Main menu

Background

အိန္ဒိယနိုင်ငံ၌ ပဲစင်းငုံများတင်သွင်းခွင့်ပြုခဲ့သော်လည်း ဈေးနှုန်းများကျဆင်းဖွယ် မရှိကြောင်း ကုန်သည်များက ပြောဆို

Mon, 10/19/2020 - 15:22 -- journal_editor

အိန္ဒိယနိုင်ငံ၊ ကူးသန်းရောင်းဝယ်ရေးနှင့် စက်မှုဝန်ကြီးဌာန၊ ပြည်ပကုန်သွယ်ရေး ညွှန်ကြားမှု ဦးစီးဌာန (DGFT) သည် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အတွက်တင်သွင်းခွင့်ပြုမည့် ပဲစင်းငုံ၄ သိန်း အတွက် တင်သွင်းခွင့်လိုင်စင်များအား၆ လကျော်ကြာ ဆိုင်းငံ့ထားရာမှ ပြည်တွင်းရှိ ပဲခွဲစက် လုပ်ငန်းရှင်များသို့ ကိုတာခွဲဝေပေးမှုစာရင်းနှင့်အတူ ၁၅-၁၁-၂၀၂၀ နေ့ နောက်ဆုံးထား၍ အိန္ဒိယ ဆိပ်ကမ်းသို့အရောက် တင်သွင်းရမည်ဖြစ်ကြောင်းကို ၁၃-၁၀-၂၀၂၀ နေ့တွင် ၎င်း၏ဒေသဆိုင်ရာ DGFT ရုံးခွဲများသို့ အကြောင်းကြားစာထုတ်ပြန်ခဲ့ပါသည်။

          အဆိုပါ ကြေညာချက်ထွက်ရှိပြီးနောက်ရက်တွင်ပြည်တွင်း၌ ပဲစင်းငုံကြိတ်ခွဲထုတ်လုပ်သည့် အဓိအချက်အချာ နေရာဖြစ်သော မဟာရတ္ထပြည်နယ် Akola မြို့ရှိ လက္ကားဈေးကွက်တွင် ပဲစင်းငုံ တစ်ကီလိုဂရမ်လျှင် ၁၂၅ ရူပီးရှိရာမှ ၁၀၅ ရူပီးနှုန်းသို့ ကျဆင်းခဲ့ပါသည်။ သို့ရာတွင် ပဲကုန်သည် များက ဈေးနှုန်းကျဆင်းမှုမှာ ရေရှည်ကြာမြင့်ဖွယ်မရှိကြောင်း ပြောဆိုလျက်ရှိကြပါသည်။

          အိန္ဒိယ ပဲခွဲစက်လုပ်ငန်းရှင်များအသင်း၏ ဥက္ကဋ္ဌ Mr. Suresh Aggarwalက ပဲစင်းငုံများအား ၃၂ ရက်အတွင်း တင်သွင်းရန်မှာ အလွန်တိုတောင်းသည့် ကာလဖြစ်ကြောင်း၊ သွင်းကုန်လိုင်စင် ရယူ သည့်ကိစ္စကပင် အနည်းဆုံး ရက်သတ္တတစ်ပတ် ကြာမြင့်ကြောင်း၊ ထိုမျှသောကာလအတွင်း တင် သွင်းခွင့်ပြုသည့် ပဲစင်းငုံတန်ချိန် ၄ သိန်း၏ ၁၀% တင်သွင်းနိုင်ရန်ကိုပင် ခက်ခဲစွာလုပ်ဆောင်ရမည် ဖြစ်ကြောင်း၊ သို့ဖြစ်၍ ပဲစင်းငုံတင်သွင်းခွင့်အား ၂၀၂၁ ခုနှစ် မတ်လကုန်အထိ တိုးမြှင့်ပေးရန် အိန္ဒိယနိုင်ငံဝန်ကြီးချုပ်ထံသို့ ၎င်းတို့အသင်းမှ စာရေးသားပေးပို့ တောင်းဆိုထားကြောင်း ပြောကြား ပါသည်။ Akola မြို့မှ ပဲခွဲစက်လုပ်ငန်းရှင် Mr. Rupesh Rathi ကလည်း တင်သွင်းကာလ တိုတောင်း ပြီး ဒေဝါလီပွဲတော်ရာသီအချိန်အခါနှင့် တိုက်ဆိုင်လျက်ရှိရာ ကုန်ကြမ်းပြတ်လပ်မှု ဖြစ်ပေါ်နိုင်ပြီး အစိုးရအနေဖြင့် အရန်သိုလှောင်ထားရှိသည့် ပဲစင်းငုံများအား ဈေးကွက်အတွင်းသို့ ရောင်းချခြင်း မပြုလျှင် ဈေးနှုန်းများ ဆက်လက်မြင့်တက်ဖွယ်ရှိ‌ကြောင်း၊ ပြည်တွင်းမှ စိုက်ပျိုးထွက်ရှိသည့် သီးနှံ အသစ်များသည် အစောဆုံးအားဖြင့် ဒီဇင်ဘာလ ပထမပတ်ခန့်၌သာ ဈေးကွက်သို့ ရောက်ရှိနိုင်မည် ဖြစ်ကြောင်း၊ သို့ဖြစ်၍ အစိုးရသည် ကုန်စည်ပြတ်လပ်မှုရှိနိုင်သည့် ရက်ပေါင်း ၃၀ ခန့်ကာလအား စီမံခန့်ခွဲနိုင်ရန် လိုအပ်မည်ဖြစ်ကြောင်းပြောဆိုပါသည်။

          ယခုနှစ်မိုးသီးနှံရာသီ၌ ပဲစင်းငုံစိုက်ပျိုးထွက်ရှိမှုမှာ ပုံမှန်ထက်ပိုမိုဖွယ်ရာရှိသဖြင့် ပြည်ပမှ ဝယ်ယူတင်သွင်းခွင့်ပြုရန် အိန္ဒိယအစိုးရသည် တုံ့ဆိုင်းနေခဲ့ကြောင်း၊ နှစ်နိုင်ငံ အစိုးရချင်း သဘောတူစာချုပ်အရ မိုဇမ်ဘစ်နိုင်ငံထံမှ ပဲစင်းငုံများ ဝယ်ယူတင်သွင်းလျက်ရှိသော်လည်း ပဲရောင်းဝယ်မှု ဆိုင်ရာ ကျွမ်းကျင်သူများကမူ ပြည်တွင်းရှိ စားသုံးသူအများစုသည် အာဖရိကဒေသထွက် ပဲများအား နှစ်သက်မှုမရှိဟု ပြောဆိုကြကြောင်း၊ DGFTမှ သတင်းထုတ်ပြန်ခဲ့အပြီးတွင် မြန်မာနိုင်ငံ၌ ပဲစင်းငုံ တစ်တန်လျှင် ဒေါ်လာ ၆၅၀ ခန့်ရှိရာမှ ဒေါ်လာ ၈၀၀ အထိ ဈေးမြင့်တက်ခဲ့ကြောင်း၊ အခြားတစ်ဖက်တွင် ပြည်ပမှတင်သွင်းသည့် ပဲများ၏ဈေးနှုန်းမှာ အစိုးရကအနိမ့်ဆုံးထားရှိ ဝယ်ယူပေးမည့် အခြေခံရည်ညွှန်းဈေးနှုန်း၏ အောက်၌ရှိမည်ကို အိန္ဒိယတောင်သူလယ်သမားအဖွဲ့အစည်းခေါင်းဆောင်များက စိုးရိမ်မကင်းဖြစ်လျက်ရှိကြောင်းဖြင့် အိန္ဒိယ Economic Times သတင်းဌာနက ဖော်ပြသည်။

 

 

 

(နေအေးလွင်)

စီးပွားရေးသံမှူး

မြန်မာသံရုံး၊ နယူးဒေလီမြို့