Main menu

Background

ကပ်ရောဂါကာလအတွင်း အလုပ်အကိုင်များထိန်းသိမ်းထားနိုင်ရေး ပြည်တွင်း စီးပွားရေးလုပ်ငန်းများအတွက် ယူရိုဘီလျံ ၁၀၀ အီးယူထုတ်ချေးမည်

Thu, 10/15/2020 - 13:09 -- journal_editor

ကပ်ရောဂါကြောင့် ထိခိုက်သည့် စီးပွားရေးလုပ်ငန်းများအတွက် ၎င်းတို့၏ လုပ်သားများ အားဝင်ငွေ ထောက်ပံ့ပေးနိုင်စေရေး ဘဏ္ဍာရေးအကူအညီအဖြစ် ယူရိုဘီလီယံ ၁၀၀ ကို ဥရောပ ကော်မရှင်က အသုံးပြုသွားမည်ဟုသိရသည်။ အဆိုပါ ရန်ပုံငွေအထောက်အပံ့သည် အီးယူအဖွဲ့ဝင်နိုင်ငံများအနက် နိုင်ငံပေါင်း ၁၇ နိုင်ငံသို့ ချေးငွေပေးအပ်သွားမည်ဖြစ်ပြီး၊ ချေးငွေရရှိသည့် နိုင်ငံများသည် ကာလတို အလုပ်အကိုင်အစီအစဉ် (short-time work schemes) ဟု ခေါ် တွင်သည့် ပုံစံဖြင့် အဆိုပါချေးငွေ များကို ရင်းနှီးမြှုပ်နှံကြမည်ဖြစ်သည်။ လုပ်သားများအတွက် အလုပ်ချိန်လျှော့ချရပြီး လုပ်ခလစာ ဆက်လက်ပေးအပ်လိုသည့် စီးပွားရေးလုပ်ငန်းများအား အလုပ်အကိုင် ဆက်လက်ပေးထားနိုင်ရန် ယင်းအစီအစဉ်က ဆောင်ရွက်နိုင်မည်ဖြစ်သည်။ ချေးငွေလက်ခံရရှိသည့် နိုင်ငံများမှာ ဘယ်လ်ဂျီယံ၊ ဘူလ်ဂေးရီးယား၊ ခရိုအေးရှား၊ ဆိုက်ပရပ်၊ ချက်သမ္မတနိုင်ငံ၊ ဂရိ၊ ဟန်ဂေရီ၊ အီတလီ၊ လတ်ဗီးယား၊ လစ်သူရေးနီးယား၊ မော်လ်တာ၊ ပိုလန်၊ ပေါ်တူဂီ၊ ရိုမေးနီးယား၊ ဆလိုဗက်ကီးယား၊ ဆလိုဗေးနီးယား နှင့် စပိန်နိုင်ငံတို့ဖြစ်ကြသည်။

ထို့သို့ ချေးငွေထုတ်ချေးမှုအစီအမံသည် ဥရောပကော်မရှင်၏ အရေးပေါ် အလုပ်လက်မဲ့ဖြစ်မှု အန္တရာယ်လျော့ပါးသက်သာရေး ယာယီအထောက်အပံ့အစီအစဉ်တစ်ရပ်ဖြစ်သည့် SURE framework ၏ တစ်စိတ်တစ်ပိုင်းဖြစ်ပြီး၊ SURE အစီအမံသည် ကပ်ရောဂါကာလတွင်းနှင့် ကပ်ရောဂါအလွန်ကာလတို့တွင် အလုပ်အကိုင်များထိန်းသိမ်းထားနိုင်ရေး အီးယူအဖွဲ့ဝင်နိုင်ငံများ အား အကူအညီပေးအပ်ရန် ထူထောင်ထားခြင်းဖြစ်သည်။ SURE အစီအမံအနေဖြင့် ထုတ်ချေး မည့် ယူရိုဘီလီယံ ၁၀၀ အား လူမှုဘဝဆိုင်ရာအထောက်အပံ့ပုံစံဖြင့် ထုတ်ချေးခြင်းဖြစ်ပြီး ချေးငွေရယူသည့် လုပ်ငန်းများသည် ၎င်းငွေများကို အလုပ်အကိုင်ထိန်းထားနိုင်ရေးအတွက်သာလျှင် အသုံးပြု နိုင်မည်ဖြစ်သည်။ ဘယ်လ်ဂျီယံ နိုင်ငံအနေဖြင့် အဆိုပါ ဘဏ္ဍာရေးအထောက်အပံ့မှ ယူရို ၇ ဒသမ ၈ ဘီလီယံ ရရှိမည်ဖြစ်ပြီး ချေးငွေရရှိမှုပမာဏသည် နိုင်ငံအလိုက်ကွဲပြားမှုရှိကြောင်း၊ အီတလီနိုင်ငံ သည် ယူရို ၂၇ ဒသမ  ၄ ဘီလီယံနှင့် ဟန်ဂေရီနိုင်ငံသည် ယူရို ၅၀၄ သန်းရရှိကြမည်ဖြစ်ကြောင်း သိရသည်။

ရင်းမြစ် - (ဘရပ်ဆဲလ်တိုင်းမ်)

 ကျော်စိန်ဝင်း၊ စီးပွားရေးသံမှူး၊ မြန်မာသံရုံး၊ ဘရပ်ဆဲလ်မြို့