Main menu

Background

စက်တင်ဘာလအတွင်း တရုတ်နိုင်ငံ၏ ပို့ကုန်သွင်းကုန်အခြေအနေ

Fri, 10/16/2020 - 13:46 -- journal_editor

၂၀၂၀ ပြည့်နှစ် စက်တင်ဘာအတွင်း တရုတ်နိုင်ငံ၏ ပို့ကုန်မှာ ၉ ဒသမ ၉ ရာခိုင်နှုန်းမြင့်တက်လာပြီး သွင်းကုန်မှာ ၁၃ ဒသမ ၂ ရာခိုင်နှုန်းမြင့်တက်လာပါသည်။  ပို့ကုန်ပိုင်းတွင် နိုင်ငံခြားဈေးကွက်များ ပြန်လည်ဖွင့်လှစ်လာသဖြင့် တိုးတက်လာခဲ့သော်လည်း၊ အမေရိကန်ပြည်ထောင်စုနှင့် ဉရောပနိုင်ငံများတွင် ကိုရိုနာကပ်ရောဂါတကျော့ပြန် ခေါင်းထောင်လာခြင်းက ပြန်လည်မြင့်တက်လာသည့်ဝယ်လိုအားအပေါ် အနှောင့်အယှက် ဖြစ်စေဖွယ် ရှိနေပါသည်။

စက်တင်ဘာလအတွင်း တရုတ်နိုင်ငံ၏ ကုန်သွယ်ရေး ဆက်လက်ဖွံ့ဖြိုးလာသဖြင့် ပို့ကုန်ပိုင်း၌ ပြီးခဲ့သည့်မတ်လမှစ၍ အားအကောင်းဆုံး မြင့်တက်လာမှုနှင့် သွင်းကုန်ပိုင်း၌ ပြီးခဲ့ သည့် ဒီဇင်ဘာလမှစ၍ အားအကောင်းဆုံးမြင့်တက် လာမှုဖြစ်ကြောင်း တရုတ်အကောက်ခွန်ဌာနကပင် ကြေညာခဲ့ပါသည်။

စက်တင်ဘာလအတွင်း အမေရိကန်ပြည်ထောင်စုနှင့် ကုန်သွယ်ရေးတွင်  အမေရိကန်မှ တရုတ်သို့ တင်ပို့မှုတွင် ၂၄ ရာခိုင်နှုန်းမြင့်တက်လာပြီး  တရုတ်မှ အမေရိ ကန်သို့ တင်ပို့မှု တွင် ၂၀ ဒသမ ၃၆ ရာခိုင်နှုန်းမြင့်တက်လာပါသည်။ အမေရိကန်နှင့် ကုန်သွယ်ရေးပိုငွေမှာ အမေရိကန်ဒေါ်လာ ၃၀ ဒသမ ၇၅ ဘီလီယံရှိပါသည်။

အမေရိကန်မှာ တရုတ်သို့ တင်ပို့မှုမြင့်တက်လာမှု၌ စားနပ်ရိက္ခာတင်ပို့မှုများ ကြောင့်အဓိက ဖြစ်ပါသည်။ တရုတ်နိုင်ငံ၏ အမေရိကန်ပြည်ထောင်စုထံမှ ကောက်ပဲသီးနှံ တင်သွင်းမှုမှာ ယမန်နှစ်ကထက် ၃၅ ရာခိုင်နှုန်း၊ အသားတင် သွင်းမှုတွင် ၄၀ ဒသမ ၅ ရာခိုင်နှုန်း၊ ပဲပိစပ်တင်သွင်းမှုတွင် ၁၇ ဒသမ ၆ ရာခိုင်နှုန်းပိုမိုခဲ့ပါသည်။  ထိုသို့မြင့်တက်လာခြင်းမှာ တရုတ်-အမေရိကန် ကုန်သွယ်ရေးအငြင်းပွားမှုအား ဖြေရှင်းသည့် ပထမအဆင့် သဘော တူညီချက်အရ သတ်မှတ်ထားသော သွင်းကုန်ပမာဏပြည့်မီအောင် တရုတ်က တင်သွင်းနေ ရသည့် အပြင်  ၎င်းနိုင်ငံအတွင်း၌ ရေလွှမ်းမိုးမှုများနှင့် ရာသီဉတုဖောက်ပြန်မှုများကြောင့် ပြည်တွင်းစားနပ်ရိက္ခာထုတ်လုပ်မှုကို ထိခိုက်ခဲ့သဖြင့် ၎င်း အခြေအနေအားကာမိစေရန် ပိုမိုဝယ်ယူနေရခြင်းလည်း ပါဝင်ပါသည်။

တရုတ်နိုင်ငံမှ ပို့ကုန်များတိုးတက်လာမှုတွင် လျှပ်စစ်ပစ္စည်းများနှင့် စက်ပစ္စည်းများ တင်ပို့ရောင်းချခြင်းက အဓိကပါဝင်နေပါသည်။  ကမ္ဘာတစ်ဝန်းတွင် ကပ်ရောဂါကြောင့် ကျောင်းသားများနှင့် အလုပ်လုပ်သူများမှာ မိမိတို့နေအိမ်မှ ပင်လေ့လာခြင်း၊ လုပ်ငန်းဆောင်ရွက်ခြင်းများ ပြုလုပ်ရသည့်အတွက် လျှပ်စစ်ပစ္စည်းလိုအပ်ချက်များ ပိုမိုများပြားလာမှုက တရုတ်နိုင်ငံအား အကျိုးဖြစ်ထွန်းစေလျက်ရှိပါသည်။ ထို့ပြင် တစ်ကိုယ်ရည်ရောဂါ ကာကွယ်ရေးအသုံး အဆောင်များတင်ပို့မှုက စုစုပေါင်းတင်ပို့မှု၏ ၄၃ ဒသမ ၈ ရာခိုင်နှုန်းခန့် ရှိပါသည်။

အာဆီယံနိုင်ငံများနှင့် ကုန်သွယ်မှုမှာ ယခင်နှစ်ကထက် ၁၄ ဒသမ ၄ ရာခိုင်နှုန်း တိုးတက် လာပြီး ဉရောပနိုင်ငံများနှင့် ကုန်သွယ်မှုတွင်မှု ယခင်နှစ်ကထက် ၁၁ ဒသမ ၈ ရာခိုင်နှုန်း လျော့နည်းခဲ့ပါသည်။

ရင်းမြစ်၊ Scmp.com (၁၃-၁၀-၂၀၂၀)

 ဒေါက်တာရွှေစင်ကို၊ စီးပွားရေးသံမှူး၊ မြန်မာသံရုံး၊ နန်နင်းမြို