ဂေဟစနစ်ကို အန္တရာယ်ဖြစ်စေနိုင်သည့် သေးငယ်သော ပလတ်စတစ်အမှုန်အမွှားများ (micro-plastics) ကို ကောက်ယူစုဆောင်းနိုင်သည် outboard motor ရေယာဉ်ပဲ့ချိတ် မော်တာတစ်မျိုးကို တီထွင်လိုက်ကြောင်း ဂျပန်နိုင်ငံမှ မော်တော်ကားကုမ္ပဏီတစ်ခုဖြစ်သည့် Suzuki Motor က ကြေညာခဲ့ပါသည်။
Suzuki Motor သည် စွန့်ပစ်ပလတ်စတစ်အမှိုက်များကြာင့် ကြုံတွေ့နေရသည့် ရေထုညစ်ညမ်းမှု ပြဿနာကို ကိုင်တွယ်ဖြေရှင်းရန် လွန်ခဲ့သည့်နှစ်များစွာကတည်းက လေ့လာစမ်းသပ်မှုများ ဆောင်ရွက်နေခဲ့ခြင်း ဖြစ်ပါသည်။ စက် ပစ္စည်းများ အအေးပေးရန် ရေတန်ချိန်ပေါင်းများစွာကို စုပ်ယူသည့် မော်တာစက်များကို အခြေခံကာ စဉ်းစားဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း Suzuki Motor က ပြောကြားခဲ့ပါသည်။
အမှိုက်များကို စစ်ထုတ်နိုင်ရန်အတွက် ရေပြန်ထုတ်သည့်နေရာတွင် အဆိုပါစက်ကိုတပ်ဆင်ထားပြီး ရေယာဉ်ပြေးဆွဲလိုက်သည်နှင့် ရေမျက်နှာပြင်တဝိုက်ရှိ ပလတ်စတစ်အမှုန်အမွှားများကိုပါ စုပ်ယူနိုင်မည်ဖြစ်ကြောင်း သိရပါသည်။ Suzuki ကုမ္ပဏီမှ ဝန်ထမ်းများသည် အောက်တိုဘာလ ပထမအပတ်အတွင်းက ရှီဇူအိုကာစီရင်စုဒေသရှိ ဟာမာနာရေကန်တွင် အဆိုပါစက်ကို စမ်းသပ်မောင်းနှင်ခဲ့ကြ ကြောင်း သိရပါသည်။ ပလတ်စတစ်အမှုန်အမွှားများအပြင် ရေညှိ၊ သဲနှင့် အခြားသော အရာများကိုပါ ၎င်းစက်က ကောက်ယူခဲ့ကြောင်း၊ ထိုစက်ကို လာမည့် ၂၀၂၁ခုနှစ်အတွင်း စျေးကွက်တင်ရောင်းချရန် ပြင်ဆင်နေပါကြောင်း Suzuki ကုမ္ပဏီက ပြောကြားခဲ့သည်။
စက်မှ ဖယ်ထုတ်လိုက်သည့် အမှိုက်သရိုက်များကို စွန့်ပစ်ရန် လိုအပ်သည်မှအပ ကျန်သည့်စက်ပိုင်းဆိုင်ရာ ဆောင်ရွက်မှုများသည် ပုံမှန်ပဲ့ချိတ်ရေယာဉ်များနှင့်ကွာခြားမှုမရှိကြောင်း၊ ထိုစက်ကို သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး လုပ်ငန်းစဉ်များတွင် အထောက်အကူပြုဆောင်ရွက်နိုင်ရန် မျှော်လင့်ထားကြောင်း ရေလုပ်ငန်းဆိုင်ရာ အကြီးအကဲ Osawa Yasuharu က ဆိုပါသည်။
နန္ဒာဝင်း၊ စီးပွားရေးသံမှူး၊ မြန်မာသံရုံး၊ တိုကျိုမြို့
