Main menu

Background

ဒုတိယအကြိမ် Lockdown ပြုလုပ်ခဲ့ပါက ဘယ်လ်ဂျီယံနိုင်ငံ၏ အလုပ်အကိုင်ပေါင်း ၃ သိန်းခန့် ထိခိုက်နိုင်ဖွယ်ရှိနေခြင်း

Thu, 10/15/2020 - 13:14 -- journal_editor

လက်ရှိတွင် ဘယ်လ်ဂျီယံနိုင်ငံ၌ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု အရေအတွက် ပြန်လည် မြင့်တက်လာ မှုကြောင့် ဒုတိယအကြိမ်အဖြစ် အသွားအလာကန့်သတ်မှု (Lockdown) ပြုလုပ်ခဲ့ပါက စီးပွားရေးလုပ်ငန်းပေါင်း ၆၀၀၀၀ နှင့် အလုပ်အကိုင်အရေအတွက် သုံးသိန်းခန့် ဆုံးရှုံးနိုင်ဖွယ် ရှိနေသည်ဟု ဘယ်လ်ဂျီယံစီးပွားရေးလုပ်ငန်းများအသင်းချုပ် (Federation of Belgian Enterprise-FEB) ၏ မန်နေဂျင်းဒါရိုက်တာဖြစ်သူ Pieter Timmermans ကပြောကြား ခဲ့ကြောင်း သိရသည်။ ဒုတိယတစ်ကြိမ် Lockdown ချမှတ်ဆောင်ရွက်ခြင်းကြောင့် ဖြစ်ပေါ်လာမည့် စီးပွားရေး အရကုန်ကျမှုများကို ရှောင်ရှားရမည်ဖြစ်ကြောင်း၊ COVID-19 ကပ်ရောဂါအကျပ်အတည်းမတိုင်မီ ကာလက ဘယ်လ်ဂျီယံ လုပ်ငန်းများ၏ ၁၆ ရာခိုင်နှုန်းဖြစ်သော စီးပွားရေးလုပ်ငန်းပေါင်း ၆၀၀၀၀ ခန့်နှင့် အလုပ်အကိုင်အရေအတွက် သုံးသိန်းခန့်သည် စီးပွားရေးကောင်းမွန်သည့်အခြေအနေတွင် ရှိနေခဲ့ပြီး ဘဏ္ဍာရေးဆိုင်ရာပြဿနာမရှိခဲ့သော်လည်း ယခု အခါ အဆိုပါလုပ်ငန်းများသည် ဒေဝါလီ ခံရမည့် အန္တရာယ်ရှိနေကြောင်း၊ ဒုတိယအကြိမ်အသွားအလာကန့်သတ်ခြင်းကို ဆောင်ရွက်ခဲ့ပါက ၎င်းလုပ်ငန်းများအဆုံးသတ်သွားဖွယ်ရှိနေပြီး မကြုံစဖူးထူးကဲ့သည့် စီးပွားရေး ကပ်ဆိုက်မှု တစ်ရပ် ဖြစ်လာနိုင်ကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

စီးပွားရေးလုပ်ငန်းများကို ကယ်တင်နိုင်ရန်အတွက် အလုပ်အကိုင်များနှင့် ဝယ်ယူနိုင်စွမ်း အားကို ထိန်းသိမ်းထားနိုင်ရေး စည်းမျဉ်းစည်းကမ်းများနှင့်အညီ ဆောင်ရွက်ရမည်ဖြစ်ကြောင်း ၎င်းကဆို သည်။ လက်လီစီးပွားရေးလုပ်ငန်း ၂၀၀ ကျော်ကို ကိုယ်စားပြုသည့် လက်လီနှင့် ဈေးဝယ် စင်တာ များဆိုင်ရာ ဘယ်လ်ဂျီယံ လူဇင်ဘတ်ကောင်စီ (Belgian Luxembourg Council for Retail and Shopping Centres-BLSC) က သတိရှိရှိ ဘေးကင်းလုံခြုံစွာဖြင့် တာဝန်ယူမှုရှိ သော ပုံစံဖြင့် ဈေးဝယ်ထွက်ခြင်းကို ပြန်လည်ဆောင်ရွက်ကြရန် ပြည်သူများထံသို့ မေတ္တာရပ်ခံချက်ကို ထုတ်ပြန် ထားကြောင်း သိရသည်။

လက်လီအရောင်းဆိုင်များနှင့် ဈေးဝယ်စင်တာများ၌ ပြည်သူများ လာရောက်မှုသည် ကိုရိုနာ ဗိုင်းရပ်စ်ကပ်ရောဂါကြောင့် သိသိသာသာထိခိုက်မှုရှိခဲ့ပြီး၊ ယခင်တစ်ကြိမ်အသွားအလာကန့်သတ်မှု (lockdown)အား ပြန်လည်ဖြေလျှော့ခဲ့ သည့် ၂၀၂၀ ပြည့်နှစ် ဇူလိုင်လတွင်ပင် ၂၀၁၉ ခုနှစ်နှင့် နှိုင်းယှဉ်ပါက ၂၈ ရာခိုင်နှုန်းကျဆင်းခဲ့ကြောင်း၊ ယခုနှစ် အရောင်းကာလဖြစ်သည့် သြဂုတ်လတွင် ၁၁ ရာခိုင်နှုန်းနှင့် စက်တင်ဘာလတွင် ၁၅ ရာခိုင်နှုန်းကျဆင်းခဲ့ကြောင်း၊ အသွား အလာကန့်သတ်မှု ကာလအတွင်း အွန်လိုင်းမှဝယ်ယူမှုတွင်မှု တိုးတက်လာခဲ့ကြောင်းလည်း သိရသည်။

ရင်းမြစ် -   (ဘရပ်ဆဲလ်တိုင်းမ်)

 ကျော်စိန်ဝင်း၊ စီးပွားရေးသံမှူး၊ မြန်မာသံရုံး၊ ဘရပ်ဆဲလ်မြို့