Main menu

Background

လစာနှင့် ဆုကြေးများကို ANA လျှော့ချဖြတ်တောက်မည်ဖြစ်ကြောင်း သိရ

Fri, 10/16/2020 - 12:51 -- journal_editor

ဂျပန်နိုင်ငံ၏ အဓိကလေကြောင်းလိုင်းကြီးတစ်ခုဖြစ်သည့် All Nippon Airways (ANA) သည် ဝန်ထမ်းများ၏လစာနှင့် ယခုနှစ်အတွက် ဆုကြေးငွေများကို လျှော့ချဖြတ်တောက်မည်ဖြစ်ကြောင်း သိရှိရသည်။

ANA လေကြောင်းလိုင်းသည်  ကိုရိုနာဗိုင်းရပ်ကပ်ရောဂါပြန့်ပွားမှုဂယက်ကြောင့် စီးပွားရေး အတန် ပင်ကျဆင်းနေပြီး  ပြီးခဲ့သည့် ဧပြီလမှ ဇွန်လအထိ သုံးလပတ်ကာလ အတွက် အမေရိကန် ဒေါ်လာတစ်ဘီလီယံခန့်အထိ အရှုံးပေါ်ခဲ့ ကာ သုံးလပတ်ကာလအတွက် အရှုံးပေါ်ခဲ့သည့် အမြင့်ဆုံးသော ပမာဏ ဖြစ်ကြောင်းသိရသည်။ နိုင်ငံတကာလေကြောင်း လိုင်းခရီးစဉ်လိုအပ်ချက်များသည် များမကြာမီ ကာလတွင် ပြန်လည်နာလန်ထူလာနိုင်မည့် အလားအလာများ နည်းပါးနေသေးသည့် အတွက် ANA အမှုဆောင်အရာရှိများက ဝန်ထမ်း ၁၅၀၀၀ ခန့်၏ လစာများကို လျော့ချရန်နှင့် ဆောင်းရာသီ အပိုဆု ကြေးငွေကို ဖြတ်တောက်ရန် စီစဉ်နေကြကြောင်း သိရပါသည်။

နှစ်ဦးပိုင်းက နွေရာသီဆုကြေးငွေဖြတ်တောက်ခဲ့မှုကိုပါ ထည့်တွက်လိုက်ပါက ဝန်ထမ်းများ၏ နှစ်ပတ်လည်ဝင်ငွေသည် စုစုပေါင်း ၃၀ ရာခိုင်နှုန်းခန့်အထိ လျော့ကျသွားမည်ဖြစ် ကြောင်း သိရသည်။ ပြီးခဲ့သည့် ဇူလိုင်လက ကျင်းပခဲ့သည့် သတင်းစာရှင်းလင်းပွဲတစ်ခု တွင် ANA Holdings ကုမ္ပဏီ၏ ဘဏ္ဍာရေးအရာရှိချုပ် Fukuzawa Ichiro က ဝန်ထမ်းများ၏  ပူးပေါင်းဆောင်ရွက်မှုကို တောင်းဆို ခဲ့ပြီး ၎င်းတို့အနေဖြင့်  ဝန်ထမ်းများဆက်လက်ခန့်ထားလိုကြောင်း ပြော ကြားခဲ့ပါသည်။ ထိုကဲ့သို့ ဖြတ်တောက်မှုသည် နှစ်ပေါင်း ၂၀ အတွင်း ပထမဦးဆုံးအကြိမ်ဖြစ်ပြီး လုပ်ငန်းပြန်လည်ဖွဲ့စည်းပြင်ဆင်မှုများ ဆောင်ရွက်ရန်အတွက် ကုန်ကျစရိတ်များကို ပိုမိုလျှော့ချရန် ကြိုးပမ်းသွားမည်ဖြစ်ကြောင်း ANA Holdings က ပြောကြားခဲ့ပါသည်။

နန္ဒာဝင်း၊ စီးပွားရေးသံမှူး၊ မြန်မာသံရုံး၊ တိုကျိုမြို့