Main menu

Background

သီတင်းတစ်ပတ်လျှင် ၃ ရက်အလုပ်ဆင်းခွင့်ပြုရန် Mizuho ပြင်ဆင်

Fri, 10/16/2020 - 13:00 -- journal_editor

ဂျပန်နိုင်ငံမှ Mizuho Financial Group ကုမ္ပဏီသည် ၎င်းတို့ကုမ္ပဏီမှ အချိန်ပြည့်ဝန်ထမ်း ၄၅၀၀၀ ခန့်အတွက် တစ်ပတ်လျှင် လေးရက်အထိ ခွင့်ယူလိုသူရှိပါက ခွင့်ပြုပေးနိုင်ရန် စီစဉ်နေကြောင်း သိရပါသည်။

အလုပ်ဆင်းသည့်နေ့ရက်  လျှော့ယူသည့် ဝန်ထမ်းများအနေဖြင့် အပိုဝင်ငွေရသည့် လုပ်ငန်းဆောင်ရွက်နိုင်သည့်အပြင်  မိသားစုဝင်များကို အချိန်ပေးကြည့်ရှုစောင့်ရှောက်လာနိုင်ခြင်းနှင့်  မိမိစိတ်ပါဝင်စားသည့် ပညာရပ်များသင်ယူ လေ့လာရန် အချိန်များရရှိလာနိုင်မည်ဖြစ်ကြောင်း ငွေကြေးနှင့်ဘဏ်လုပ်ငန်းကြီးတစ်ခုဖြစ်သည့် Mizuho က ပြောကြားခဲ့ပါသည်။

သို့သော် တစ်ပတ်လျှင် ၄ ရက် အလုပ်ဆင်းသောဝန်ထမ်းများ၏အခြေခံလစာကို ၂၀ ရာခိုင်နှုန်း လျှော့ချမည်ဖြစ်ပြီး တစ်ပတ်လျှင် ၃ ရက်သာ အလုပ်ဆင်းမည့်ဝန်ထမ်းများကို အခြေခံ လစာ၏  ၄၀ ရာခိုင်နှုန်းကို လျှော့ချမည်ဖြစ်ကြောင်း သိရပါသည်။ Mizuho ၏ အမှုဆောင်အရာရှိချုပ်များက အလုပ်သမားသမဂ္ဂ အရာရှိများနှင့် သဘောတူညီမှုရယူပြီးပါက လာမည့်ဒီဇင်ဘာလတွင် ယခုကဲ့သို့ ရွေးချယ်မှုများစတင် ဆောင်ရွက်နိုင်မည်ဟု သိရပါသည်။

စီးပွားရေးလုပ်ငန်းများအနေဖြင့် ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါ အခြေအနေနှင့် လိုက်လျောညီထွေ ရှိသည့် ပြုပြင်ပြောင်းလဲမှုများ ဆောင်ရွက်နေကြသည့်အတွက် နေအိမ်မှနေထိုင်ကာ Online မှ ချိတ်ဆက်၍ လုပ်ငန်းဆောင်ရွက်ခြင်းနှင့် ပြောင်းလွယ်ပြင်လွယ်ရှိသော အလုပ်လုပ်ချိန် သတ်မှတ် ဆောင်ရွက်ခြင်းများ တွင်ကျယ်လာနေပါသည်။

ရင်းမြစ်။ The Cabinet Office of Japan, METI, Japan, The Japan Times, The Japan News, The Yomiuri Shimbun., The Nikkei Asian Review.

  နန္ဒာဝင်း၊ စီးပွားရေးသံမှူး၊ မြန်မာသံရုံး၊ တိုကျိုမြို့