Main menu

Background

Brexit နောက်ပိုင်းတွင် ဗြိတိန်နိုင်ငံသည် ပြည်ပရင်းနှီးမြှုပ်နှံမှု ၃၇ ရာခိုင်နှုန်း ဆုံးရှုံးနိုင်ကြောင်း စစ်တမ်းတစ်ရပ်မှဖော်ပြ

Fri, 10/23/2020 - 10:41 -- journal_editor

ဗြိတိန်နိုင်ငံအနေဖြင့် no-deal Brexit ဖြင့် အီးယူမှ ထွက်ခွာမည့်အခြေအနေများဆီသို့ ဦးတည်လျက်ရှိနေသဖြင့် ယင်းသို့ထွက်ခွာခဲ့ပါက ရလဒ်အနေဖြင့် ပြည်ပရင်းနှီးမြှုပ်နှံမှုတွင် သိသာ စွာဆုံးရှုံးမည့် အခြေအနေရှိနေကြောင်း University College London နှင့် London School of Economics တို့မှ လေ့လာမှုအစီရင်ခံစာတစ်ရပ်အရ သိရသည်။ ဗြိတိန်နိုင်ငံသို့ ပြည်ပနိုင်ငံများက ရင်းနှီးမြှုပ်နှံမှုများပြုလုပ်ရာတွင် နိုင်ငံတကာကုန်သွယ်မှုသမိုင်းကြောင်း ရှည်ကြာသည့်အချက်၊ မိတ်ဖက်များနှင့် ကျယ်ပြန့်သည့် ကွန်ရက်တည်ရှိမှု၊ ဘဏ္ဍာရေးကဏ္ဍကဲ့သို့သော ကဏ္ဍများစွာတွင် ခိုင်မာသောစက်မှုလုပ်ငန်းများတည်ရှိမှု စသည့်အချက်များစွာရှိသော်လည်း အဓိကကျသော အကြောင်းအရင်းတစ်ချက်မှာ အီးယူအဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံအဖြစ် ဗြိတိန်နိုင်ငံသည် ဥရောပသမဂ္ဂ ဈေးကွက်ကြီးတစ်ခုလုံးသို့ ဝင်ပေါက်သဖွယ်ဆောင်ရွက်ပေးနိုင်သည့် အချက်ဖြစ်ကြောင်း၊ သို့ရာတွင် ဗြိတိန်ခွဲထွက်မှုကိစ္စရပ်နောက်ပိုင်း အထူးသဖြင့် no-deal Brexit ဖြစ်ပေါ်ခဲ့ပါက အဆိုပါ အားသာချက်ကို ဆုံးရှုံးမည်ဖြစ်သည်ဟု လေ့လာမှုအစီရင်ခံစာက ဖော်ပြထားသည်။

            ၂၀၁၈ ခုနှစ်တွင် ဗြိတိန်နိုင်ငံသို့ FDI ဝင်ရောက်မှုတန်ဖိုးမှာ ယူရို ၅၄ ဒသမ ၅ ဘီလီယံရှိခဲ့ပြီး၊ အီးယူအဖွဲ့မှ ဗြိတိန်ထွက်ခွာပြီးချိန်တွင် အီးယူဘုံဈေးကွက်သို့ ဝင်ပေါက်အဖြစ်ဆောင်ရွက်ပေးနိုင် ခြင်းမရှိတော့သည့်အချက်ကြောင့် ယခင်က ဗြိတိန်နိုင်ငံသို့ ဝင်ရောက်သည့် ရင်းနှီးမြှုပ်နှံသူများ သည် အခြားနိုင်ငံများသို့ ပြောင်းရွှေ့လာနေကြခြင်းဖြစ်သည်။ လွန်ခဲ့သည့် နှစ် (၂၀) ကျော်က ဗြိတိန် နိုင်ငံသည် အီးယူတွင် ပြည်ပရင်းနှီးမြှုပ်နှံမှု (FDI) စီးဝင်မှုအများဆုံးဖြစ်ခဲ့ကြောင်း၊ အီးယူတစ်ခု တည်းသောဈေးကွက်နှင့် အကောက်ခွန်သမဂ္ဂသို့ ဝင်ရောက်ခွင့်ရရှိနေသည့်အချက်မှာ အရေးပါသည့် အချက်ဖြစ်ပြီး၊ Brexit နောက်ပိုင်းတွင် ဗြိတိန်သို့ FID စီးဝင်မှုသည် သိသိသာသာ ကျဆင်းမည် ဖြစ်ကြောင်း University College London မှ စီးပွားရေးပါမောက္ခဖြစ်သူ Nauro Campos က ပြောကြားသည်။

ရင်းမြစ်   (ဘရပ်ဆဲလ်တိုင်းမ်)

ကျော်စိန်ဝင်း၊ စီးပွားရေးသံမှူး

ဘရပ်ဆဲလ်မြို့