ပြောင်းမှုအပေါ် အခွန်ပေးဆောင်ရမည့်အရေးမှ ရှောင်ကြဉ်နိုင်ရန် လုပ်ဆောင်ခြင်းဖြစ်သည်ဟု အိန္ဒိယဝင်ငွေခွန်ဌာနက မှတ်ယူထားပြီး ထိုကဲ့သို့ အိန္ဒိယအခြေစိုက်ကုမ္ပဏီများက စီမံခန့်ခွဲ ပိုင်ခွင့်ရှိသည့် ပိုင်ဆိုင်မှုများအား သွယ်ဝိုက်လွှဲပြောင်းနိုင်မှုရှိသည့် ဂယ်ပေါက်ကို ပိတ်ဆို့ နိုင်ရန် ၂၀၁၂ ခုနှစ်၌ ပိုင်ဆိုင်မှုလွှဲပြောင်းခြင်းအပေါ် အခွန်ကောက်ခံသည့် ဥပဒေအား ပြင်ဆင်ခဲ့ခြင်း ဖြစ်သည်။ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ တိုးမြင့်ရေးနှင့် စီးပွားရေး လုပ်ကိုင်မှု လွယ်ကူစေရေးတို့ကို တွန်းအား ပေးဆောင်ရွက်နေ ချိန်၌ အိန္ဒိယအစိုးရအနေဖြင့် ပြည်ပရင်း နှီးမြှုပ်နှံသူများထံသို့ လွှဲမှားသည့် အချက်ပြမှုမျိုး မဖြစ်စေရန်အတွက် Vodafone ကုမ္ပဏီအုပ်စုနှင့် အငြင်းပွားမှုကိစ္စရပ် အပေါ် သတိကြီးစွာထား၍ ချိန်ဆဆောင်ရွက်ရမည့် အခြေအနေရှိ နေပါသည်။

နေအေးလွင်၊ စီးပွားရေးသံမှူး၊ မြန်မာသံရုံး၊ နယူးဒေလီမြို့

Source:        1. Income tax department to seek Attorney General’s views on Vodafone ruling, 29 Sept 2020, Economic Times

2. Vodafone arbitration case: All options open, govt to take action after studying award, 25 Sept 2020, Economic Times

3. Govt weighs legal options in Vodafone tax arbitration case, 4 Oct 2020, The Hindu